ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ ဇူလိုင်လဆန်းတွင် စတင်ကျင်းပနိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်က မျှော်မှန်းထားကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဇွန်လ ၁၉ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ခန်းမတွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ “ ကျနော်တို့ အကြမ်းဖျဉ်း လျာထားချက်ကတော့ လာမယ့် တတိယအကြိမ်အစည်းအဝေးကို ဇူလိုင်လ ဒုတိယအပတ်မှာစဖို့ လျာထားပါတယ်” ဟု ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောကြားသည်။
ထို့အတွက် ဇွန်လ၏ တတိယအပတ် သို့မဟုတ် နောက်ဆုံးအပတ်တွင် လုပ်ငန်းကော်မတီအစည်းအဝေးများ စတင်ကျင်းပရတော့မည်ဖြစ်ကြောင်း၊ အခြားသော နိုင်ငံရေးပါတီအစုအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များ အသီးသီးကလည်း ၎င်းတို့၏လုပ်ငန်းကော်မတီဆိုင်ရာများကို ကြိုတင်ပြင်ဆင်နေသည်ဟု သိရကြောင်း၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့ကလည်း လိုအပ်သည်ကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ယခုအစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်း ကပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေကလည်း ညီလာခံကို အမြန်ကျင်းပလိုကြောင်း၊ အစိုးရဘက်မှ ဇွန်လ ၃၀ ရက်တွင် ကျင်းပရန် အဆိုပြုထားပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ (EAOs)ဘက်မှ ဇူလိုင်လ ၁၀ ရက်တွင် ကျင်းပရန် အဆိုပြုထားကြောင်း၊ ကျန်ရှိသည့်ရက်သတ္တပတ်များတွင် ကျန်ရှိသည့် နိုင်ငံရေးပါတီ၊ EAOs တို့နှင့် ဆက်လက်ဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
“ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်(EAOs) တွေ အဆိုပြုတဲ့ရက်နဲ့ အစိုးရအဆိုပြုတဲ့ရက်နဲ့ ကြားထဲလောက်မှာ ညှှိုနှုှိင်းပြီးတော့ အခုဇွန်လကုန်လောက် ဇူလိုင်လထဲမှာပဲ ညီလာခံ ကျင်းပဖြစ်မှာပါ။ သေချာတာကလည်း ဒီရက်လောက်ကို ထွက်ဖို့အတွက် ဒါပြင်ဆင်တဲ့ အနေနဲ့ သုံးရက်တာ အလုပ်ရုံဆွေးနွေးပွဲလုပ်တာ ဖြစ်ပါတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။
၃ရက်ကြာကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုုင်ငံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးစသည့် ကဏ္ဍကြီးငါးရပ်ကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့နောက် အစိုးရ လွှတ်တော် တပ်မတော်အစုအဖွဲ့သာ မက နိုင်ငံရေးပါတီအစု၊ တိုင်းရင်းသားလက်နက်ကိုင်အစုများဖြင့် ညီလာခံ၏ ပြဋ္ဌာန်းထားသည့် မူဘောင်၊ ဗျူဟာအတိုင်းဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဒုတိယအကြိမ်အစည်းအဝေးနှင့် ထပ်မံကျင်းပမည့် တတိယအကြိမ်အစည်းအဝေးအကြားတွင် မွန်လူမျိုးအလိုက် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲနှင့် CSO ဖိုရမ်တခု ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် အဆိုပါဆွေးနွေးပွဲနှင့် ဖိုရမ်တို့မှ တင်ပြချက်များမှာ အသစ်တိုးလာစရာရှိကြောင်း ဦးခင်မောင်ဇော်က ပြောကြားသည်။
“ယခင်လက်ကျန်စုစည်းချက်များနဲ့ အခုအသစ်တိုးလာမယ့် အချက်တွေရယ်ကိုပေါင်းလိုက်မယ်ဆိုရင် လာမယ့် တတိယအကြိမ်ကျင်းပမယ့် ညီလာခံအတွက်ကို ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံကျင်းပနိုင်မယ့်အနေအထားမျိုးရှိပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများမှ အတွင်းရေးမှူးများ၊ လုပ်ငန်းကော်မတီများမှ ကော်မတီဝင်များ၊ ဖိတ်ထားတဲ့ ညီလာခံ ကိုယ်စားလှယ်အချို့၊ တိုင်းရင်းသားအစုများ၊ အခြားပါဝင်သင့်ပါဝင်ထိုက်သူဖြင့် စုစုပေါင်း လူတစ်ရာခန့် တက်ရောက်ဆွေးနွေးခဲ့သည်။