သတင်း

ကချင်တွင် ခိုးဆိုးလုယက်မှု ကျူးလွန်သူ အများစုမှာ လူငယ်များဖြစ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ယခုနှစ် ၆ လတာ အတွင်း ဖြစ်ပွားသည့် ခိုးဆိုးလုယက်မှုများတွင် ကျူးလွန်သူ အများစုမှာ လူငယ်များ ဖြစ်ကြကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဇန်နဝါရီလမှ ဇွန် ၁၀ ရက် အထိ မြစ်ကြီးနားမြို့ပေါ်၌ ဖြစ်ပွားသော ခိုးမှုပေါင်း ၅၁ မှုတွင် အသက် ၁၅ နှစ် နှင့် ၃၀ကြား ကျူးလွန်သူ ၄၇ ဦးရှိပြီး လုယက်မှု ၃ ခုတွင်လည်း လူငယ်များသာ ကျူးလွန်ကြကြောင်း ရဲတပ်ဖွဲ့၏ စာရင်းတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ သင်းလွင်က “ကချင်ပြည်နယ်မှာ ခိုး ဆိုး လုယက်မှုတွေ များလာတာ အဓိက ကတော့ မူးယစ်ဆေးဝါးကြောင့် ဖြစ်တယ်။ မူးယစ်ဆေးဝါး ပြတ်နေတဲ့အချိန် ယင်းထ တာကြောင့် ဘာမဆို လုပ်မိတာ ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

မြစ်ကြီးနားမြို့၌ ဆိုင်ကယ်ဖြင့် လူငယ်အမျိုးသားများ အုပ်စုဖွဲ့ လုယက်မှုများ၊ ဓားထောက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိကာ ၂၀၁၈ ခုနှစ်အတွင်း အကြီးမားဆုံး လုယက်မှုများမှာ ဇန်နဝါရီလအတွင်း လူငယ် ၄ ဦးက မြို့လယ်ဈေးရှိ ကမ္ဘောဇဘဏ်ကို အနုကြမ်းစီးပြီး ငွေကျပ်သိန်း ၉၂၀ ကျော်ကို လုယုသွားမှု ဖြစ်ပွားခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့က သိရသည်။

ထို့ပြင် ဧပြီလ အတွင်း၌ မြို့လယ် ရပ်ကွက်တခုရှိ ကျော်မြန်မာ ရွှေဆိုင်အား လူငယ်အမျိုးသား ၂ ဦးက အနုကြမ်းစီးကာ ရွှေချိန် ၂ ပိဿာခန့် လုယုသွားသည့် အမှု ဖြစ်ပွားခဲ့ကြောင်းလည်း ဆိုသည်။

ဖေဖော်ဝါရီလက မြစ်ကြီးနားမြို့ အတွင်း မကြာခဏ လုယက်မှုများ ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ပျိုးလူမှု အဖွဲ့အစည်းက မြစ်ကြီးနားမြို့၌ ဖိုရမ်တရပ်ပြုလုပ်ကာ ပြည်သူလူထုများ၊ ရဲတပ်ဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများကို ခေါ်ယူ ဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။

ယင်းအဖွဲ့၏ စာရင်းဇယား အရ လုယက်မှု ဖြစ်ပွားရခြင်းက မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ စားဝတ်နေရေး မပြေလည်ခြင်း၊ လောင်းကစား ပြုလုပ်ခြင်း တို့ကြောင့် ဖြစ်သည်ဟု သိရသည်။။

လုယက်မှုများ ကြုံတွေ့လာပါက လှည့်ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့များနှင့် ဆက်သွယ်ရန် အရေးကြီး ဖုန်းနံပါတ်များကို လည်း မြို့တွင်း၌ ဆိုင်းဘုတ်များနှင့် စိုက်ထူထားသဖြင့် ဆက်သွယ်ပေးကြရန် ရဲမှူးသန်းဦးက ဧရာဝတီ သို့ ပြောဆိုထား သည်။

စစ်ဘေးရှောင် စခန်းများနှင့် စစ်ဘေးရှောင် အမျိုးသမီးများကို အကူအညီပေးနေသည့် ထွယ်ဂျန်ဒါ ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဒေါ်နန်ပူကလည်း ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာပြီး စခန်းများတွင် နေထိုင်နေရသည့် လူငယ် များမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးပြီး စခန်းများတွင်သာ နေထိုင်ကြရသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး မူးယစ် ဆေးဝါး သုံးစွဲကာ ခိုးဆိုးလုယက် ပြုလုပ်လာကြ သူများလည်း ရှိလာကြောင်း ပြောသည်။

ဒေါ်နန်ပူက ၇ နှစ်တာ တိုက်ပွဲကာလအတွင်း နေအိမ်များသို့ မပြန်နိုင်ဘဲ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည် ဟု ပြောသည်။

ဒေါ်နန်ပူက “ယောကျာၤးလေးတွေ ကျတော့ စာကို စိတ်မဝင်စားဘူး။ စိတ်မဝင်စားတော့ ကျောင်းထွက်ပြီး မူးယစ်ဆေးဝါး သုံးစွဲတယ်။ အခု လုယက်မှုနဲ့ ဖမ်းဆီးခံရတဲ့ ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ကချင်ကလေးတွေ ဖြစ်တယ်။ စစ်ရှောင်စခန်း (IDP camp) က လူတွေဖြစ်နေတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းတွင်း မူးယစ်ဆေးဝါး သုံးစွဲပြီး လုယက်မှု၊ ခိုးမှု ကျူးလွန်ပြီး ဖမ်းဆီးခံရသူများမှာ အသက် ၁၃ နှစ်နှင့် ၁၆ နှစ်အတွင်း လူငယ်များ ဖြစ်သည် ဟုလည်း ဒေါ်နန်ပူ က ပြောသည်။

မြစ်ကြီးနားမြို့ အတွင်းရှိ ဂျန်မိုင် စစ်ရှောင်စခန်း တာဝန်ခံ Rev. ထွယ်အောင် က ခိုးမှုတခုတွင် ၎င်း၏ စခန်းအတွင်း ကလေးငယ်များ ပါဝင်သည့် ဖြစ်စဉ် ရှိခဲ့သော်လည်း ထိုသူများမှာ စခန်းအနီးရှိ ရွာများမှ မိဘက လက်မခံသည့် ကလေး များနှင့် အိမ်မှ ပျောက်ဆုံးတာ ကြာပြီဖြစ်သည့် ကလေးများသာ ဖြစ်ကြောင်း ဆိုသည်။

“ဒီလို စစ်ရှောင်လာတယ်ဆိုတာကလည်း ဖြစ်ချင်လို့ ဖြစ်လာတာမဟုတ်ဘူး။ ဒါပေမယ့် အများရဲ့အမြင်မှာ ကျတော့ စစ်ရှောင်တွေရှိလို့ဆိုတဲ့ အမြင်ရှိလာတယ်။ တကယ်ဆိုရင် စစ်ရှောင်ဖြစ်လာရခြင်းရဲ့ အရင်းအမြစ်ကို ရှာဖို့လိုတယ်” ဟု စခန်းရှိ ကလေးငယ်များအား ပြစ်တင်ပြောဆိုမှုနှင့် ပတ်သက်ပြီး ၎င်းက ပြောသည်။

အဆိုပါ ပြစ်မှုကျူးလွန်သော ကလေးငယ်များသည် စိတ်ပိုင်းဆိုင်ရာ အနာတရ ရှိမှုနှင့် မိဘများ၏ ဂရုမစိုက်မှုများ ကြောင့် ဟု Rev.ထွယ်အောင် က ဆက်ပြောသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး “ဒါတွေအားလုံးက ကိုယ့်အစိုးရ တရပ်မှာပဲ တာဝန်ရှိတယ်။ အစိုးရနဲ့ အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရမယ့် အနေအထား ဖြစ်ပါတယ်” ဟု အင်ဂျန်းယန် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန် က ဆိုသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့က မူခင်းကျဆင်းရေးနှင့် ပတ်သက်ပြီး မူခင်းကျဆင်းရေး ပညာပေးဟောပြော ဆွေးနွေးခြင်း၊ မူခင်း ပညာပေး ယာဉ်ဖြင့် လှည့်လည်ပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ထိရောက် ဟန့်တားလောက်သော ကြိုတင်ကာကွယ်မှုများ ဖမ်းဆီအရေးယူခြင်း၊ ထိရောက်သော ပြစ်ဒဏ်ရရှိရေး အမှုခိုင်မာစွာ တည်ဆောက်ပြီး တရားစွဲ တင်ပို့ ခြင်း၊ နေ့/ည လှည့်ကင်း/ဝပ်ကင်း/ရပ်ကင်းများ ဆောင်ရွက်ခြင်းတို့ အပြင် ပြစ်မှုကျူးလွန်တတ်သူများအား စာရင်းပြုစု၍ စောင့်ကြည့်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Loading