အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းက Torajan တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဓလေ့ထုံးစံအတိုင်း ပြုလုပ်ခဲ့တဲ့ အသုဘ အခမ်းအနားတခုမှာ မိခင်ဖြစ်သူရဲ့ ခေါင်းတလားကို ထမ်းပိုးသယ်ယူခဲ့တဲ့ အသက် ၄၀ အရွယ်၊ သားဖြစ်သူ Samen Kondorurua ကို အခေါင်းပိမိပြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပေါ်ခဲ့ပါတယ်။
Pariding တောင်ကြားမှာ နေထိုင်တဲ့ Torajan လူမျိုးပေါင်း ၅ သိန်းအနက် National Geographic ရဲ့ စစ်တမ်းတွေအရ အများစုဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပေမယ့် သူတို့ရဲ့ ဝမ်းနည်းမှု အထိမ်းအမှတ်ပွဲတွေကိုတော့ Sulawsei ကျွန်းရဲ့ ဘိုးဘေးဘီဘင်တွေ အစဉ်အလာအတိုင်း လိုက်နာဆောင်ရွက်လေ့ ရှိကြပါတယ်။
သူတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေအရ အသုဘ အခမ်းအနားကို ဒေါ်လာထောင်ပေါင်းများစွာ အကုန်အကျခံ ကျင်းပလေ့ ရှိကြပြီး ယဇ်ပူဇော်ပွဲ၊ သောက်ပွဲစားပွဲတွေနဲ့ သီချင်းဆို ကခုန်ပြီး ကျင်းပလေ့ရှိကြတာပဲ ဖြစ်ပါတယ်။
ထုံးတမ်း အစဉ်အလာတွေအရ သေဆုံးသူရဲ့ခေါင်းတလားကို မိသားစုဝင်တွေက ခေါင်းတလား ထားရှိမယ့် Lokkian ဆိုတဲ့ မျှော်စင်ပေါ်ကို ထမ်းပိုးသယ်ယူကြရတာ ဖြစ်ပြီး အခုဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ မျှော်စင်ပေါ်ကို တက်နေတုန်းမှာ လှေကားကနေ မတော်တဆ ခြေချော်ပြီး ပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ ဒေသခံရဲတွေက ဆိုပါတယ်။
၁၀ ပေ အမြင့်ကနေ ခေါင်းတလားဟာ အထိန်းအကွပ်မဲ့ ပြုတ်ကျလာတာ ဖြစ်ပြီး အဆိုပါ အသုဘ အခမ်းအနားကို တက်ရောက်လာသူ အားလုံး ထိတ်လန့်တကြား ဖြစ်ခဲ့ကြရပါတယ်။ ခေါင်းတလားကို ထမ်းပိုးသယ်ဆောင်ခဲ့သူ အားလုံးက Samen Kondorurua ကို ကူညီဖို့ ကြိုးစားခဲ့ပေမယ့် ဆေးရုံကို သွားရာလမ်းမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
Ref ; washingtonpos