သတင်း

ရန်ကုန်လေဆိပ် - ဆူးလေ အထူးယာဉ်လိုင်း ဇွန် ၂၂ ရက် စတင်ပြေးဆွဲမည်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆူးလေသို့ Airport shuttle အထူးယာဉ်လိုင်းကို ဇွန်လ ၂၂ ရက်၌ စတင် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း Omni Focus ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်း က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ သောကြာနေ့ (ဇွန် ၂၂) စပြီး ကနဦး ကားအစီးရေ ၃၀ နဲ့ ပြေးဆွဲမှာဖြစ်တယ်။ ယာဉ်စီးခ အနေနဲ့ တဦးကို ကျပ် ၅၀၀ နဲ့ ကောက်ခံသွားမယ်။ လေဆိပ်ထဲမှာ မှတ်တိုင်လုပ်နေတာ မပြီးသေးဘူး။ မှတ်တိုင်တွေပြီးမှ ကျနော်တို့ တရားဝင် အစည်းဝေး ထိုင်ပြီး ဖွင့်ပွဲဘာတွေ ဆုံးဖြတ်ပေးပါမယ်။ အခုကတော့ စမ်းသပ် ပြေးဆွဲတာပါ” ဟု ၎င်းက ပြော သည်။

အဆိုပါ Omni Focus ကုမ္ပဏီ က ပြေးဆွဲမည့် ယာဉ်လိုင်း ခရီးစဉ် လမ်းကြောင်းမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် က စတင်မည်ဖြစ်ပြီး ယင်းမှတဆင့် လေဆိပ်လမ်း-ရှစ်မိုင်-ကမ္ဘာအေးဘုရားလမ်း-ချော်တွင်းကုန်း- မြကျွန်းသာ- ရွှေဂုံတိုင်-ကန်တော်ကြီး -ဗဟန်းဦးထောင်ဘို အဝိုင်း-တိရစ္ဆာန် ဥယျာဉ်လမ်း- အလံပြ ဘုရားလမ်း- သမ္မတ ရုပ်ရှင်ရုံ- ဆူးလေ- ဘူတာ ကြီး ၌ ခေတ္တ ရပ်နားသွားမည် ဖြစ်ကြောင်း ဦးထွန်းတောက်ဝင်း က ဆိုသည်။

“ရပ်မယ့် မှတ်တိုင်တွေကတော့ ဟိုတယ်ကြီးတွေနဲ့ ဈေးဝယ်စင်တာ၊ ပန်းခြံတွေ ဒီနေရာတွေလောက်မှာပဲ ရပ်မှာ ဖြစ် တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ယင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆူးလေ (ရန်ကုန် ဘူတာကြီး) သို့ Airport shuttle အထူးယာဉ်လိုင်း ယာဉ် အစီးရေ ၅၀ နှင့် ပြေးဆွဲရန် စီစဉ်ထားသော်လည်း ကားရပ်နားရန် နေရာအခက်အခဲ ဖြစ်နေခြင်းကြောင့် အစီးရေ ၃၀ နှင့် စတင် သွားမည် ဟု ဦးထွန်းတောက်ဝင်း က ပြောသည်။

“ကားတွေက လမ်းဘေးမှာရပ်မှာဆိုတော့ ယာဉ်ရပ်နားတဲ့ အခါ အခက်အခဲရှိတယ်။ ကျနော်တို့ ကားဝင်းတွေဘာတွေ လုပ်ဦးမယ်။ လေဆိပ်ကနေ ပြေးတဲ့ ယာဉ်က ဆူးလေ၊ ရန်ကုန် ဘူတာကြီးမှာ ပြီးဆုံးမှာပါ။ အခု ပြေးဆွဲနေတဲ့ YBS ယာဉ် သစ်တွေနဲ့ပဲ ပြေးဆွဲမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ခရီးသည်များ အတင်အချ ပြုလုပ်ရန် အတွက် လေဆိပ်၌ မှတ်တိုင် ၂ ခုတည်ဆောက်နေပြီး လေဆိပ် Terminal 1,3 ကြားတွင် တခုနှင့် ပြည်တွင်း ဆိုက်ရောက် ထွက်ခွာဂိတ်တွင် တရားဝင် ရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ်သွားမည် ဖြစ်ကြောင်း Omni Focus ကုမ္ပဏီမှ သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်မည်ဆိုပါက ဘတ်စ်ကား အဆင့်ဆင့် စီးရသဖြင့် အချိန်ကုန်ပြီး Taxi ငှားလျှင်လည်း ငွေကုန်ကြေးကျများသဖြင့် ယခုကဲ့သို့ တိုက်ရိုက်ပြေးဆွဲပေးပါက ပိုမို လွယ်ကူ အဆင်ပြေစေမည် ဖြစ် ကြောင်း ခရီးသည်များက ပြောသည်။

“လေဆိပ်ကို ဆင်းမယ်ဆိုရင် ဘတ်စ်ကား စီးဖို့လည်း မလွယ်ဘူး။ အဆင့်ဆင့် စီးရတာနဲ့ အထုပ်တွေနဲ့ဆိုတော့။ ကားငှား ရင်လည်း ပိုက်ဆံ ၇ ထောင် ၈ ထောင် လောက်ပေးရတယ်။ အခုလို တိုက်ရိုက်ပြေးဆွဲတော့ ဆူးလေ သွားစီးလိုက်ရင် ငွေ ကုန် တော်တော်ကို သက်သာပြီး အချိန်ကုန်လည်း သက်သာသွားမယ်။ မှတ်တိုင်တွေမှာ အကြာကြီး မရပ်ဖို့တော့ လိုတာ ပေါ့” ဟု သာကေတမြို့နယ်တွင် နေထိုင်သော အင်ဂျင်နီယာ တဦး ဖြစ်သူ မစုမြတ် ကဆိုသည်။

ယင်း လေဆိပ် မှတ်တိုင်များမှာ ယခုလကုန်၌ ပြီးစီးနိုင်မည် ဖြစ်ပြီး လေဆိပ်-ဆူးလေ ခရီးစဉ် အပြင် ထပ်မံတိုးချဲ့သွားမည့် ယာဉ်လမ်းကြောင်းများလည်း ရှိကြောင်း ကုမ္ပဏီက သိရသည်။

လက်ရှိ၌ Omni Focus ကုမ္ပဏီမှ ရန်ကုန်ဘတ်စ်ကား(YBS) ယာဉ်လိုင်း ၂၀၊ ၂၇၊ ၅၆၊ ၈၃ တို့ကို ပြေးဆွဲနေသည်။

Loading