ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင်း Oriental Spa အမည်ရှိ အလှပြင်ဆိုင်၌ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် နေ သည်ဆိုသော တရုတ်နိုင်ငံသား ၁၉ ဦးကို ဗီဇာစည်းကမ်း ဖောက်ဖျက်မှု လဝက ဥပဒေ ပုဒ်မ ၄(၂)/၁၃(၁) ဖြင့် ဆက်လက် တရားစွဲဆို သွားရန်ရှိကြောင်း သိရသည်။
“သူတို့ဗီဇာက စီးပွားရေးဗီဇာ (Business visa)။ လုပ်တာက တခြားလုပ်ငန်းပေါ့နော်။ ဗီဇာ စည်းကမ်း ဖောက်ဖျက်မှုနဲ့ လဝက ကနေပြီးတော့ အမှုဖွင့်ထားပါတယ်။ အဲဒီအမှုကို တရားစွဲဖို့အတွက် အကြံတောင်း တင်ထားပါတယ်။ အကြံတောင်း ပြန်ကျတာနဲ့ ဆက်ပြီးတော့မှ တရားစွဲသွားမှာပါ”ဟု တောင်ဥက္ကပလာပ မြို့နယ်စခန်းမှူး ဒုရဲမှူး ရွှေဌေး က ပြောသည်။
ပြီးခဲ့သည့် မေ ၂၂ ရက်တွင် တိုင်းရဲတပ်ဖွဲ့မှူးနှင့် တောင်ဥက္ကလာရဲစခန်းမှတပ်ဖွဲ့ဝင်များက တောင်ဥက္ကလာပမြို့နယ် အမှတ် ၈ ရပ်ကွက်၌ Oriental Spa အမည်ဖြင့် လုပ်ငန်းလိုင်စင်မရှိဘဲ အလှပြင်ဆိုင်ဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေ ကြောင်း သတင်းရရှိ၍ ဝင်ရောက်ဖမ်းဆီးခဲ့သည်။
တရုတ်နိုင်ငံသား (ကျား ၂ ဦး၊ မ ၁၇) ၁၉ ဦးအပါအဝင် စုစုပေါင်း ၂၈ ဦးကို ဖမ်းဆီးမိခဲ့ပြီး တရုတ်နိုင်ငံသူ ၁၇ ဦးကို ပြည့် တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃(က)/(ခ)၊ မန်နေဂျာ တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် ၁၁ ဦးကို ပြည့် တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅(၁)ဖြင့် ဇွန် ၆ ရက်က တောင်ဥက္ကလာမြို့နယ် တရားရုံး၌ တရားစွဲတင်၍ စတင် စစ်ဆေးခဲ့သည်။
တရားစွဲခံထားရသည့် ပြည့်တန်ဆာပုဒ်မဖြင့် ပြစ်မှုထင်ရှားပါက တနှစ်အောက်မနည်းသော အလုပ်ကြမ်းနှင့် ထောင် ဒဏ် (သို့) သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ် ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ထပ်မံစွဲဆိုမည့် လဝက ဥပဒေအရဆိုလျှင် ပုဒ်မ ၄(၂)အရ မြန်မာနိုင်ငံမှ နှင်ထုတ်စေရန် နိုင်ငံတော် သမ္မတက ညွှန်ကြား ပါက နှင်ထုတ်ခြင်း ခံရမည်ဖြစ်ပြီး ၁၃(၁)အရ အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၅ နှစ် အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ စီရင်ခြင်းခံရမည်ဟု ၁၉၄၇ မြန်မာ နိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေတွင် ဖော်ပြထားသည်။
ယနေ့ ဇွန် ၂၀ ရက်သည် Oriental Spa အမှု၏ ဒုတိယအကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး တရားလိုဖြစ်သူ တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ် တင့်လွင်ဦးကို စစ်ဆေးကြောင်း သိရသည်။
“ကျနော်ကတော့ ဖမ်းဆီးရမိချိန်က တွေ့ရှိခဲ့တာတွေကို ပြန်ပြောပြတယ်။ သူတို့ရဲ့ရှေ့နေကတော့ သူတို့မှာအပြစ်မရှိ ကြောင်း ပြန်ပြောတာပေါ့” ဟု ရဲအုပ်တင့်လွင်ဦးက ပြောသည်။ဖမ်းဆီးရမိခြင်းမရှိသေးသည့် Oriental Spa ပိုင်ရှင်နှင့် ပတ်သက်၍ ဒုရဲမှူးရွှေဌေးကို မေးမြန်းရာ “တရားခံဖမ်းမိဖို့ ဆောင် ရွက်တုန်းပါ။ သက်ဆိုင်ရာရဲစခန်း၊ လေဆိပ်တို့ကို အကြောင်းကြားထားပါတယ်။ တရားခံကို ဖမ်းဝရမ်းထုတ် ထားပါတယ်။ တရားခံပြေးကြေညာဖို့လည်း ရှိပါတယ်” ဟု ပြောပြသည်။
ပြည့်တန်ဆာခေါင်းလုပ်သည်ဆိုကာ ပုဒ်မ ၅(၁)ဖြင့် တရားစွဲဆိုခံထားရသူများအနက် မြန်မာနိုင်ငံသားအမျိုးသမီး ၄ ဦး အတွက် အမှုလိုက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးမြင့်သန်းက ၎င်း၏အမှုသည်များသည် Oriental Spa အလုပ် ခေါ်စာကို အွန်လိုင်းမှတဆင့် တွေ့ရှိလျှောက်ထားပြီး အစမ်းခန့်အဖြစ် လစာ ကျပ် ၂ သိန်းခွဲဖြင့် လာရောက် လုပ်ကိုင်နေသည် မှာ ရက်ပိုင်းမျှသာရှိသေးကြောင်း ပြောသည်။
“ကျနော့်ကိုအပ်တဲ့ ၄ ယောက်စလုံးသည် တကယ့်ရိုးသားတဲ့ အလုပ်သမားတွေပဲ။ ဘာမှတောင် မသိဘူး။ လစာလည်း တပြားတချပ်မှ မရသေးဘူး။ ဒီအချင်းကိစ္စတရပ်လုံးမှာ ထဲထဲဝင်ဝင် ပါဝင်စရာအကြောင်းမရှိဘူးလို့ သုံးသပ်တယ်” ဟု လည်း ၎င်းက ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ယင်းအမျိုးသမီး ၄ ဦးသည် လားရှိုး၊ ကွတ်ခိုင်တို့မှ လာရောက်လုပ်ကိုင်နေသူများဖြစ်ပြီး တောင်ဥက္ကလာပ မြို့နယ် ၁၁ ရပ်ကွက်တွင် အိမ်ငှားနေထိုင်သည်ဟု ဆိုသည်။
ပုဒ်မ ၅(၁)ဖြင့် တရားစွဲခံထားရသူများအနက်တွင် Oshin သန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျာ ၁ ဦးနှင့် သန့်ရှင်း ရေးလုပ်သား ၂ ဦး စုစုပေါင်း အမျိုးသား ၃ ဦးပါဝင်ကြောင်းလည်း သိရသည်။
တတိယ အကြိမ်မြောက် ရုံးချိန်းကို လာမည့် ဇူလိုင် ၄ ရက်တွင် ချိန်းဆိုထားသည်။