သတင်း

သူရ ဦးရွှေမန်း ပါတီ အသစ်ထောင်မှာလား

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတခု ထူထောင်ထားနိုင်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီတရပ် ထူထောင်ပြီး မြန်မာနိုင်ငံရေးမှာ ဆက်လက် ပါဝင်ဖို့ အစီအစဉ်မျိုး ရှိတယ် ဆိုပြီး သတင်းစကားတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ကာယကံရှင်ဖြစ်သူ ကိုယ်တိုင်ကတော့ အဲဒီကိစ္စကို မငြင်းသလို အတည်ပြုခြင်းလည်း မရှိသေးပါဘူး။

မေလလယ်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ “သူ၊ ကျနော်နဲ့ မြန်မာ့ နိုင်ငံရေး” စာအုပ် မိတ်ဆက်ပွဲမှာ သတင်းထောက်တဦးရဲ့ ပါတီ တရပ်ထူထောင်သွားမလားဆိုတဲ့ မေးခွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်းလည်းဖြစ်သူ သူရ ဦးရွှေမန်းက “ပါတီ မထောင်ဘူး”လို့ လုံးဝ မငြင်းဆိုခဲ့ပါဘူး။

သူရဦးရွှေမန်းက “ပါတီထောင်တဲ့ ရည်ရွယ်ချက်က ဘာလဲ။ ရည်ရွယ်ချက်ကို ကြည့်ရမယ်။ ပြီးတဲ့အခါမှာ နိုင်ငံနဲ့ နိုင်ငံသား အကျိုး စီး ပွားအတွက် လိုအပ်မယ်ဆိုရင်တော့ ကျန်းမာသရွှေ့လုပ်မယ်။ ဆိုတဲ့နေရာမှာ ဘယ်ပုံစံနဲ့ ဘယ်စခန်းနဲ့ ဆိုတာကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်နေပါတယ်”လို့ ဖြေဆိုခဲ့ပါတယ်။

သူရ ဦးရွှေမန်းဟာ ၁၉၆၅ ခုနှစ်၊ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ ကို တက်ရောက်ခဲ့သူ တဦး ဖြစ်ပြီး တပ်မတော်မှာ ၂၀၁၀ ပြည့်နှစ် အထိ ဗိုလ်ချုပ်ကြီး အဆင့်နဲ့ ကြည်း၊ ရေ၊ လေ ညှိနှှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ တဦး ဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီကို ကိုယ်စားပြုပြီး ဇေယျသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဌ ဘဝကနေ သန်းခေါင်ယံ အာဏာသိမ်းပွဲလို့ နာမည်ကြီးတဲ့ ဖြစ် စဉ်နဲ့ ရာထူးက ဖြုတ်ချခံရပြီး ရွေးကောက်ပွဲကို သာမန် ပါတီဝင်တဦး အနေနဲ့ ဖြူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။

အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးထားတဲ့ ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်လျက်ရှိသလို သူ့ကော်မတီဟာ ရှေ့နေချုပ်ရုံးလိုမျိုး သဘောထားမှတ်ချက်ပြုတဲ့နေရာမှာ အရေးပါတဲ့ အထူးကော်မရှင်တခုအဖြစ် အခုအစိုးရလက်ထက်မှာ သြဇာကြီးပါတယ်။

ဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး နိုင်ငံရေးအရလည်း ခိုင်မာတဲ့ မဟာမိတ်တွေလို့ ဆိုလို့ ရပါတယ်။ ဥပဒေပြုရေးရာနဲ့ စီမံအုပ်ချုပ်ရေးကဏ္ဍတွေမှာ ဦးရွှေမန်းရဲ့ လူတွေကို ဒေါ်အောင်ဆန်းစုကြည် အားကိုးတာ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ထင်ရှားပါတယ်။

သူရ ဦးရွှေမန်းနဲ့ အလွန်နီးစပ်သူ ဗိုလ်ချုပ်ဟောင်း ဦးကိုကိုနိုင်က သူရ ဦးရွှေမန်းဟာ ပါတီတခုခုထဲကိုပဲ ဝင်ရောက်ပြီး နိုင်ငံရေး ဆောင် ရွက်မှာလား၊ ရှိပြီးသား ပါတီတခုခုထဲကိုပဲ ဝင်ရောက် ပူးပေါင်းပြီး ဆောင်ရွက်မှာလား။ ဒါမှမဟုတ် သီးခြားပါတီတခုပဲ တည်ထောင်ပြီး ဆောင်ရွက်မှာလား၊ သို့မဟုတ် အုပ်ချုပ်ရေးပိုင်းသို့ ပါဝင် ဆောင်ရွက်မှာလားဆိုသည်မှာ တိတိကျကျ မသိရသေးဟု ဧရာဝတီသို့ ပြော သည်။

အထူးကော်မရှင် အဖွဲ့ဝင်လည်းဖြစ်သူ ၎င်းက “လက်ရှိ နိုင်ငံရေး အခြေအနေထက် မကြာမီမှာ ထပ်ပြီးတော့ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေအပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်မယ်လို့ ကျနော်မြင်ပါတယ်။ အခုချိန်မှာတော့ ဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာမျိုး ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောတာမျိုး မရှိသေးပါဘူး”ဟု ပြောသည်။

သူရ ဦးရွှေမန်းဟာ ပရိတ်သတ်ရှိပြီး အတိုင်းအတာ တခုအထိ လူကြိုက်များခြင်း၊ ပါတီတရပ် ထူထောင်နိုင်သည့် ငွေကြေးအင်အား၊ အရင်းအမြစ်များ ရှိနေတာကြောင့် သူ့အနေနဲ့ ပါတီတရပ် ထူထောင်မယ်ဆိုရင် ဖြစ်နိုင်သလို သန်းခေါင်ယံ အာဏာသိမ်းပွဲ အပြီးက တည်းက ပါတီတရပ် ထူထောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

“လူထု ထောက်ခံမှု ရချင်ရင်တော့ အရင် ပြည်ခိုင်ဖြိုးရဲ့ ချို့ယွင်းချက် အားနည်းချက်တွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ အမှားအယွင်း မရှိအောင် လုပ်နိုင်တယ်၊ လုပ်မယ်ဆိုရင် အဲလို ကတိတွေ ပေးပြီးတော့ ပါတီကို တည်ဆောက်နိုင်လို့ ရှိရင်တော့ သူ့နိုင်ငံရေးပါတီက ဘာပဲဖြစ်ဖြစ် ထောက်ခံမှုတွေ ရလာနိုင်တယ်”ဟု ဦးရဲထွန်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီမှာ တပ်မတော်နှင့် အလွန် နီးကပ်လွန်းခြင်း၊ အကျင့်ပျက် ခြစားသည်ဟု နာမည်ထွက်ခဲ့သူများသည် လက်ရှိ ပါတီအတွင်း အစိုးရခေတ် အဆက်ဆက်မှ ယနေ့အချိန်အထိ ပါဝင်လာခြင်းတို့ကြောင့် လူထုက ဘဝင် မကျဘဲ ရွေးကောက်ပွဲမှာ ပြန်နိုင်ဖို့ မဖြစ်နိုင်ဘူး ဟု ယုံကြည်သူ ဗိုလ်ချုပ်ဟောင်းများအား ဦးရွှေမန်းက ကြံ့ခိုင်ရေးမှ ဖဲ့ထုတ်နိုင်စွမ်း ရှိ မရှိ စောင့်ကြည့်ရမည်။

ရန်ကုန်မြို့မှာ သတင်းစာဆရာ ဦးသီဟသွေးကမူ လက်ရှိ ကြံ့ခိုင်ရေးပါတီမှ အင်အားစုတချို့ သူရ ဦးရွှေမန်းဘက်သို့ ရောက်နိုင်သော်လည်း ပါတီတရပ် ထူထောင်လိုက်ပါက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ယခုလို အဆင်ပြေနိုင်မည် မဟုတ်ကြောင်း သုံးသပ်သည်။

ဦးသီဟသွေးက “သူ ချိန်ဆမယ် ထင်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားက သူ့(ဦးရွှေမန်း)အတွက် အရေးကြီးတယ်။ ဟိုက သူ့ကို အကာအကွယ် ပေးထားတာ။ အဲဒါ လွတ်သွားရင် သူ့အတွက် အခြေအနေ မကောင်းနိုင်ဘူး။ သူ ပါတီထောင်တာနဲ့ ပါတီ ပါတီချင်း ဆက်ဆံရေးဖြစ်သွားရင် သူနဲ့ ဒေါ်စုကြားမှာ အများကြီး အဟန့်အတားတွေ ဖြစ်နိုင်တယ်။ ပါတီ အချင်းချင်း ဆက်ဆံရေးမူ သူ့( ဒေါ်အောင်ဆန်းစုကြည်) မှာ မရှိဘူး” ဟု ပြောသည်။

သူရ ဦးရွှေမန်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ ပါတီထောင်မယ်ဆိုရင်လည်း ကူဖို့ လူအင်အား အဆင်သင့် ရှိသလို မထူထောင်သေးဘူးဆိုရင်လည်း ၎င်းကို ဆက်လက် ဝန်းရံသွားမှာ ဖြစ်ကြောင်း၊ အခုလည်း အထူးကော်မရှင်ကို ဌာနစုံက အငြိမ်းစား အရာရှိတွေ၊ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားပြီး လွှတ်တော်ကို အဓိက ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးနေကြောင်း ဒီသတင်းရေးသားဖို့ စုံစမ်းမေးမြန်းစဉ် ဧရာဝတီကို ပြောဆိုပါတယ်။

Loading