“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ထိန်းချုပ်နယ်မြေအတွင်းရှိ သတ္ထုတွင်း၌ လူ ၇ ဦးကို ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားသူအား ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးရာတွင် ပါဝင်သူများကို လူ့အခွင့် အရေးချိုးဖောက်မှု၊ မတရားညှင်းပမ်း နှိပ်စက်မှုတို့ဖြင့် ဖမ်းဆီးထားကြောင်း သတင်းရ သည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မန်းမိုင်ဆိုင်မြို့သတ္ထုတွင်းတတွင်း၌ မူးယစ်ဆေး အလွန်အကျွံသုံးစွဲထား သူတဦးက လူ ၇ ဦးကို ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားခြင်းဖြစ်ပြီး၊ ၎င်းအားဖမ်းဆီးရာတွင် အမျိုးသား ၇ဦးနှင့် အမျိုးသမီး ၂ဦးတို့က ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးပြီး နှိပ်စက်သည့်အတွက် ၀ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။
UWSP ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရမ်း က “ဆေးကြောင်ပြီး အပေါင်းအသင်း တွေကို ဓားနဲ့လိုက်ခုတ်တော့ အချင်းချင်း တွေကပဲ ဝိုင်းဝန်းဖမ်းပြီးမှ ရဲရောက်မလာခင်အမျိုးမျိုး ရိုက်နှက်နှိပ်စက်တာလေ။ ရဲရောက်လာတော့ ရဲက ဒဏ်ရာရတဲ့ ဥစ္စာကို ဆေးကုပေး တာတို့ဘာတို့ လုပ်တယ်။ ပြီးမှ သူ့ကို ဝိုင်းရိုက်တဲ့သူတွေအားလုံးကို ပြန်ဖမ်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တရားခံအား ဝိုင်းဝန်းရိုက်နှက်သူ ၉ ဦးကို မန်လင်းခရိုင် (ဝိန်းကောင်) ရဲစခန်းမှ စစ်ဆေးနေပြီး “ဝ” ပြည်ရာဇဝတ်မှုခင်းဆိုင်ရာ တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဓားဖြင့်အခုတ်ခံခဲ့ရသော သတ္ထုတွင်းလုပ်သား ၇ ဦးမှာ သေဆုံးသူမရှိဘဲ ရရှိထားသော ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေရသည်။
ထိုလူ ၇ ဦးကို ဓားဖြင့်ခုတ်ခဲ့သော တရားခံမှာ ဝိုင်းဝန်းဖမ်းဆီးသူများ လက်ချက်ဖြင့် ရရှိသော ဒဏ်ရာများကြောင့် ဆေးကုသမှု ခံယူနေရပြီး ၎င်းကိုလည်း “ဝ” တပ်ဖွဲ့က တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ UWSA သည် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊နားဖန်း၊ မက်မန်း၊ ပန်ဆန်းမြို့နယ် ၆ မြို့နယ်ကို ခရိုင် ၂ ခုခွဲကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည်။
UWSA သည် ၁၉၈၉ ခုနှစ်မှ စတင်ကာ တပ်မတော် အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သည်။
ထို့ပြင် အစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ် ရေးထိုးရန် ကမ်းလှမ်းထားသော်လည်း လက်မှတ်မထိုးရေး၊ စာချုပ်အသစ် ဖော်ဆောင်ပေးရေး၊ တစ်ဖွဲ့ချင်း မဆွေးနွေးဘဲ မြန်မာ-တရုတ် နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသော FPNCC ဖြင့်သာ တွေ့ဆုံ ဆွေးနွေးရေး မူဝါဒ ချမှတ်ထားသည်။