သတင်း

ကျူးကျော်များကို အကြမ်းဖက် နှင်ထုတ်ခြင်း မပြုရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း လှိုင်သာယာရှိ စက်မှုဇုန်များတွင် နေထိုင်ကြသော ကျူးကျော်များက အကြမ်းဖက်နှင်ထုတ်ခြင်း မပြုလုပ်ရန် အပါအဝင် အချက် ၆ ချက်ကို တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ Orchid Hotel တွင် ဇွန် ၂၀ ရက်က ဗေဒါ လူမှုဖွံ့ဖြိုးရေး အဖွဲ့နှင့် လှိုင်သာယာ မြို့နယ်ရှိ ကျူးကျော် ပြည်သူများ က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ တောင်းဆိုခြင်း ဖြစ်သည်။

ဗေဒါလူမှုဖွံ့ဖြိုးရေး အဖွဲ့မှ အစီအစဉ် ညှိနှိုင်းရေးမှူး စောကဲဇာ က “ကျူးကျော် ပြဿနာဖြေရှင်းမယ်လို့ စပြီး စဉ်းစားတဲ့ ဝန်ကြီးချုပ်တွေထဲမှာ သူပါတယ်။ ဒါကို ကျနော်တို့ ကြိုဆိုတယ်။ သို့သော်လည်း စိတ်ကောင်း နှလုံးကောင်းရှိပေမယ့် ဖြေရှင်းပုံ လွဲသွားရင် အဖြေရမှာ မဟုတ်ဘူး။ အဲဒီတော့ သူ့အနေနဲ့ဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေ ပညာရှင်တွေ ရပ်ရွာ လူထုတွေနဲ့ ပူးပေါင်းပြီးတော့မှ ဒါကို အဖြေ ရှာသင့်တယ်လို့ ပြောလိုပါတယ်” ဟု ပြောသည်။

ကျူးကျော် ပြည်သူများ၏ တောင်းဆိုချက်များမှာ အကြမ်းဖက် နှင်ထုတ်ခြင်း မပြုလုပ်ရန်၊ လက်ရှိနေရာတွင် အဆင့်မြင့် နေထိုင်ခြင်းအား ဦးစားပေး စဉ်းစားပေးရန်၊ ပြောင်းရွှေ့ပေးမည် ဆိုပါကလည်း လက်ရှိနေရာနှင့် အနီးဆုံး နေရာတွင်သာ နေရာ ချထားပေးရန် စသည်တို့ ဖြစ်သည်။

ထို့ပြင် အစိုးရအနေဖြင့် ကျူးကျော်ပြဿနာအား ဖြေရှင်းသည့်အခါ အစိုးရ တဖွဲ့တည်း ဖြေရှင်းခြင်း မဟုတ်ဘဲ အစိုးရ အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပညာရှင်များ ရပ်ရွာခေါင်းဆောင်များနှင့် ပူးပေါင်းပြီး ပူးတွဲကော်မတီ တရပ် ဖွဲ့စည်းကာ ကျူးကျော် ပြဿနာအား အတူတကွ ပူးပေါင်းဆောင်ရွက်ရန်၊ အစိုးရအနေဖြင့် မြို့ပြဆင်းရဲသားများ (ကျူး ကျော်) အတွက် အိမ်ရာရန်ပုံငွေ တရပ် ထားရှိပေးရန်နှင့် အစိုးရအနေဖြင့် မိမိတို့လမ်းများတွင် အမှိုက်သိမ်း ဝန်ဆောင်မှု ပေး ရန် စသည်တို့ကို တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုချက်များကို လွှတ်တော် ကိုယ်စားလှယ်က တဆင့် ဝန်ကြီးချုပ်ထံသို့ တင်ပြသွားမည်ဟု သိရသည်။

စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးတွင် ကျူးကျော်များ ရှင်းလင်းရေးသည် အရေးကြီးသည့် အတွက် အရှိန်အဟုန်ဖြင့် လုပ် ဆောင်နေကြောင်း တိုင်းလွှတ်တော်၌ အစိုးရအဖွဲ့ဝင် ဒေါ်နီလာကျော်ပြောကြားခဲ့မှုနှင့် ပတ်သက်၍ အင်အားသုံး ရှင်း လင်းမည်ကို စက်မှုဇုန်တွင် နေထိုင်နေကြသည့် ကျူးကျော် ပြည်သူများက စိုးရိမ်လျက် ရှိကြောင်း သိရသည်။

“ဒီသတင်းကို ကျနော်တွေ့တဲ့ အချိန်ကစပြီး စိုးရိမ်ပူပန်ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကျူးတွေကြောင့် စက်မှု ဇုန် အဆင်မြှင့်တင်ရေး နှောင့်နှေးရတယ် ဆိုတာတော့ တကယ်မဖြစ်သင့်ပါဘူး။ ကျနော်တို့ ကျူးတွေဟာ နေရာ အသီးသီး က ဘဝအခြေအနေ အမျိုးမျိုးကြောင့် ရောက်လာပြီး နေထိုင် စားသောက်နေကြတာပါ။ ကျူးတွေကို အမှိုက် တခုလိုပဲ အားလုံး မြင်နေကြတာလား”ဟု လှိုင်သာယာ စက်မှုဇုန် (၂) ဦးရေပေါ်လမ်းတွင် နေထိုင်သူ ဦးဇာနည်က ပြောသည်။

မေ ၃၁ ရက်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၌ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က လှိုင်သာယာ စက်မှုဇုန်များအပါအဝင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် မည်ကဲ့သို့ လုပ်ငန်း စဉ်များ ချမှတ် အကောင်အထည် ဖော်နေခြင်း ရှိ/မရှိ ကို မေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်ကို လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ကျူးကျော် များပြား ခြင်းသည် အဓိကပြဿနာ ဖြစ်နေခြင်း၊ ကျူးကျော်တဲများ များပြားစွာ ရှိနေခြင်းကြောင့် အမှိုက်နှင့် ရေမြောင်း ပိတ်ဆို့ခြင်း ကို ဆောင်ရွက်ရန် အခက်အခဲများ ရှိကြောင်း ပြန်လည် ဖြေဆိုသည်။

ကျူးရှင်းလင်းရေးသည် စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးတွင် အရေးကြီးပြီး တပြိုင်နက်တည်း ဆောင်ရွက်ရမည့် လုပ်ငန်း များဖြစ်သည့် အတွက် အချိန်အတိအကျ မပြောနိုင်သော်လည်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြောင်း ဒေါ်နီလာကျော် က ဆက်လက် ဖြေကြားသွားသည်။

ကျူးကျော်ဖြစ်လာရပုံကို မေခလမ်း၌ နေထိုင်သည့် ဦးမြသန်းက “ဧရာဝတီတိုင်းမှာ ၂၀၀၈ နာဂစ်မုန်တိုင်း ဖြစ်ပြီးတော့ ကျနော် တို့မှာ ဆုံးရှုံးမှုတွေ အားလုံး ဖြစ်ခဲ့ပါတယ်။ လယ်ယာမြေတွေ ပျက်စီးပြီးတော့ လုပ်လို့မရပါဘူး။ စားဝတ်နေရေး အတွက်ကို ဘာမှ ကုန်းကောက်စရာ မရှိအောင် လုပ်စရာ မရှိတဲ့အတွက် လက်ရှိနေရာကို ရောက်လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကျူးကျော်နေထိုင်သူများ အနေဖြင့် ရပ်ကွက်အတွင်း အမှိုက်များကို သိမ်းဆည်းကြသော်လည်း ပစ်ရမည့်နေရာ မရှိခြင်း နှင့် ၎င်းတို့ နေထိုင်ရာ နေရာများသို့ စည်ပင်မှ အမှိုက်သိမ်း ဝန်ဆောင်မှု မပေးခြင်း စသည့် အခက်အခဲများလည်း ရှိနေ ကြောင်း စောကဲဇာ က ပြောသည်။

“တကယ်တော့ ကျူးကျော်တွေက သူတို့ရပ်ကွက်ကို သူတို့ကြိုးစားပြီးတော့ သန့်ရှင်းရေး လုပ်တယ်။ ဒါပေမယ့် ပြဿနာ က သူတို့မှာ အမှိုက်သိမ်း ဝန်ဆောင်မှုတွေ မရှိဘူး။ အမှိုက်ပစ်ရမယ့် နေရာတွေ မရှိဘူး။ အမှိုက်တွေ သိမ်းပြီး ကောက်ပြီး ပြီ ဆိုရင် ဘယ်မှာပစ်ရမယ် မသိဖြစ်နေတာ၊ ဒါကလည်း ပြဿနာ တခုပေါ့”ဟုလည်း ၎င်းက ပြောဆိုသည်။

ဗေဒါ လူမှုဖွံ့ဖြိုးရေး အဖွဲ့သည် လှိုင်သာယာ မြို့နယ်ရှိ စက်မှုဇုန်များတွင် နေထိုင်ကြသော ကျူးကျော် ၅ ရပ်ကွက်ဖြစ် သည့် မေခလမ်း၊ မင်းကြီး မဟာမင်းခေါင်လမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ဦးရေပေါ်လမ်း၊ မင်းဧရာလမ်း တို့တွင် ရှိသည့် အိမ်ခြေ ၅၀၀ ခန့်ကို စုစည်းလေ့လာခဲ့သော အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading