သတင်း

မွန်ပြည်နယ် ရေကြီးမှု ကျပ် သိန်း ၆ ထောင်ကျော် ဆုံးရှုံး

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့ အပါအဝင် မြို့နယ် ၇ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆုံးရှုံးမှုမှာ ငွေကျပ်သိန်း ၆ ထောင်ကျော် ရှိနိုင်ဟု ခန့်မှန်းထားကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က ပြောသည်။

“ပျက်စီးဆုံးရှုံးမှု အနေနဲ့ နေအိမ်တွေ ပြိုကျတာရယ် ခြံစည်းရိုး အုတ်တံတိုင်းတွေ ပြိုလဲတာ အများဆုံး ဖြစ်ပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ငွေပမာဏမှာ ကျပ်သိန်း ၆၄၀၀ ခန့်ရှိမည်ဟု မွန်ပြည်နယ် အစိုးရက ခန့်မှန်းထားကြောင်း သိရသည်။

ဇွန် ၁၇ ရက်က မိုးရေချိန် လက်မမှာ ၁၃ ဒသမ ၇၀ အထိ ရောက်ရှိခဲ့သဖြင့် ရေကြီးရေလျှံ ဖြစ်ပေါ်ရာ ခုနှစ်မြို့နယ်၌ မော်လမြိုင်နှင့် ရေးမြို့နယ်တို့မှာ ရေကြီးရေလျှံမှု အဆိုးဝါးဆုံး ဖြစ်ပြီး ယင်းနေ့က ပြည်နယ်တခုလုံး၌ ရေဘေး ကယ် ဆယ်ရေး စခန်း ၄၃ ခု ဖွင့်လှစ် ခဲ့ရကြောင်း ဦးမြင့်သန်းဝင်း က ရှင်းပြသည်။

ရေကြီးရေလျှံ ဖြစ်ပွားခြင်းကြောင့် ပြည်နယ်တခုလုံး၌ အိမ်ခြေပေါင်း ၃၅၀၅ အိမ်၊ အိမ်ထောင်စုပေါင်း ၂၂၁၀ စုမှ ရေဘေးသင့် လူဦးရေ ၇၄၀၇ ဦးတို့ကို တဦးလျှင် တရက် ၂၁၀၀ ကျပ်နှုန်းဖြင့် ဆန်ဖိုး ၇ ရက်စာ ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန၊ မွန်ပြည် နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်မိမိစံ က ပြောသည်။

မိုးသည်းထန်မှုကြောင့် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်မြတ်ကြီး အရှေ့ဘက်ဘုရား စောင်းတန်းမှ နတ်နန်းများ၊ အနောက်ဘက် မုခ်ဦးဘေး မြေသားနံရံများ ပြိုကျပျက်စီးပြီး ရင်ပြင်ပေါ် ကြမ်းခင်းများ၊ အရှေ့ဘက် ဓာတ်လှေကား လျှောက်လမ်းများ ပျက်စီးရသည့် အပြင် တိုးချဲ့ဆောက်လုပ်ထားသည့် ရင်ပြင်တော် အောက်ခြေ ကွန်ကရစ်တိုင် အချို့မှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည်။

ယင်းစေတီ အရှေ့ဘက်မုခ် တောင်ပြိုမှုကြောင့် တောင်ခြေရှိ ဘုန်ကြီးကျောင်း အဆောင်များလည်း ပြိုပျက်ရကြောင်း ရန်ကုန်ကျောင်းတိုက် ဆရာတော် ဦးကုသလ က ဧရာဝတီသို့ မိန့်ကြားသည်။

ပြိုကျခဲ့သော ကျိုက်သလ္လံတောင် ရှေ့ဘက်မုဒ် မြေသားနေရာမှာ ကျိုက်သလ္လံတောင်ပေါ်မှ စွန့်ပစ်အမှိုက်များ ပစ်ချထား သည့် ညောင်ပင်အောက်မှ မြေသားနံရံများ ပြိုကျခဲ့ခြင်းကြောင့် ယင်း ညောင်ပင်ပါ ပြိုလဲသွားကြောင်း သိရသည်။

ကျိုက်သလလ္လံ စေတီ ရင်ပြင်ကို ပြန်လည်ပြုပြင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘိလပ်မြေအိတ် ၁ ထောင် နှင့် လှူဒါန်းငွေများ ပေးအပ်ခဲ့ပြီး တပ်မတော်မှ လူအင်အား၊ နည်းပညာ၊ ပစ္စည်းများ ပံ့ပိုး ကူညီပေးသွားမည် ဟု ဇွန် ၁၉ ရက်က လာရောက်ကြည့်ရှုစဉ် ပြောဆိုသွားကြောင်းကို ကျိုက်သလ္လံ ဂေါပက အဖွဲ့ဝင် ဦးကျင်မောင် က ဆိုသည်။

မွန်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ရေဘေးနှင့် ပတ်သက်၍ “အုပ်ချုပ်တဲ့သူရယ်၊ ပြည်သူရယ် အားလုံး တက်ညီလက်ညီ ပေါင်းလုပ်ရင် ဘယ်အခက်ခဲမဆို ကျော်လွန်နိုင်ပါတယ်။ ဒါ ကျနော်တို့ရဲ့ ယုံကြည်ချက်ပါပဲ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ထို့ပြင် သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းဝင်း တောင်ရိုးတန်း တောင်စောင်းတွင် တည်ဆောက်နေသော ငါးထပ် အဆောက်အဦ၏ အောက်ခြေ တောင်စောင်း မြေသားနံရံများမှာ ဇွန် ၁၇ ရက်၌ တောင်ခြေရှိ လူနေအိမ်နှင့် တောင်ကြား သို့ မြေပြိုကျမှုများ ရှိခဲ့သဖြင့် မြေသားနံရံများ ထပ်မံပြိုကျမည်ကို စိုးရိမ်နေရကြောင်း စစ်ကဲကုန်း ရပ်ကွက် တောင်ရိုး တန်းလမ်းနေ ဒေါ်မြလေး က ဆိုသည်။

ယင်းတောင်စောင်း၌ တည်ဆောက်နေသည့် ငါးထပ် အဆောက်အဦနှင့် တောင်စောင်းသည် ၁၀ ပေဝန်းကျင်သာ မြေသား ကျန်ရှိနေပြီး မြေထိန်းနံရံများ မရှိသဖြင့် တောင်ခြေကပ်လျက်၌ နေအိမ်များစွာ ရှိနေခြင်းကြောင့် မြေထိန်းနံရံ များနှင့် ရေစီးရေလာကောင်းသည့် ရေဆင်းမြောင်းများ ပြုလုပ်ပေးစေလိုကြောင်း တောင်ခြေတွင် နေထိုင်သည့် ဒေါ်ခတ္တာအောင် က ပြောသည်။

“ကျမတို့ ဘဲကုန်းက ဒီတခေါက် ပိုဆိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချောင်း၊ မြောင်းက ကျဉ်းတယ်လေ။ ခါတိုင်းက ရေကြီး ပေမယ့် ဒီလောက်ထိ မကြီးဘူး။ လူတွေက မြေကြီးတွေ ချောင်းဘက်မှာ ဖို့ဖို့ပြီးတော့ မြေခိုးကြတယ်။ ချောင်းတွေ၊ မြောင်း တွေ တိမ်ကောသွားပြီး မရှိတော့ဘူး။ ရေဆင်းမယ့် လမ်းကြောင်းလည်း မရှိဘူး။ ဒါကြောင့် ရေမကျတာ” ဟု မော်လမြိုင် လှိုင်နယ်မြေ၊ ဘဲကုန်းရပ်ကွက်နေ မမြသွင် က ဆိုသည်။

မော်လမြိုင်မြို့နယ်တွင် ရေကြီးခြင်းကြောင့် မြွေကိုက်ခံရ၍ ဗိုက်ကြီးသည် တဦး သေဆုံးခဲ့ပြီး မုဒုံမြို့နယ်တွင် မိသားစု လိုက် ရေထဲမျောပါမှုများ ဖြစ်ပွားခဲ့ရာ မိသားစုဝင် နှစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း လတ်တလော သတင်းများ အရ သိရ သည်။

ရေးမြို့နယ် ရေကြီးမှုနှင့် ပတ်သက်၍ ရေးမြို့ဒေသခံ ဦးအောင်နိုင်ဝင်းက “၁၇ ရက်ကဆို ကျေးရွာ နှစ်ရွာ၊ ရက်ကွက် ၇ ခု လွှမ်းတာ၊ လွန်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်အတွင်းမှာ အမြင့်ဆုံး တက်ခဲ့တဲ့ ရေချိန်ပေါ့” ဟု ပြောသည်။

ရေးမြို့နယ် ရေကြီးရခြင်း အကြောင်းရင်းမှာ ရေးမြစ်ဖျားရှိ ဒေသများမှာ မိုးရွာသွန်းမှုများခဲ့၍ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး ရေပြန်ကျချိန်တွင် ရပ်ကွက်၊ ကျေးရွာများရှိ ကျူးကျော် ဆောက်လုပ်ကြသည့် နေအိမ်၊ အဆောက်အဦများကြောင့် ရေမြောင်းနေရာများ ပျောက်ကွယ်လာခြင်းနှင့် မြောင်းများတွင် အမှိုက်များ ပိတ်ဆို့နေခြင်း တို့ကြောင့် ရေပြန်ကျရန် နှောင့်နှေးခဲ့သည်ဟု ၎င်း ကြုံရသည်များကို သုံးသပ်ပြောသည်။

မိုးရာသီ ကာလများ၌ ကျိုက်မရော မြို့နယ်အတွင်း နှစ်စဉ် ရေကြီးမှုများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ ကာကွယ်နိုင်ရန် မြစ်ချောင်း ၆၆ ခုကို ရေနုတ်မြောင်းများ တူးဖော်ပေးရန် လိုအပ်နေပြီး ယင်းရေနုတ်မြောင်းများ တူးဖော်မှုအတွက် နှစ်စဉ် ဘတ်ဂျက်ငွေ အများဆုံး ခွဲဝေသုံးစွဲရန် ပြည်နယ်အစိုးရ အနေဖြင့် စီစဉ်ထားကြောင်းကို ဇွန် ၁၄ ရက်က ကျင်းပသည့် ငြိမ်း ချမ်းရေး စကားဝိုင်းတွင် ပြည်သူတဦး၏ မေးမြန်းချက်ကို မွန်ပြည်နယ် အစိုးရ အဖွဲ့ စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင် ဆက် သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး က ဖြေကြားသွားသည်။

ဇွန် ၁၈ ရက်တွင် အချို့နေရာများသည် ရေပြန်ကျသွား သဖြင့် ကယ်ဆယ်ရေး စခန်း ၁၃ ခုကို ပြန်လည် ရုတ်သိမ်းခဲ့ကာ ဇွန် ၁၉ ရက်၌ ထပ်မံ၍ စခန်း ၂၉ ခုကို ပြန်လည်ပိတ်ခဲ့ပြီး ဇွန် ၂၀ ရက်တွင်မူ ရေဘေး ကယ်ဆယ်ရေး စခန်း တခုသာ ကျန်ရှိတော့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

Loading