ရန်ကုန်တိုင်း အစိုးရက ရန်ကုန်မြစ် အနောက်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန် မြို့သစ်စီမံကိန်း အတွက် အဆိုပြုထားသော နေရာ၏ သင့်တော်မှုနှင့် ပတ်သက်၍ မြို့ပြစီမံကိန်းပညာရှင်များက မေးခွန်းထုတ်ခဲ့ကြပြီး ထိုနေရာသည် အမြင့်ဆုံးနေရာ၌ ပင်လယ်ရေ မျက်နှာပြင်၏ အထက် ၁၅ ပေ နီးပါးသာရှိကြောင်း သတိပေးလိုက်သည်။
ပြည်ထောင်စု အစိုးရက ပြည်နယ်/တိုင်း အစိုးရများသို့ ချထားပေးသည့် ဖွံ့ဖြိုးရေး ရံပုံေငွေမှ အမေရိကန်ဒေါ်လာ ၇.၅ သန်း ကို အရင်းအနှီးပြု၍ ရန်ကုန်တိုင်း အစိုးရက ရန်ကုန်မြို့သစ်တည်ဆောက်ရေး ကုမ္ပဏီ(NYDC) ကို မတ်လအတွင်း စတင် တည်ထောင်ခဲ့သည်။ အဆိုပါကုမ္ပဏီသည် ယခင်အစိုးရလက်ထက်က ပွင့်လင်းမြင်သာမှု မရှိ၍ ဝေဖန်ခံခဲ့ရသော ကြည်မြင်တိုင် တဖက်ကမ်းရှိ အငြင်းပွားဖွယ်ရာ မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်ထည်ဖော်ဆောင်ရွက်ရေး ကြီးကြပ် ရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစီမံကိန်းကို ယခင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ မှ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ အစိုးရသက်တမ်းကုန်ဆုံးသည့် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မတိုင်မီ တပတ်ပင် မလိုတော့သည့် အချိန်၌ ကတိုက်ကရိုက် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။
ဤစီမံကိန်းကို ရန်ကုန်မြို့သစ်ဟု ခေါ်မည် ဖြစ်ပြီး စီမံကိန်း အားလုံး ပြီးစီးသည့် အချိန်တွင် မြို့သစ်သည် စင်ကာပူ၏ ၂ ဆ ကျယ်ဝန်း လမ့်မည် ဖြစ်ကြောင်း NYDC က ထုတ်ပြန်ခဲ့သော ကြေညာချက် တစောင်အရ သိရသည်။
အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဌ အဖြစ် Yoma Strategic Holdings မှ အိမ်ခြံမြေ လုပ်ငန်းရှင် Mr. Serge Pun ခေါ် ဦးသိမ်းဝေက ဆောင်ရွက်မည့် NYDC က မြေဧက ၂၀၀၀၀ ကို စီမံကိန်း၏ ပထမအဆင့် အဖြစ် အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။ စီမံကိန်းတွင် မြို့နယ် ၅ ခု၊ တံတား ၂ စင်း၊ ဓာတ်အားပေး စက်ရုံများ၊ ရေနှင့် ရေဆိုး သန့်စင်စက်ရုံများ နှင့် ၁၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး အလုပ်အကိုင်နေရာ ၂ သန်းပေးနိုင်မည်ဟု ခန့်မှန်းထားသော စက်မှုဇုန် တခုတို့ပါဝင် သည်။ ပထမအဆင့်၏ ကနဦးပိုင်း အခြေခံအဆောက်အဦး လုပ်ငန်းများအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကျော်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း ကုမ္ပဏီက ပြောသည်။
သို့သော်လည်း မြို့ပြ စီမံကိန်းရေးဆွဲရေး နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့တွင် လုပ်သက် နှစ် ၂၀ ကျော်ရှိသည့် ကျွမ်းကျင်သူများအဖို့ ယခု ရန်ကုန်မြို့သစ် ပထမအဆင့်အတွက် စီစဉ်ထားသည့် နေရသည် မြို့ပြစီမံကိန်း ရေးဆွဲသူများ သဘောကျ သည့်နေရာတခု မည်သည့်အချိန်ကမျှ မဟုတ်ခဲ့ဟု ဧရာဝတီသို့ ပြောကြသည်။ ယခင် စစ်အစိုးရကပင်လျှင် ၁၉၉၀ နှစ်များ အစောပိုင်းက ရန်ကုန်မြို့ပြင်တွင် မြို့တော်တိုးချဲ့ရေး စီမံကိန်းများ ဆက်တိုက်ပြုလုပ်ခဲ့သည့် အချိန်က ထိုနေရာ ကို လျစ်လျူရှုထားခဲ့သည်ဟု သူတို့က ဆိုသည်။
အဓိက အကြောင်းအရင်းမှာ ထိုနေရာ၏ မြေမျက်နှာပြင်က အနိမ့်ပိုင်းတွင် ရှိနေသောကြောင့် ဖြစ်သည်။
၁၉၈၀ နှောင်းပိုင်းနှင့် ၁၉၉၀ အစောပိုင်း နှစ်များတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ကုလသမဂ္ဂ ဖွံ့ ဖြိုးမှု အစီအစဉ် (UNDP) ၏ အကူအညီဖြင့် ရန်ကုန်မြို့တော်နှင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်း အတွက် မြို့တိုးချဲ့မှု ပြုလုပ်ရန် အလားအလာရှိသော ဧရိယာသစ်များကို ဖော်ထုတ်ခဲ့သည်။ ထိုအစီအစဉ်က မြို့တော်၏ အရှေ့ဖက်နှင့် အ နောက်ဖက်တွင် ဒဂုံမြို့သစ်၊ လှိုင်သာယာ နှင့် ရွှေပြည်သာတို့တွင် မြို့တိုးချဲ့ရန် အဆိုပြုခဲ့သည်။ ထိုနေရာများတွင် စစ်အစိုးရက မြို့သစ်များဖော်ခဲ့သော်လည်း လိုအပ်သည့် မြို့ပြ အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်း၊ မီး၊ရေ စသည်တို့ကို အပြည့် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။ ထိုသို့ မြို့သစ်များဖော်ထုတ်ရေး အစီအစဉ်တွင် လယ်ယာမြေ အများစုသာ ဖြစ်သည့် ယခု ရန်ကုန်မြို့သစ်နေရာသည် စာရင်းတွင်ပင် ပါဝင်ခဲ့ခြင်း မရှိပေ။
“အဲဒါက အရမ်း နိမ့်တဲ့အတွက် ကျနော်တို့က ဒီနေရာ(ရန်ကုန်မြစ် တဖက်ကမ်း) ကို စဉ်းကို မစဉ်းစားခဲ့တာ” ဟု အဆိုပါ စီမံကိန်းများအတွက် အဓိကရေးဆွဲသူများထဲမှ တဦးဖြစ်သည့် မြိုပြ စီမံကိန်း ပညာရှင် ဦးသံမိုးက ပြောသည်။ ထိုဧရိယာသည် အနီးရှီ လှိုင်သာယာထက် ပေ ၂၀ ခန့် ပိုနိမ့်ပြီး လှိုင်သာယာသည် ပင်လယ်ရေမျက်နှာပြင်၏ အထက်တွင် ပေ ၃၀ ဝန်းကျင်သာ ရှိကြောင်း သူက ရှင်းပြသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တွင် မြို့စီမံကိန်းပညာရှင် တဦးအဖြစ် ထိုစဉ်က တာဝန်ထမ်းဆောင်နေသော ဦး အောင်မြင့်က ရန်ကုန်မြစ် အနောက်ဖက်ကမ်း ဧရိယာ၏ ကောင်းကင် ဓာတ်ပုံများကို လေ့လာခဲ့သည်။ ယခုအခါတွင် ရန်ကုန်မြို့သစ် စီမံကိန်း၏ အဆင့်တစ် အဖြစ်အဆိုပြုထားသည့် ဧရိယာတွင် ကွင်းဆင်း တိုင်းတာမှု ပြုလုပ်ဖူးသည်။
“အမြင့်ဆုံး နေရာက ပင်လယ်ရေမျက်နှာပြင်ထက် ၁၅ ပေလောက်ပဲ ရှိတဲ့အတွက် (မြို့သစ်တိုးချဲ့ရေး အစီအစဉ် အတွက် အဆိုပြုခြင်းမှ) အဲဒါကို ကျနော်တို့ ချန်ထားခဲ့ရတယ်။ တခြားတိုးချဲ့ ဧရိယာတွေက ပေ ၃၀ ကနေ ၄၀ ဝန်းကျင်လောက် အထိ ရှိတယ်။ အဲဒီမှာတောင်မှ တချို့နေရာတွေက ပေ ၃၀၊ ၄၀ ထက်နိမ့်ရင် ရေဝင်တာဘဲ” ဟု အငြိမ်းစား မြို့ပြစီမံကိန်းပညာရှင် ဦးအောင်မြင့်က ရှင်းပြသည်။
ယခု ဆယ်စုနှစ် ၂ ခုကျော်ကြာမြင့်ခဲ့သည့်တိုင် သူတို့၏ တွေ့ရှိမှုက မှန်ကန်နေဆဲ ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ဂျပန် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) က တင်ပြခဲ့သည့် “The Strategic Urban Development Plan of Greater Yangon” မဟာရန်ကုန် ဗျူဟာတကျ မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း အစီရင်ခံစာတွင် အနိမ့်ပိုင်း ဧရိယာများ၌ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ရှိလာသည့်အခါ ရေလွှမ်းမိုးမှုကို အလေးအနက် ထည့်သွင်း စဉ်းစားရန် အကြံပြုခဲ့သည်။
JICA ၏ အစီရင် ခံစာက အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ၏ ၂၀၁၆ ခုနှစ်က ရေလွှမ်းမိုးမှု စီမံခန့်ခွဲရေး ဆိုင်ရာ လေ့လာမှု တခုကို ကိုးကား၍ ရန်ကုန်မြို့သစ် အကောင်အထည်ဖော်မည့် နေရာအပါအဝင် ရန်ကုန်မြစ် အနောက်ဘက်ကမ်း တလျှောက် ဧရိယာများသည် ၂၀၀၈ ခုနှစ်က နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် ပေါ်ပေါက်ခဲ့သည့် မုန်တိုင်းဒီရေ နှင့် အလားတူ အမြင့် ဖြစ်သော မုန်တိုင်းဒီရေ ၂ မီတာမှ ၅ မီတာ အထိ ခံရနိုင်သည့် အန္တရာယ် ရှိကြောင်း သတိပေးထားသည်။
“ထို့ကြောင့် မြို့သစ်ဖွံဖြိုးမှု စီမံကိန်းများအတွက် မြေယာဖွံဖြိုးမှု (ဖို့မြေ နှင့် သိပ်သည်းခြင်း) ကုန်ကျနိုင်မည့် စရိတ်ကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်” ဟု အစီရင် ခံစာက ဆိုသည်။
ကုန်ကျစရိတ် အလွန်အမင်း များပြားမည်
မြိုပြစီမံကိန်းပညာရှင် အနေဖြင့် မြို့ကို တိုးချဲ့သည့်အယူအဆကို ဆန့်ကျင်ခြင်း မရှိကြောင်း ဦးသံမိုး နှင့် ဦးအောင်မြင့်တို့ ၂ ဦးလုံးက ပြောသည်။
သို့သော်လည်း ရန်ကုန် မြို့သစ်အတွက် အဆိုပြုထားသည့် နေရာသည် အနိမ့်ပိုင်းဖြစ်နေရာ မြေဖို့ရမည်ဖြစ်၍ ရင်းနှီးမြှုပ်နှံမှု အလွန် အင်မတန် ကြီးမားစွာ လိုအပ်လိမ့်မည် ဖြစ်သောကြောင့် အနာဂတ်တွင် အသုံးပြုရန် အရံအဖြစ် ချန်ထားခြင်းကသာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု သူတို့က ပြောကြသည်။
လွန်ခဲ့သည့် နှစ် အနည်းငယ်၊ ယခင်အစိုးရလက်ထက်က ပုဂ္ဂလိက ကုမ္ပဏီတခု အတွက် ထိုနေရာတွင်ပင် မြို့သစ်စီမံကိန်း အခြေခံ စီမံကိန်းတခုအား ဦးအောင်မြင့်က ရေးဆွဲပေးခဲ့ရသည်။ ထိုဧရိယာ၏ အနိမ့်ဆုံး အပိုင်းက ပင်လယ်ရေ မျက်နှာ ပြင် အထက် ၇ ပေ ကျော်ကျော်သာ ရှိသောကြောင့် မည်သည့် စီမံကိန်း အကောင်အထည်ဖော်သည်ဖြစ်စေ မြေသား အကြီးအကျယ် ထပ်ဖို့ရမည်ဖြစ်သောကြောင့် ကုန်ကျစရိတ် အလွန်အမင်း များပြားလိမ့်မည် ဖြစ်သည် ဟု သူက ပြောသည်။
“အဲဒီမှာ မြို့သစ်တခု တည်ဆောက်ချင်တယ်ဆိုရင် မြေတွေ ပေ ၃၀ လောက်အမြင့်အထိ ထပ်ဖို့ ဖို့လိုအပ်လိမ့်မယ်” ဟု ဦးအောင်မြင့်က ဆိုသည်။
သူ၏ အကြံပြုချက်ကို စီမံကိန်းအစီအစဉ်တွင် ထည့်သွင်းဖော်ပြခဲ့ရာ ထပ်ဖို့ရမည့် မြေအမြင့်က သုံးထပ်တိုက် တလုံး၏ အမြင့် တမျှ ဖြစ်နေသောကြောင့် ထိုစဉ်က ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ဝန်ကြီးတဦးက “ခင်ဗျားဟာ ဟုတ်ရဲ့လား” ဟု ထုတ်မေးရသည် အထိ ဖြစ်ခဲ့သည်။
“ဧက ၂၀၀၀၀ လောက်ကို ဖို့ဖို့ အတွက် လိုအပ်တဲ့ မြေကြီးတွေ ဘယ်က ရနိုင်မလဲ။ တကယ်လို့ ရနိုင်တယ်ဆိုရင်တောင် သယ်ယူပို့ဆောင်ရေး စရိတ် ရှိလာလိမ့်မယ်။ နောက်ပြီးတော့ အဆောက်အဦးတွေ ဆောက်လုပ်ဖို့ အတွက် ဖို့ထားတဲ့မြေ တွေက အပြည့်အဝ အသားကျအောင် နှစ်ပေါင်းများစွာ စောင့်ရလိမ့်မယ်” ဟု ဦးအောင်မြင့်က ပြောသည်။

မြို့ပြ စီမံကိန်းရေးဆွဲသူ နောက်တဦးဖြစ်သည့် ဒေါက်တာ ကျော်လတ်က ရန်ကုန် မြို့သစ် နေရာက အနာဂတ်တွင် အသုံးပြုရန်အတွက် အလားအလာ ရှိကြောင်း သဘောတူသည်။ သို့သော်လည်း ထိုနေရာကို ရန်ကုန်မြို့နှင့် ဆက်သွယ်ရန် ကုန် ကျ စရိတ်များပြားသည့် တံတားများ လိုအပ်လိမ့်မည် ဖြစ်သည့်အတွက် ယခုအချိန်က အချိန်ကောင်း မဟုတ်ကြောင်း ပြောသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် NYDC တို့က စီမံကိန်း၏ အစိတ်အပိုင်းတခု အဖြစ် တံတား ၂ စင်း တည်ဆောက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ NYDC ၏ ဝက်ဘ်ဆိုက်တွင် တင်ထားသော စီမံကိန်း မြေပုံ၌ အဆိုပြု ထားသည့် တံတား ၂ စင်းအနက် တခုကို ကြည့်မြင်တိုင်မြို့နယ်မှ တဆင့် ရန်ကုန်မြစ်ကို ဖြတ်ကျော်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ဒုတိယမြောက် တံတား၏ နေရာကိုမူ မြေပုံတွင် ဖော်ပြထားခြင်း မရှိပါ။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တွင် မြို့စီမံကိန်းပညာရှင်ဖြစ်ခဲ့သည် ဒေါက်တာကျော်လတ် က စီမံကိန်း နေရာရှေ့ ရှိ ရန်ကုန်မြစ် အရှေ့ဖက်ကမ်းမှ ဆိပ်ကမ်းများသို့ ဝင်ထွက်သွားလာနေကြသော နိုင်ငံတကာမှ ကုန်တင်သင်္ဘောများ အောက်မှ ဖြတ်သန်းသွားနိုင်လောက်အောင် တံတားက မြင့်မားရန် လိုအပ်သည်ဟု ရှင်းပြသည်။
“တကယ်လို့ အဲဒီလောက် အမြင့်ဆောက်ပြီဆိုရင် တံတားရဲ့ ရန်ကုန်ဖက်က ချဉ်းကပ်လမ်းတွေက စမ်းချောင်းမြို့နယ်ထဲ အထိလောက်ကို ရောက်လာလိမ့်မယ်။ အဲဒီနေရာက နဂိုကတည်းက အရမ်းကျပ်နေပြီးသား ဆိုတော့ အကုန်လုံးပြသနာ တက်လိမ့်မယ်” ဟု သူက ပြောသည်။
စမ်းချောင်းမြို့နယ်သည် ရန်ကုန်တွင် လူဦးရေ အထူထပ်ဆုံးနေရာများထဲမှ တခုဖြစ်ပြီး လူဦးရေ သိပ်သည်းမှုက မြေ တဟက်တာလျှင် လူ ၁၀၀၀ ကျော် ရှိသည်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူ ဦးရေ သိပ်သည်းမှု အများဆုံး မြို့ကြီးများထဲမှ တခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒက္ကာ (ပျမ်းမျှ တဟက်တာလျှင် လူ ၅၅၅ ဦး) ထက်ပင် များစွာ မြင့်မားနေသည်။
“သယ်ယူပို့ဆောင်ရေး စီမံကိန်း ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဖြစ်နိုင်တဲ့ တခုတည်းသော အဖြေက ရေအောက်ဥမင် လိုဏ်ခေါင်း တခုပဲ။ ဒါပေမယ့် အဲဒါကလည်း ဒေါ်လာ ၁.၅ ဘီလီယံလောက် ကျလိမ့်မယ်။ တိုင်းပြည်စီးပွားရေး မကောင်း တဲ့ အချိန်မှာ အဲဒီလောက် မသုံးသင့်ဘူး” ဟု သူက ထပ်ပြောသည်။
စမတ်စီးတီး
သို့သော်လည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျွမ်းကျင်သူတို့၏ သတိပေးချက်များ နှင့် စိုးရိမ်မှုများကို နားထောင်သည့် အသွင်မရှိပါ။ NYDC ဖွင့်လှစ်သည့် အခမ်းအနားတွင် သူက ဖွံဖြိုးတိုးတက်မှု နည်းပါးသည့် ရန်ကုန်မြစ် အနောက်ဘက်ကမ်းကို အသွင်ပြောင်းရမည် ဖြစ်ကြောင်း တက်ရောက်လာသူများကို ပြောကြားခဲ့သည်။

“အနောက်ဖက်ကမ်းကို ကျနော်တို့ တိုးတက်အောင် လုပ်ရပါမယ်။ ရန်ကုန်မြို့ဟောင်းက စိမ်းလန်းပြီး သမိုင်းအမွေအနှစ် အဆောက်အဦးတွေနဲ့ စီးပွား ရေးမြို့တော် အဖြစ် တည်ရှိပြီး တဖက်ကမ်းက smart city စမတ်စီးတီးလို ဖွံဖြိုးတိုးတက်တာ ဖြစ်စေချင်ပါတယ်” ဟု သူက ပြောသည်။
စီမံကိန်းအတွက် ကုန်ကျစရိတ်ကို အစိုးရကသာ ကျခံသွားမည် မဟုတ်ဘဲ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (public-private partnerships) ဖြင့် ထောက်ပံ့သွားမည်ဟု တိုင်းဝန်ကြီးချုပ်က ပြောသည်။ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ကြောင်းလည်း သူက ထပ်ပြောသည်။
စီမံကိန်း တည်နေရာ၏ မြေမျက်နှာပြင် အနေအထားနှင့် ပတ်သက်၍့NYDC အမှုဆောင် အရာရှိချုပ် ဦးသိမ်းဝေက ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ချက် (Flood Risk Assessment) ပြုလုပ်ဖို့ Royal HaskoningDHV ကို ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ရေး အကြံပေးအနေနဲ့ရွေးချယ်ထားကြောင်း ဆိုသည်။
“မြေပြင်လေ့လာရေးနှင့်၊ အချက်အလက်စုဆောင်းရေးတွေကို Royal HaskoningDHV မှ ဧပြီလကုန်ကစပြီး စတင်လုပ်ဆောင်နေပြီး အောက်တိုဘာလ၂၀၁၈ မှာ အပြီးသတ်အစီရင်ခံစာကို တင်သွင်းမှာ ဖြစ်ပါတယ်” ဟု ဦးသိမ်းဝေက NYDC ၏ ဝက်ဘ်ဆိုက်ရှိ CEO စာမျက်နှာတွင် ရေးသားထားသည်။
ထိုအစီရင်ခံစာက ရရှိလာမည့်ရလာဒ် အဖြေများနှင့် အကြံြ့ပုချက်များကို ရန်ကုန်မြို့သစ်စီမံကိန်း မြို့ပြစီမံကိန်းရေးဆွဲမှု၊ အဆောက်အအုံဒီဇိုင်း ရေးဆွဲမှုတွေနဲ့ မူဝါဒလမ်းညွှန်တွေမှာ ထည့်သွင်းအသုံးပြုသွားမည်ဟု သူက ပြောသည်။
(အင်္ဂလိပ်ဘာသာဖြင့် Experts Raise Alarm Over Flood-Prone Location of ‘New Yangon City’ Project တွင် ဖတ်ပါ။)