ကချင်ပြည်နယ် အတွင်းရှိ နှစ်ရှည်စစ်ရှောင် ဒုက္ခသည် အိမ်ထောင်စု ၇ ရာနီးပါး ပြန်လည် နေရာချထားရေး လုပ်ငန်းများ ပြုလုပ်ပေးပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် လူမူရေးဝန်ကြီး ဒေါက်တာ သင်းလွင် က ဧရာဝတီကို ပြောသည်။
“ပြန်လည်နေရာချထားရေးက အိမ်ထောင်စုပေါင်း ခြောက်ရာကျော်တယ်။ မိုင်းနားပါ ထည့်ပြောမယ်ဆိုရင်တော့ ၇ ရာ နီး ပါးရှိပြီ။ လုပ်ပေးတဲ့ ဒုက္ခသည် စခန်းအများစုကတော့ ဝိုင်းမော်၊ မြစ်ကြီးနား၊ ဗန်းမော် ဒီသုံးမြို့နယ်က ဦးရေ အများဆုံး ဖြစ်တယ်” ဟု ဒေါက်တာ သင်းလွင် က ပြောသည်။
ပြန်လည်နေရာချထားရေး လုပ်ဆောင်ရာတွင် ကိုယ်ပိုင်မြေ သော်လည်းကောင်း၊ အစိုးရက စီစဉ်ပေးသည့် မြေယာပေါ် တွင် လည်းကောင်း အိမ်ဆောက်လုပ်နိုင်ရန် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ပြီး သင်ကြားလိုသည့် သင်တန်း ကျောင်းများပါ ဖွင့်လှစ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက် လုပ်ငန်းကော်မတီ(၁၁)ခု ဖွဲ့စည်းထားပြီး ပြောင်းရွှေ့လိုသည့် ဆန္ဒရှိပါက ကားစီစဉ်ပေးခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်းတို့အပြင် အိမ်ဆောက်ပစ္စည်းနှင့် ငွေသား ထောက်ပံ့ပေးခြင်းကို ပြုလုပ် ပေးကြောင်း သိရသည်။
ပြန်လည်ထူထောင်ရေး အတွက် အိမ်များဆောက်လုပ်ပေးခြင်း၊ လျှပ်စစ်လိုအပ်ပါက လျှပ်စစ်ဝန်ကြီးကို အကြောင်းကြား ပေးခြင်း၊ လမ်းဖောက်ရန် လိုအပ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အိမ်သာများ ဆောက် လုပ်ပေးခြင်း၊ အိမ်ဆောက်ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ စောင်၊ အဝတ်အစားတို့ကို ပေးအပ်ခြင်းများ လုပ်ဆောင် ပေး လျက် ရှိကြောင်း လူမှုရေး ဝန်ကြီးက ဆိုသည်။
စစ်ရှောင်များ အတွက် မြစ်ကြီးနားမြို့အတွင်း၌ ငွေပျော်စံပြ ကျေးရွာတွင် အိမ်အလုံး ၅ ရာ ဆောက်လုပ်ပေးကြောင်း၊ မန်စီမြို့ နယ် ရေခူမန်ကန်တွင် အိမ်အလုံး ၈၆ လုံးတို့ ဆောက်လုပ်ပေးထားကြောင်း ၎င်းက ပြောသည်။
ယင်းပြင် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားကျေးရွာတွင် တန်ဖိုးနည်းအိမ်ရာ အလုံးတရာ ဆောက်လုပ်ထားရာ ဇွန်လ ၂၀ ရက်က စစ်ရှောင် မိသားစု ၉၅ စုကို ပြန်လည် နေရာချထားပေးခဲ့ကြောင်းလည်း ဒေါက်တာ သင်းလွင်က ဆိုသည်။
နယ်မြေ အေးချမ်းသွားသည့် ဒေသမှ ဒေသခံများအတွက် နေရပ်ပြန်ကြလျှင်လည်း ရွှေ့ပြောင်းပေးခြင်းနှင့် အိမ်အတွက် လိုအပ်သော အိမ်ထောင်စု ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည့် အပြင် နေရပ်မပြန်နိုင်သေးသည့် စခန်းများရှိ စစ်ရှောင် ပြည်သူများကိုလည်း အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
၇ နှစ်ကြာ စစ်ရှောင်နေရသော ပြည်သူများအတွက် အစိုးရ အပါအဝင် အလွှာစုံ ကဏ္ဍစုံမှ အလှူရှင်များ ပူးပေါင်း၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။
လူမူရေးဝန်ကြီးက “အခုဆိုရင် ၇ နှစ်လောက်ရှိသွားပြီဆိုတော့ ရေရှည်အတွက်ပဲ စဉ်းစားရတော့မယ်။ စဉ်းစားတဲ့ အခါမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီ အပြင် ဖွံ့ဖြိုးရေး အကူအညီတွေပါ လုပ်ပေးရတော့မယ်” ဟု ပြောသည်။
ပြန်လည်နေရာ ချထားရေးအနေဖြင့် စစ်ရှောင်စခန်းများရှိ အခြေခံလိုအပ်ချက်များကို အဓိကထား လုပ်ဆောင်ပေးလျက်ရှိ ကြောင်း ၎င်းက ဆိုသည်။
“ဥပမာအားဖြင့် လူတယောက် ၁ သိန်း ၆ သောင်းကုန်ကျတဲ့ ယာဉ်မောင်း၊ ယာဉ်စစ်ဆေးရေး၊ ထိန်းသိမ်းနည်း သင်တန်း ကို လုပ်ဆောင်ပေးတဲ့ အပြင် ကားမောင်းသင်တန်းတွေမှာလည်း ဦးရေ ၁ ရာကျော် သင်ကြားပေးခဲ့ပါတယ်” ဟုလည်း ဒေါက်တာ သင်းလွင်က ပြောသည်။
စက်ချုပ် သင်တန်းတွင်လည်း အခြေခံနှင့် အဆင့်မြင့် စက်ချုပ် အတွက် တလခွဲသင် တန်းပေးရာ၌ အဆင့်မြင့် သင်တန်း တက်သူ ၇၀၀ ကျော်အား ၁ သိန်းကျော်တန် အပ်ချုပ်စက်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ရှောင်များ၏ တောင်းခံချက်အရ ဆံပင်ကောက်၊ ဖြောင့်၊ ညှပ်၊ မိတ်ကပ်၊ ဆံထုံး၊ အလှပြင် သင်တန်းကို လည်း ၂ ကြိမ် လုပ်ဆောင်ပေးထားပြီး ဖုန်းပြင်သင်တန်း၊ မှိုစိုက်ပျိုးနည်း သင်တန်း၊ မော်တော်ဆိုင်ကယ်ပြင် သင်တန်း၊ အိမ်တွင်း လျှပ်စစ်သွယ်တန်းသည့် လုပ်ငန်း၊ စက်ပြင်သင်တန်းနှင့် အခြေခံ လက်သမားသင်တန်း၊ အခြေခံကွန်ပျူတာ သင်တန်းတို့ အပြင် ရှေးဦးကလေးပြုစုပျိုးထောင်ရေး သင်တန်းများလည်း လုပ်ဆောင်ပေးထားကြောင်း လူမှုရေးဝန်ကြီးက ပြောသည်။
အဆိုပါ ကိစ္စရပ်များကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီး ဌာန၊ ကချင် ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဝန်ကြီး က ပြောသည်။
အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ယင်းပညာရပ်များနှင့် ပတ်သက်၍ အသုံးချနိုင်မှု နည်းသေးကြောင်း ဂျန်မိုင် စစ်ရှောင်စခန်း တာဝန်ခံ Rev.ထွယ်အောင် က ပြောဆိုသည်။
“ဥပမာအားဖြင့် စက်ချုပ်သင်တန်း တက်ခဲ့ရင်လည်း ဆိုင်ဖွင့်နိုင်တဲ့ အခြေအနေမျိုး မရှိသေးသလို ယာဉ်မောင်း သင်တန်း ဆင်းတွေက လိုင်စင်မရှိတဲ့ ပြဿနာရှိတယ်။ စစ်ရှောင်ကလေးတွေ အတွက် သင်တန်းပေးတယ်ဆိုတာက ကောင်း ပါ တယ်။ သူတို့အတွက် ပညာတခုရသွား သလို စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာလည်း ခွန်အားတခု ဖြစ်စေတဲ့ သဘောပါ။ အကျိုးရှိ ပါတယ်။ ဒါပေမယ့် သင်တန်းကာလကို ထပ်တိုးပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့ အထိ သင်ပေးစေချင်တာပေါ့”ဟုလည်း ၎င်းက ဧရာဝတီ သို့ ပြောသည်။
ကချင်ပြည်နယ် အတွင်း ၂၀၁၁ ခုနှစ်မှ စတင်၍ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကြား ဖြစ်ပွား ခဲ့သော တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူ တသိန်း နှစ်သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။