NLD အစိုးရလက်ထက်တွင် ကချင်ပြည်နယ်တွင်း စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ အခက်အခဲများ ပိုတွေ့လာသည် ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က ပြောသည်။
KBC ၏ လူမှုဝန်ထမ်း ဖွံ့ဖြိုးရေး ဌာန တာဝန်ခံ ဦးခါးလီက “ဒီအစိုးရက တပ်ပိုင်းဆိုင်ရာနဲ့ ညှိနှိုင်းရတာ တော်တော်လေး ခက်ခဲနေလို့လား မသိဘူး။ သူတို့ တဖက်နဲ့တဖက် ဘယ်လိုဖြစ်လည်းတော့ ကျနော်တို့ မသိဘူး။ ကျနော်တို့ မြေပြင်မှာ ဒုက္ခသည် ကူညီရေးတွေ လိုက်လုပ်တဲ့အခါ လက်ရှိ အစိုးရနဲ့တော့ လုပ်ကိုင်ရ တော်တော်ခက်နေပါတယ်”ဟု ပြောသည်။
KBC သည် ဘာသာရေး အဖွဲ့အစည်းတခု ဖြစ်သော်လည်း၂၀၁၁ ခုနှစ်မှ ယနေ့ထိ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် တသိန်း ကျော်ကို ပဋိပက္ခဒေသထဲမှ ကယ်ထုတ်ခြင်း၊ ဘုရားကျောင်းများတွင် နေရာထိုင်ခင်း စီမံပေးခြင်း၊ အဆောက်အဦများ ဆောက်ပေးခြင်းနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည့် အလုပ်များကို လုပ်ဆောင်လျက် ရှိသည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးပါက ဒေသအသီးသီးရှိ KBC အဖွဲ့ဝင် ဘာသာရေး ဆရာ များက ဦးဆောင်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးရန် ကူညီပေးပြီး နီးစပ်ရာ မြို့ရှိ ဘုရားကျောင်းများ၌ ခိုလှုံနိုင်ရန်လည်း ဘာသာရေး ဆရာများက ကူညီကြသည်။
ကချင်ပြည်နယ်တွင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်း ၁၀၀ ကျော်ရှိပြီး အများစုမှာ အစိုးရ ထိန်းချုပ်နယ်မြေ အတွင်း ရှိနေကာ လူဦးရေ ၅ သောင်း ဝန်းကျင်ရှိသည့် ဒုက္ခသည် စခန်းပေါင်း၂၀ ကျော်မှာ KIA ထိန်းချုပ်နယ်မြေ အတွင်း ရှိကြောင်း သိရသည်။
KIA ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသူများ၏ နေရပ်ရင်းမှာ အစိုးရ ထိန်းချုပ် နယ်မြေ အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသူများ ဖြစ်သော်လည်း တိုက်ပွဲများ ဖြစ်ပွားချိန်၌ ဘေးလွတ်ရာသို့ ထွက်ပြေးရင်း KIA ထိန်းချုပ်နယ်မြေထဲ ရောက်သွားကြသဖြင့် KIA ဘက်မှ စစ်ဘေးရှောင် စခန်းများ ဖွင့်လှစ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
KIA ထိန်းချုပ် နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းများကို KIO ၏ အောက်တွင် ဖွဲ့စည်းထားသည့် စစ်ဘေးရှောင် ဒုက္ခ သည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (IRRC) က ကူညီထောက်ပံ့နေပြီး ၂၀၁၆ ခုနှစ်ထိ နိုင်ငံတကာ အဖွဲ့အစည်း များကလည်း စားနပ်ရိက္ခာ ထောက်ပံ့မှုများ ရှိသည်။
KIA ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ အနက် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေသည့် စစ်ဘေးရှောင် ဒုက္ခသည် ၅ ထောင်ဝန်းကျင်ကို KBC ကလည်း ထောက်ပံ့မှုများ ပြုလုပ်လျှက်ရှိသည် ဟု ဦးခါးလီက ဆိုသည်။
KIA ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို အစိုးရဘက်မှ အထောက်အပံ့ပေးခြင်းများ ပြုလုပ်ခြင်း မရှိကြောင်းလည်း ပြောသည်။
မေလအတွင်း KBC ဘက်မှ သိက္ခာတော်ရ ဆရာတော် ၁ ပါးနှင့် အဖွဲ့ဝင် ၂၀ ဦးတို့က KIA ထိန်းချုပ်နယ်မြေ အတွင်းရှိ စားနပ်ရိက္ခာ လိုအပ်နေသည့် မိုင်တိုင် ၆ နှင့် မိုင်တိုင်၈ စစ်ဘေးရှောင်စခန်းများကို သွားပြီး အကူအညီ အထောက်အပံ့ ပေးရာ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က KIA နယ်မြေအတွင်း သွားပါက မတရားအသင်းအက်ဥပဒေ ၁၇(၁) ဖြင့် အရေးယူ ဆောင်ရွက်နိုင်သဖြင့် နောက်နောင် လုံးဝ မသွားရန် သတိပေးစာ တစောင်ကို ပို့ခဲ့သည်။
ယခုလ ဇွန်လ၂၀ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် သတင်းမီဒီယာများ တွေ့ဆုံမေးမြန်းပွဲ ပြုလုပ်ရာတွင်လည်း ဗိုလ်မှူးကြီး သူရမျိုးတင်က စစ်ဘေးရှောင်ဒုက္ခသည်များထံ သွားရောက် ကူညီမည်ဆိုပါက ပြည်နယ်အစိုးရ အဖွဲ့ကို အကြောင်းကြားပြီး သွားရမည်ဟု ထပ်မံ ပြောဆိုသွားသည်။
ထို့ပြင် ဗိုလ်မှူးကြီးသူရမျိုးတင်က “ကချင်ပြည်နယ်အစိုးရအဖွဲ့ကို မတင်ပြဘဲ မတရားအသင်းဖြစ်တဲ့ KIA အဖွဲ့ဆီသွား ဆက်သွယ်တာ ဥပဒေရ ငြိစွန်းတယ်ဆိုတာ ထင်ရှားပါတယ်။ ကျနော် သေသေချာချာ ပြောလိုပါတယ်။ လူသားခြင်း စာနာ တဲ့ အကူအညီ ပေးနိုင်ဖို့ ဆိုရင် တရားဝင် ဖွဲ့စည်းထားတဲ့ ဒေသန္တရ အစိုးရ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြသွားရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်များအား ထောက်ပံ့သည်မှာ ပြဿနာမဟုတ်ဘဲ အစိုးရဘက်မှ ပူးပေါင်း ဆောင်ရွက်ပေး၍ ရ ကြောင်း၊ သို့သော် အစိုးရ မထိန်းချုပ်သည့် ဒေသ နောက်ကွယ်၌ KIA နှင့် ဆက်ဆံခြင်းက ပုဒ်မ ၁၇ (၁) နှင့် ငြိစွန်းနိုင် သဖြင့် မသွားသင့် ဟု ၎င်းက ဆိုသည်။
ဦးခါးလီက “ဒုက္ခသည် ကူညီရေးမှာ သတိပေးခံရတာ ဒီတခေါက် နယ်လုံဝန်ကြီးက စာပေးပြီး ကျနော်တို့ကို သတိပေးတာ အဆိုးဆုံးပါ ခဗျ။ အရင်က အစိုးရတုန်းက ကြံ့ခိုင်ရေးပါတီဆိုလည်း တပ်နဲ့လည်း ဆက်စပ်မှုရှိတော့ သူတို့က လူသားချင်း စာနာထောက်ထားရေးနဲ့ ပတ်သက်တဲ့ နေရာမှာ နည်းနည်းပို Mandate (လုပ်ပိုင်ခွင့်) ရှိသလားလို့ ကျနော်တို့ မြင်တယ်” ဟု ပြောသည်။
အစိုးရထံ စာတင်ရသည့် လုပ်ငန်းစဉ်၌ ပြန်စာရရှိရန် အချိန်ကြာမြင့်ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး လုပ်ငန်းများမှာ အရေးပေါ် ဆောင်ရွက်ရသည်များလည်း ရှိနေသဖြင့် အချိန်ရသည့် ခရီးစဉ်များတွင် အစိုးရကို အကြောင်း ကြားမည် ဖြစ်သော်လည်း အရေးပေါ်ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် အကြောင်းမကြားဘဲ ယခင်အတိုင်း ဆက်လက် လုပ်ဆောင် သွားမည်ဟု ၎င်းက ဆိုသည်။
KIA ထိန်းချုပ် နယ်မြေအတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များကိုလည်း KBC မှ ဆက်လက် ကူညီပံ့ပိုး သွားမည် ဟု ဦးခါးလီ က ပြောသည်။
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များ၌ KBC ထောက်ပံ့သည့် စားနပ်ရိက္ခာများမှာ စစ်ဘေးရှောင် ဒုက္ခသည်များထံ မရောက်ဘဲ KIA တပ်စခန်းများသို့ ပို့နေသည်ဟု ဆိုကာ ပြောဆိုဝေဖန်မှုများ ရှိခဲ့ပြီး စစ်ဘေးရှောင် စခန်းများထံသို့ ဆန်ပို့သည့် ရိက္ခာ တင်ယာဉ်များကိုလည်း တပ်မတော်ဘက်မှ တားမြစ်မှုများ ရှိခဲ့ကြောင်းလည်း ဆိုသည်။
KBC အနေနှင့် ၎င်းတို့ကို လှူသည့် အလှူရှင်နှင့် ၎င်းတို့ကြား မည်သည့် လက်နက်ကိုင်အဖွဲ့ကိုမှ မထောက်ပံ့ပါဟု ကတိ ကဝတ်စာချုပ် ချုပ်ဆိုထားပြီး ထိုအတိုင်းသာ လုပ်ဆောင်သဖြင့် အမှန်တကယ် ဒုက္ခရောက်နေသည့် စစ်ဘေးရှောင်များ ကိုသာ ကူညီနေကြောင်း ပြောဆိုသည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် KBC သီးသန့် တွေ့ဆုံဆွေးနွေးရာ တွင် KIA ထိန်းချုပ် နယ်မြေအတွင်း ကလေးငယ်များ အစိုးရ ကျောင်းများ၌ ကျောင်းတက်နိုင်ရေး၊ ဒုက္ခသည်များကို ပြန် လည် နေရာချထားရေးနှင့် ထောက်ပံ့ရေးကိစ္စများကို အစိုးရ၏ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြောဆိုထားသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်များမှာ ယနေ့ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေး ကြောင်း သိရသည်။