ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ တပ်မတော် အမှတ် ၇၀၀၅ သံချပ်ကာ တပ်ရင်းက ခေးခမ်းကျေးရွာ ရှိ တောင်သူများစိုက်ပျိုးနေသော ယာမြေ ဧက ၂၀၀ ကို ဆင်တောင်ဂေါက်ကွင်း တိုးချဲ့ရန်အတွက် တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းသွားခြင်းကြောင့် စိုက်ပျိုးတောင်သူများ စားဝတ်နေရေး အခက်အခဲတွေ့နေကြောင်း သိရသည်။
ထိုသိမ်းဆည်းခံ ယာမြေသည် လားရှိုးမြို့နယ်၊ ဟူးမွန်းကျေးရွာအုပ်စု၊ ခေးခမ်းကျေးရွာရှိ တောင်သူ ၄၆ ဦး၏ ဧက ၅၀၀ ဖြစ်ပြီး လက်ရှိ လုပ်ကိုင် စားသောက်နေသော ယာမြေ ဧက ၂၀၀ ကို ပြန်လည် စွန့်လွတ်ပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။
ခေးခမ်းကျေးရွာမှ တောင်သူတဦးဖြစ်သူ စိုင်းလှိုင်းက “ အမှတ် ၇၀၀၅ သံချပ်ကာတပ်ရင်းက သိမ်းသွားတာ။ ဧက ၅၀၀ ရှိတယ်။ အဲဒီမှာ ဂေါက်ကွင်းဆောက်ကြတယ်။ ကျန်တဲ့ ဧက ၂၀၀ ကို အခု သူတို့ သံဆူကြိုးတွေ ကာနေတယ်။ အကုန်တော့ မပြီးသေးဘူး။ ကျနော်တို့ တခြားမှာ သွားစိုက်စရာ မြေမရှိတော့ဘူး။ ဒါကြောင့် ကျန်တဲ့ မြေဧက ၂၀၀ ကို ပြန် ပေးဖို့ တောင်းဆိုရတာပါ။ ဒီယာမြေမှာ စိုက်ပျိုးခွင့် မရတော့ရင် ကျနော်တို့ ဘာနဲ့ စားရမလဲ၊ ဘယ်ဟာကို သွား လုပ်ကိုင် စားသောက်ရမလဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ဒါကို ဖြေရှင်းပေးစေချင်ပါတယ်”ဟု ပြော သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ၂၀၁၈ ခုနှစ်၊ဇွန် ၂၀ ရက်က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မြေယာ များ ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ ကြယ်ပွင့်ပြ မေးမြန်းခဲ့သည်။
သို့သော် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြန်လည် စွန့်လွှတ်ရန် အစီအစဉ် မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက “အဲဒီမြေကို အမှီပြုပြီး လုပ်စားလာခဲ့တဲ့ ဒေသခံ တောင်သူတွေ အခုတော့ နည်းနည်းမှ သူတို့အတွက် မြေ မကျန်တော့ပဲ အားလုံး ဆုံးရှုံးသွားရင် အတိဒုက္ခ ရောက်ပြီး အငတ်ဘေး ရင်ဆိုင်ရဖွယ်ရှိကာ ပြည်သူများရဲ့ အသက် အိုးအိမ် လုံခြုံခြင်းမရှိမှု ဖြစ်လာမှာကတော့ အသေအချာပါပဲ။ ဒါကြောင့် လက်ရှိ အစိုးရအနေနဲ့ အဲဒီလို မြေယာဆုံးရှုံးပြီး အသက်အိုးအိမ် လုံခြုံမှုမရှိတော့တဲ့ ဒေသခံ တောင်သူ လယ်သမားများအတွက် အမြန်ဆုံး တစုံတခု ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီလို့ ပြောလိုပါတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ခေးခမ်းကျေးရွာတွင် နေထိုင်သော ဒေသခံ တောင်သူများ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ယာမြေများကို အမှတ် ၇၀၀၅ သံချပ်ကာ တပ်ရင်း မှ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းကာ တချို့တဝက်ကို ၂၀၀၅ ခုနှစ်တွင် ဆင်တောင်ဂေါက်ကလပ် ဟူသည့် ဂေါက်ကွင်းကို တည်ဆောက်ခဲ့ပြီး တောင်သူများ စိုက်ပျိုးနေသေးသော ကျန်ရှိသည့် ယာမြေ ဧက ၂၀၀ ခန့်အား အုတ်တိုင် စိုက်ထူပြီး သံဆူးကြိုးခတ် ကာရံထားမှုများ ရှိနေသည်ဟု စိုင်းဝမ်းလှိုင်းခမ်းက ကြယ် ပွင့်ပြ မေးမြန်းစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ ကျန်ရှိသည့် ယာမြေ ဧက ၂၀၀ ကို ခေးခမ်းကျေးရွာမှ တောင်သူ ၄၆ ဦးက လက်ဝယ် ပြန်လည် ပိုင်ဆိုင် လုပ်ကိုင်ခွင့်ပေးရန် သက်ဆိုင်ရာသို့ တင်ပြ တောင်းခံခဲ့ရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က လားရှိုးခရိုင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ စိစစ်ရေးကော်မတီမှ ကွင်းဆင်းစိစစ်ပြီး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြန်လည် တင်ပြခဲ့ကြောင်း ဆိုထားသည်။
ထို့နောက် ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၆/၂၀၁၇)အရ တောင်သူ ၄၆ ဦး တင်ပြ တောင်းခံသော မြေနေရာသည် ယခု အမှတ် ၆၀၀၇ တင့်ကားတပ်ရင်းပိုင် မြေ ၁၁၉၇ ဧကအတွင်း ပါဝင်ပြီး တိုင်ကြားစာပါ ဧက ၂၀၀ ခန့် မြေနေရာအား သံချပ်ကာ လေ့ကျင့်ရေး ယာဉ်မောင်းကွင်း ပြုလုပ်ရန်နှင့် ဂေါက် ကျင်း ၉ ကျင်း ထပ်မံ တိုးချဲ့ရန် လျာထားခြင်းအပေါ် ဂေါက်ကျင်း ၉ ကျင်း ထပ်မံတိုးချဲ့ရန် လျာထားသော မြေဧရိယာအား စွန့်လွှတ်သင့်ကြောင်း ဆုံးဖြတ်၍ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံ ရမှုများ စိစစ်ရေးကော်မတီသို့ ဆက်လက် တင်ပြခဲ့သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။
သို့သော် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေး တပ်ရင်းပိုင် မြေနေရာဖြစ်သလို တောင်သူ ၄၆ ဦးပိုင်ဆိုသော်လည်း ပိုင်ဆိုင်မှု အထောက်အထား တစုံတရာ ပြနိုင်ခြင်းမရှိခြင်းနှင့် မြောက်များ ပစ်ခတ် လေ့ကျင့်မှုများရှိသည့်အတွက် လုံခြုံရေးအရ ပြန်လည် စွန့်လွှတ်ရန် မရှိကြောင်း ၂၀၁၈ ခုနှစ်၊ဇွန် ၂၀ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဖြေသွားခဲ့သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက “တပ်မတော်တပ်ရင်း မလာခင်ကတည်းက ဘိုးစဉ် ဘောင်ဆက် လုပ်လာတဲ့မြေက အထောက်အထား မရှိဘူး ဆိုတာကတော့ ဒေသခံ တောင်သူတွေနဲ့ မဆိုင်ဘူး လို့ ထင်ပါတယ်။ အစိုးရ အဆက်ဆက်က တောင်သူများ ပိုင်ဆိုင်ဖို့ အထောက်အထားကိုမှ ပြုလုပ်မပေးခဲ့ တာလေ။ တောင်သူများ မြေယာပိုင်ဆိုင်မှု အထောက်အထား မရှိဘူးလို့ပြောတာဟာ တောင်သူများ အခွင့် အရေး အပြည့်အဝ ခဲ့ရတာတွေကို လျစ်လျူရှုရာ ရောက်ပါတယ်။ တပ်မတော်အနေနဲ့လည်း လုံခြုံရေးအတွက် သံချပ်ကာတပ်ရင်း ကားမောင်းလေ့ကျင့်ဖို့ အဲဒီမြေကို ရယူထား တယ်ဆိုတော့ အဲဒီလုံခြုံရေးလုပ်တာ ဘယ်သူ အတွက်လည်းလို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်”ဟု ပြော သည်။
လားရှိုးမြို့နယ်၊ ဟူးမွန်းကျေးရွာအုပ်စု၊ ခေးခမ်းကျေးရွာမှ တောင်သူ ၄၆ ဦးပိုင် ယာမြေ ဧက ၂၀၀ ဟု ပြောဆို နေကြသော်လည်း ကွင်းဆင်း စစ်ဆေးချက်အရ ၁၅၆.၅ ဧကသာ ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ၂၀၁၈ ခုနှစ်၊ဇွန် ၂၀ ရက် အမျိုးသားလွှတ်တော်မှာ ပြောသွားခဲ့သည်။