အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကွပ်ကဲရေးဌာန (FDA) ဒု ဦးစီးမှူး အမျိုးသမီးကို လုယက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားသဖြင့် တရားခံ မျိုးဇော်ဦး(ခ)ဆီဒိုးနားကို ယနေ့ အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ချ မှတ်လိုက်သည်။
တရားခံ မျိုးဇော်ဦးသည် သေဆုံးသူ အမျိုးသမီးထံမှ လက်ဝတ် ရတနာများကို လုယက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ဓမ္မတာနှင့် ဆန့်ကျင်သော ကာမဆက်ဆံခြင်းတို့ ကျူးလွန်စဉ် လူသတ်မှုကိုပါ ထပ်မံကျူးလွန်ခဲ့ကြောင်း ထင်ရှားသည့် အတွက် ပုဒ်မ ၃၀၂ (၁)(ဂ) ဖြင့် ယင်းသို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
“ရာဇသတ်ကြီးအရ တည်ဆဲ ဥပဒေပါ ပြဋ္ဌာန်းချက်ကို လိုက်နာပြီး သေဒဏ် ချမှတ်ခြင်း ဖြစ်ပါတယ်။ သေဒဏ်က Only Dead Sentence ပါ” ဟု အရှေ့ပိုင်းခရိုင် တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးထွန်းထွန်းဦး က ပြောဆိုသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ဂ) သည် အနည်းဆုံး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် အများဆုံး သေဒဏ် အထိ ချမှတ်နိုင်ကြောင်း သိရသည်။
တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သေဆုံးသွားသူ မရွှေရည်ဝင်း၏ ဆွေမျိုးနီးစပ်သူများက ကျေနပ်ကြောင်း၊ တရားရုံးအနေဖြင့် သမာသမတ်ကျကျ ဆုံးဖြတ်လိုက်ခြင်းသာ ဖြစ်ကြောင်း တရားခွင်အပြီး၌ ပြောဆိုသည်။
တရားခံ မျိုးဇော်ဦးသည် မုဒိမ်းကျင့်သည် ဆိုသည်ကို ငြင်းဆိုထားပြီး မူလဖြောင့်ချက်များကို တရားရုံးတွင် ရုပ်သိမ်း ကြောင်း လျှောက်ထားခဲ့သော်လည်း အမှုဖြစ်စဉ် စစ်ဆေး ပေါ်ပေါက်ချက်များ နှင့် သက်သေ စစ်ဆေးချက်များ အရ ပြစ်မှု ထင်ရှားသည့် အတွက် ယခုကဲ့သို့ တရားစီရင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
မျိုးဇော်ဦး(ခ)ဆီဒိုးနားဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက တရားရုံးဆုံး ဖြတ်ချက်နှင့် ပတ်သက်၍ “မထင်ထားဘူး။ ဒါဟာ ပြင်းထန်လွန်းတယ်” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက မျိုးဇော်ဦး(ခ)ဆီဒိုးနားအတွက် ၇ ရက်အတွင်း အယူခံဝင်သွားရန် ကြိုးစားမည်ဖြစ်ကြောင်း၊ ယခုအမှု တွင် မျိုးဇော်ဦးကို အပြစ်ဒဏ် ပြင်းပြင်းထန်ထန်ပေးရန် တရားလိုဘက်မှ တောင်းဆိုမှုအပေါ် တရားရုံးက လိုက်ပါ ဆုံးဖြတ် ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက FDA ဝန်ထမ်း အမျိုးသမီးသည် ဒဂုံမြို့နယ်ရှိ အိမ်သို့ပြန်ရန် လှည်းတန်းလမ်းဆုံ အနီး တက္ကစီငှားစီးရာမှ ပျောက်ဆုံးသွားခဲ့ပြီး နောက်နေ့ နံနက်ပိုင်း၌ ဒဂုံမြို့သစ်မြောက်ပိုင်း ငမိုးရိပ်ချောင်းဘေးတွင် အညို အမဲ ဒဏ်ရာများ၊ မိန်းမကိုယ် သွေးထွက်ပြီး သေဆုံးနေသည်ကို ရဲတပ်ဖွဲ့ က တွေ့ရှိခဲ့ဖြင်း ဖြစ်သည်။
ပြစ်မှုကျူးလွန်သူကို အခင်းဖြစ်ပြီး ရက်ပိုင်းအတွင်း သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး လူသတ်မှု၊ မုဒိမ်းမှု၊ လု ယက်မှု၊ ဓမ္မတာနှင့် ဆန့်ကျင်သော ကာမဆက်ဆံမှု ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ယနေ့တွင် အပြီးသတ် အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – FDA ဝန်ထမ်း အမျိုးသမီး အမှု မကြာမီ အမိန့်ချမည်
မုဒိမ်းမှု ကျူးလွန်သူများအား သေဒဏ်ပေးရေး တရားရုံးအနီး ဆန္ဒပြ တောင်းဆို
FDA ဝန်ထမ်းအမျိုးသမီးကို သားမယားပြုကျင့် သတ်ဖြတ်သူဖမ်းမိ