ရခိုင်ပြည်နယ် စစ်တွေမြို့ ၊ မြို့မိမြို့ဖ အဖွဲ့ဝင် တဦးဖြစ်သူ ဦးအောင်သန်းဝေကို ဇွန်လ ၂၁ ရက်နေ့က စစ်တွေမြို့ အမှတ် ( ၁ ) ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ အပါအဝင် ပုဒ်မ ၂ ခုဖြင့်အမှုဖွင့်ကာ ဖမ်းဆီးခံလိုက်ရကြောင်း သတင်း ရရှိသည်။
အဆိုပါ ဦးအောင်သန်းဝေဖမ်းဆီးခံရခြင်းမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးတင်မောင်ဆွေကို လူမှုကွန်ရက် Facebook ပေါ်တွင် ဝေဖန်ရေးသားမှုနှင့် ပတ်သက်ပြီး ဆက်သွယ် ရေး ဥပဒေ ပုဒ်မ ၆၆ ( ဃ ) ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ တို့ဖြင့် ပြည်နယ်စိုး ရအဖွဲ့ရုံးမှအရာရှိတဦးမှ လာရောက် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ်( ၁ ) စခန်းမှူး ဒုရဲမှူး လှဌေးက ပြောသည်။
ဒုရဲမှူးလှဌေးက “ ဦးတင်မောင်ဆွေနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိခိုက်တာတွေကို ဦးအောင်သန်းဝေက ဖေ့စ် ဘုတ်စာမျက်နှာ ရေးသားတယ်ဆိုပြီး လာတိုင်ပါတယ်။ လာတိုင်တာ ကတော့ ဦးတင်မောင်ဆွေကနေ ပါဝါပေးပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လက်ထောက်ညွန်ကြားရေးမှူး ဦးစောမင်းသူက လာရောက်အမှုဖွင့်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံရသော ဦးအောင်သန်းဝေသည် ဒေါက်တာအေးမောင်အမှုအား လိုက်ပါကူ ညီဆောင်ရွက်ပေးနေသူ တဦးဖြစ်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်း နှင့် ပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံသည်ပွဲများတွင် အစိုးရအဖွဲ့၏ အားနည်းချက်များကို ဝေဖန် ထောက်ပြတတ်သူ တဦးလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြောင်းရွေ့တာဝန် ထမ်းဆောင်ရတော့မည့် ဦးတင်မောင်ဆွေအား ပုဂ္ဂိုလ်ရေး ထိခိုက်သည့် စကားများကို ပြောဆိုခြင်း၊ “လူသတ်နက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ မြောက်ဦး လူသတ်မှု ( တရားခံ ) ဘယ်သူလဲ ” ဆိုသည့် စာသားကို ဦးတင်မောင်ဆွေ၏ ဓာတ်ပုံနှင့် တွဲကာ ဖေ့စ်ဘုတ် တွင် တင်ခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဖမ်းဆီးခံထားရသည့် ဦးအောင်သန်းဝေကို ယနေ့ မွန်းပိုင်း တွင် စစ်တွေအမှတ်(၁) စခန်းမှနေ စစ်တွေအကျဉ်းထောင်သို့ ပို့ ရာတွင် လွဲမှားနေသော ဝေဖန် ထောက်ပြချက်များကို လက်မခံဘဲ ဖမ်းဆီးခြင်းမျိုးဖြစ်သည့် အတွက် အရူံပေးမည် မဟုတ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ဦးအောင်သန်းဝေအား အမှုဖွင့်တိုင်ကြားသည့် ပုဒ်မ ၂ ခုတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) မှာ အာမခံရသော် လည်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ သည် အာမခံမရသဖြင့် လက်ရှိအချိန်တွင် မြို့နယ်တရားရုံးမှ ရမန်ယူ၍ စစ်တွေထောင်တွင် စစ်ဆေးနေကြောင်း သိရ သည်။