အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌလည်း ဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ကာကွယ်ပေးတော့မည် မဟုတ်ကြောင်း ယင်းပါတီ ဗဟို ပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
ယခုအခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဖြစ်သူ Christine Schraner Burgener ၏ မြန်မာပြည်ခရီးစဉ် အ ပြီး နေပြည်တော်တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ အထောက်အကူပြုရုံးတခုကို ဖွင့်လှစ်ခွင်ေ့ပးခဲ့ခြင်းသည် ရခိုင်အရေးတွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ ပံ့ပိုးမှု လိုအပ်ခြင်းကို ပြသခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မုံရွာအောင်ရှင်က “ကျနော်တို့ ခေါင်းဆောင် ပြောသလိုပဲ။ ကျနော်တို့က ဘယ်သူ့ကိုမှ ကာကွယ်နေစရာ အကြောင်း မရှိဘူး။ တကယ် လူ့အခွင့်အရေး ချိုးဖောက်တာ တိကျတယ်။ မှန်ကန်တယ်ဆိုရင်တော့ ဒီဟာက မှန်တဲ့အတိုင်းပဲပေါ့လေ။ အရေးယူခံရမှာပဲ။ ကျနော်တို့ ဒီဟာတွေအတွက် ကာကွယ်နေမှာ မဟုတ်ဘူး။ ဒီကိစ္စအတွက် ပါတီအနေနဲ့လည်း စိုးရိမ်မှာ မဟုတ်ဘူး။ ကျနော်တို့ ခေါင်းဆောင်ကလည်း စိုးရိမ်မှာ မဟုတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်မြောက်ပိုင်း အရေးခင်းများအတွင်း နယ်မြေရှင်းလင်းရာ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေး ချိုးဖောက် မှုများ ရှိခဲ့သည်ဆိုသော စွပ်စွဲချက်များကြောင့် မြန်မာ အစိုးရမှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဖိအားပေးခံရနေချိန် ယခုရုံးကို နေပြည်တော်တွင် ဖွင့်လှစ်ခွင့်ပေးချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလီများ ထွက်ပြေးခံရသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အိုင်စီစီ တရားလို ရှေ့နေ အကြီးအကဲ၏ တောင်းဆိုချက် ဖြစ်သည့် မြန်မာ အစိုးရအပေါ် တရားစွဲဆိုခွင့်အပေါ် ဦးတိုက်လျှောက်ထားခွင့်ပြုရန် မြန်မာနိုင်ငံ၏ သုံးသပ်ချက်အား ယခုလ ၂၇ ရက် နေ့ နောက်ဆုံးထား တင်သွင်းရန် အိုင်စီစီ တရားသူကြီးအဖွဲ့က ပြောကြောင်း ရိုက်တာ သတင်းတပုဒ်တွင် ရေးသားထားသည်။
ယခုလို ရခိုင်အရေးကို နိုင်ငံတကာ အရေးဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး အထူးအကြံပေးပုဂ္ဂိုလ်၏ ရုံးကိုပါ နေပြည်တော်တွင် ဖွင့်ခွင့်ပေး ကာ ရခိုင်အရေးသာမက ကချင်၊ ရှမ်း ဒေသတို့ရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုပါ စုံစမ်းခွင့်ပြုခြင်းသည် စဉ်းစားကြည့်ပါက တပ်မတော်ကို အိုင်စီစီသို့ တင်ရန် ရွယ်ရွယ်နေခြင်းသာ ဖြစ်ကြောင်း အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ ပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောသည်။
အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းထွန်းဦးက“စဉ်းစားကြည့်မယ်ဆိုရင် နောက်ဆုံးဒါဟာ ICC သွားဖို့အထိ ရည်ရွယ်နေတာကို သွားတွေ့ရပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့ စိုးရိမ်တာက မိမိရဲ့ အချုပ်အခြာအာဏာ။ မိမိရဲ့ ပိုင်နက်နယ်မြေကို တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်း ဖြစ်စေချင်တဲ့ဆန္ဒ ကျနော်တို့ပါတီမှာ အပြည့်ရှိပါတယ်။ ဒီလို ရှိတဲ့အတွက် ပါတီအနေနဲ့ သဘောထားကြေငြာချက်အမျိုးမျိုးကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေ ဖြစ်လာတော့မယ်။ မလုပ်ပါနဲ့”ဟု ပြောသည်။
၎င်းက ဆက်၍ “အခုလည်းပဲ တချိန်တုန်းက ဒီလိုအကြံပေးပုဂ္ဂိုလ်တွေ သံတမန်ရုံးခန်းကို ဖွင့်ခွင့်မပေးခဲ့ပါဘူး။ အခုကျမှ ဘာလို့ပေးရတာလဲဆိုတာလည်း စဉ်းစားစရာ တချက် ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် ဒီလိုပုဂ္ဂိုလ်မျိုးတွေဝင်သွားတဲ့ နိုင်ငံတွေ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ လာပြီး ပြည်တွင်းရေးလို ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတွေ ဘယ်နိုင်ငံတည်ငြိမ်အေးချမ်းစွာရှိခဲ့လဲ”ဟု မေးခွန်းထုတ်သည်။
ရခိုင်အရေး လေ့လာစောင့်ကြည်သူ ဦးမောင်မောင်စိုးကလည်း မြန်မာ အစိုးရ၏ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုသော် လည်း ယင်းအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကိုမူ သတိထား ဂရုပြုသင့်ကြောင်း၊ ယင်းအဖွဲ့များ၏ ဆုံးဖြတ်ချက်များသည် မြန်မာ အတွက် တရားမျှတမှု ရှိရန် လိုအပ်ကြောင်း ပြောသည်။
“ဒီကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ပါဝင် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ရင်တော့ သတိထားဂရုပြုရမယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ဆုံးဖြတ် ချက်တွေနဲ့ လုပ်ဆောင်မှုတွေက တဖက်စောင်းနင်း ဖြစ်မယ်ဆိုရင် ဂရုစိုက်ရမယ်။ UNHRC ကနေတောင် အမေရိကန် နုတ်ထွက်တာမျိုး ရှိနေတာပဲ”ဟု ၎င်း သုံးသပ်သည်။
အစိုးရနှင့် နီးစပ်သူ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်တဦးကလည်း “သူ့(Christine Schraner Burgener) အနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေကို ကျော်လွန်ပြီး လုပ်လို့ မရဘူး။ ယန်ဟီးလီတုန်းကလည်း ကြုံခဲ့ပြီးပြီ။ သူလည်း အဲဒီလိုမျိုး ဖြစ်စဉ်မျိုးတွေကိုတော့ ရှောင်မှာပဲ။ သူရဲ့ စိတ်သဘောထားက ယန်ဟီးလီနဲ့ တခြားစီပဲ။ အများကြီးကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်း ကလည်း အဆင်ပြေတယ်။ မကြာခင် ကုလ အထွေထွေ ညီလာခံကလည်း လာတော့မယ်။ အိုင်စီစီကိုလည်း မေ့ထားလို့ မရဘူး”ဟု သုံးသပ်သည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ Mandate သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိ၊ မရှိကို သတင်းရယူ၍ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့ သတင်းပို့ရန်သာ ဖြစ်ကြောင်း၊ မြန်မာ အစိုးရကို အမိန့်ပေး ခိုင်းစေခွင့် မရှိကြောင်း၊ ယခု သံတမန်၏ လုပ်ပိုင်ခွင့်ကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာမှုရှိစွာ ချပြပေးသင့်ကြောင်း ကြံ့ခိုင်ရေးပါတီက ပြောသည်။
ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက “ဒီလိုပုဂ္ဂိုလ်မျိုးတွေ၊ ဝင်တာထွက်တာ ခြေရှုပ်ခဲ့တဲ့ နိုင်ငံတွေတော်တော်များဟာ အကွဲ၊ အပြဲနဲ့ နောက်ဆုံး မိမိရဲ့အချုပ်အခြာအာဏာ မိမိရဲ့ နယ်မြေတွေကိုပါ ဖဲ့ပေးရတဲ့ အနေအထားတွေအထိ ဖြစ်သွားတာကို တွေ့ရပါတယ်” ဟု ပြောသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener သည် နေပြည်တော် တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်သို့လည်း သွားရောက်ခဲ့သေးသည်။