သဘာဝဘေး အန္တရာယ်ကြောင့် နေရပ်စွန့်ခွာရသူများ အတွက် မြန်မာ အမျိုးသားအဆင့် မြေယာဘဏ် တခု တည်ထောင် ရန် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း (ALARM/EcoDev) နှင့် မိတ်ဖက်အဖွဲ့များက အစိုးရကို တိုက်တွန်း လိုက် သည်။
စိမ်းလန်းအမိမြေ နှင့် နော်ဝေ အကူအညီပေးရေး အဖွဲ့ Norwegian People’s Aid (NPA)၊ ဒုက္ခသည်များ နေရပ်ပြန်ရေး ကူညီ ဆောင်ရွက်သော အဖွဲ့ Displacement Solutions တို့ ပူးပေါင်း၍ သဘာဝဘေး ခံရနိုင်ခြေ ရှိသည့် ဧရာဝတီ တိုင်း ဒေသကြီး၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် မွန်ပြည်နယ် သံလွင်မြစ်ဝရှိ ခင်တန်း ကျေးရွာတို့ကို ကွင်းဆင်းကာ သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြေယာဘဏ်သည် အစိုးရပိုင် မြေလွတ်မြေရိုင်းများအား စီမံခန့်ခွဲ၍ သဘာဝဘေးကြောင့် ရွှေ့ပြောင်းရနိုင်ခြေ ရှိသူများ အတွက် မြေနေရာ ကြိုတင်စီမံထားခြင်း၊ ရွေ့ပြောင်းသူများ ရောက်လာပါက ကျေးရွာ၊ လမ်းများ စသည်တို့ကို ဖော်ဆောင် ပေးစေခြင်း စသည်တို့ကို လုပ်ဆောင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။
မြေယာဘဏ် အနေဖြင့် သဘာဝ ဘေးအန္တရာယ် များကြောင့် နေရာ ရွှေ့ပြောင်းရသူများအား နေရာချပေးရန် မြေနေရာ များ ကြိုတင် သတ်မှတ်ခြင်းဖြင့် မြေယာ အလွဲသုံးစားမှုနှင့် ငွေကြေး ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မည့် အပြင် လူ့အခွင့် အရေးကို ရှေးရှုသည့် ဖြေရှင်းနည်းလည်း ဖြစ်ကြောင်း ယနေ့ ရန်ကုန်မြို့ Kafe in Town စားသောက်ဆိုင်တွင် ပြုလုပ် သည့် ရှင်းလင်းပွဲ္ပတွင် EcoDev အဖွဲ့မှ ဦးဝင်းမျိုးသူက ပြောသည်။
“ဒါက အိုင်ဒီယာ အသစ်တခုအနေနဲ့ အဆိုပြုတာ။ အနာဂတ်မှာ ကြုံတွေ့ရနိုင်တဲ့ သဘာဝ ဘေးတွေကြောင့် ရွှေ့ပြောင်း ရသူတွေ အတွက် အစိုးရက မြေတွေ ချန်ထားဖို့ပါ”ဟုလည်း ၎င်းက ပြောဆိုသည်။
သဘာဝဘေးဒဏ်ကြောင့် ရွှေ့ပြောင်းရနိုင်ခြေ အမြင့်ဆုံးဒေသ အနေဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသည် အဓိက ခံစားရနိုင်ခြေရှိပြီး ရေရှားပါးသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြစ်ကြီးများ ဘေးဝဲယာရှိ ဒေသများတွင် နေထိုင်သူများ အနေ ဖြင့်လည်း ခံစားရခြေ ရှိသည့် အထဲတွင် ပါဝင်လျက်ရှိကြောင်း စိမ်းလန်း အမိမြေ အဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသည် ရာသီဥတု ပြောင်းလဲခြင်း အကျိုးဆက် အနေဖြင့် ရေလွှမ်းမိုးခြင်းနှင့် ပူပြင်း ခြောက်သွေ့မှုများကြောင့် ရေရရှိရေးများ နှစ်စဉ် အခက်အခဲ ကြုံတွေ့ရပြီး စိုက်ပျိုးရေး ကဏ္ဍကိုပါ ထိခိုက်လျက် ရှိကြောင်း သိရသည်။
ရာသီဥတုနှင့် ဆက်စပ်သော သဘာဝဘေး အန္တရာယ်များ ခံနိုင်ရည်ရှိမှုတွင် ကမ္ဘာ့နိုင်ငံ ၁၈၇ နိုင်ငံအနက် ဒုတိယ မြောက် ခံနိုင်ရည် အမဲ့ဆုံး နိုင်ငံအဖြစ် သမှတ်ခံထားရသည့် မြန်မာနိုင်ငံအနေဖြင့် အာရှဒေသတွင်း သဘာဝဘေးဒဏ်ကြောင့် ရွှေ့ပြောင်းရသူများတွင်လည်း ၈၁ ရာခိုင်နှုန်း အထိ ရှိကြောင်း နိုင်ငံတကာအဖွဲ့ အစည်းများ၏ အချက်အလက်များကို ကိုး ကား၍ သုတေသနပြုသူများက ပြောသည်။
၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း အကျိုးဆက်အနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ရွှေ့ပြောင်း အခြေ ချသူ အများအပြားရှိခဲ့ပြီး အထူးသဖြင့် ရန်ကုန်းတိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်အများစုက နာဂစ် အကျိုးဆက် အနေဖြင့် ရွှေ့ပြောင်းလာကြသူများ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုကြသည်။
တပ်မတော်နှင့် ဝန်ကြီးဌာနများက သိမ်းယူမှုများကြောင့်လည်း ဓားမ ဦးချလုပ်ကိုင်သူများ အနေဖြင့် ရွှေ့ပြောင်းရမှုများရှိခဲ့ ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် မြေယာပြဿနာလည်း ကြီးထွားလျက် ရှိနေကြောင်း သိရသည်။
အစိုးရက မြေလွတ်မြေရိုင်းများ၊ သစ်တောကြိုးဝိုင်းများအား အကောင်အထည်ဖော် သတ်မှတ်ကာ မြေယာစီမံခန့်ခွဲမှု အနေ ဖြင့် မြေစာရင်း ဦးစီးဌာန၊ လယ်ယာမြေ စိစစ်ရေး ကော်မတီများ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှု ကော်မတီများ စသည်ဖြင့် အစိုးရ၊ လွှတ်တော် ကဏ္ဍ အသီးသီး၌ လုပ်ဆောင်လျက် ရှိသည်။
နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အတွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းမှုများအပြင် ပြည်တွင်းစစ်ကြောင့်လည်း ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ဒုက္ခသည်စခန်းများ ဖွင့်ထားရပြီး ဒုက္ခသည် အရေ အတွက် သိန်းဂဏန်း အထိ ရှိနေသည်။
မြေယာဘဏ် ထားရှိရေး မူဝါဒနှင့် ပတ်သက်ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရနိုင်သည့် ဒေသ များအား လေ့လာဖော်ထုတ်ရန်၊ လက်ရှိ မြေယာနှင့် ရာသီဥတုဆိုင်ရာ မူဝါဒ၊ ဥပဒေများတွင် ပေါင်းစပ်ထည့်သွင်းနိုင်သည့် အခြေအနေများ လေ့လာရန်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချကာ တိုင်းနှင့် ပြည်နယ်အလိုက် မြေယာဘဏ်များ ထိရောက်စွာ လုပ်ကိုင်နိုင်ရေး လုပ်ပိုင်ခွင့် အာဏာများ ခွဲဝေပေးရန်တို့ကိုလည်း သုတေသနပြုသူများက အကြံပြုထားသည်။
ထို့ပြင် အနာဂတ် ဆွေးနွေးမှုများအတွက် အစိုးရနှင့် အဖွဲ့အစည်း အားလုံးပါဝင်ကြရန်နှင့် ပင်လုံဆွေးနွေးပွဲ၌ တင်ပြ ဆွေးနွေး အဖြေရှာရန်၊ မြန်မာ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၌ အမျိုးသားအဆင့် မြေယာဘဏ် ထားရှိရေး မဟာဗျူ ဟာ တရပ်ကို ထည့်သွင်း ရေးဆွဲသွားရန်လည်း စိမ်းလန်းအမိမြေ အဖွဲ့က တိုက်တွန်းထားသည်။
နိုင်ငံတကာ သုတေသနပြုချက်များအား ကိုးကား၍ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမည့် အခြေအနေကိုလည်း အဆိုပါ အဖွဲ့က သတိပေးထားပြီး ခန့်မှန်းချက်များ အရ ၂၁၀၀ ပြည့်နှစ်၌ ပင်လယ် ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ဧရာ ဝတီ တိုင်းဒေသကြီး အတွင်း မြေဧက သုံးသောင်းကျော် ရေဖုံးလွှမ်းနိုင်ခြေရှိပြီး ပြည်သူ လေးသောင်းခန့် ထိခိုက် ခံစားရ နိုင်ကြောင်း သတိပေး ပြောဆိုသည်။