ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ ၇၀၀၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့မောင်းထုတ်သည်ဟူသော စွပ်စွဲချက်အပေါ် လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဇူလိုင်လ ၂၇ ရက်နေ့နောက်ဆုံးထား တင်သွင်းရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က မြန်မာနိုင်ငံကို ဇွန်လ ၂၁ ရက်နေ့တွင် အကြောင်းကြားလိုက်ကြောင်း သိရသည်။
ကြာသပတေးနေ့က ထုတ်ပြန်သော ကြေညာချက်တွင် စွပ်စွဲချက်ကို ကြားနာရန် စဉ်းစားမည့် နောက်ဆုံးရက်ချိန်းမတိုင်မီ မြန်မာဘက်က ချေပ အကြောင်းပြန်ရန် ICC တရားသူကြီးများက ပြောဆိုထားသည်။ ICC သည် ထိုစွပ်စွဲထားသောအမှုကို စစ်ဆေးသင့်သည်ဟု ဧပြီလ ၁၁ ရက်နေ့က စတင်တောင်းဆိုခဲ့သည်။
တရားခွင်မတိုင်မီ ကြားနာမှုရုံး (၁) တွင် တရားစွဲရှေ့နေချုပ် ဖက်တူး ဘန်ဆူဒါ လာရောက် ထွက်ဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တင်သွင်းချက်ကို တံခါးပိတ် ကြားနာစစ်ဆေးခဲ့သော ဇွန်လ ၂၀ ရက်အပြီး တရက်အကြာတွင် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပီတာကိုဗက်စ်၊ မာ့ခ်ပါရင်း ဒီ ဘရီချဘတ်နှင့် ရိန်း အဒယ်လိပ် ဆိုဖီ အလာပနီ ဂန်ဆူး အမည်ရှိ တရားသူကြီး ၃ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်သော ထိုဆုံးဖြတ်ချက်တွင် တရားစီရင်ခွင့် နှင့် ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရသည့် အခြေအနေများကို မြန်မာနိုင်ငံက တုံ့ပြန်ပြောကြားရန် ဖေါ်ပြထားသည်။
“ပြည်နှင်မောင်းထုတ်ခြင်းသည် မြန်မာနိုင်ငံ၏ ပိုင်နက်အတွင်းမှ စတင်ဖြစ်ပေါ်သည်ဟု စွပ်စွဲချက်ကို စဉ်းစားလျှင် တရားစွဲရှေ့နေ၏ တောင်းဆိုမှုအပေါ် တရားဝင် မြန်မာအာဏာပိုင်များ၏ လေ့လာတွေ့ရှိချက်များကို တောင်းခံရန် သင့်တော်သည်ဟု တရားရုံးက ယူဆသည်” ဟု ထိုဆုံးဖြတ်ချက်တွင် ရေးသားထားသည်။
“မြန်မာနိုင်ငံမှ တရားဝင် အာဏာပိုင်များအနေဖြင့် အောက်ပါတို့နှင့် ပတ်သက်သော လေ့လာတွေ့ရှိချက် အစီရင်ခံစာ လူသိရှင်ကြားဖြစ်စေ၊ လျှို့ဝှက်ဖြစ်စေ တင်သွင်းရန် ဖိတ်ခေါ်လိုက်သည်။ (၁) မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများကို မောင်းထုတ်သည်ဟူသော စွပ်စွဲချက် အပေါ် ဤတရားရုံး၏ ပိုင်နက်ဆိုင်ရာ စီရင်ခွင့် အလားအလာ၊ (၂) မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကျော်ထွက်ပြေးရသည့် အခြေအနေများ နှင့် (၃) တရားစွဲရှေ့နေ၏ တောင်းဆိုချက်နှင့် ပတ်သက်ပြီး တရားရုံးက ဆုံးဖြတ်ရာတွင် အထောက်အကူပြုမည်ဟု မြန်မာတရားဝင်အာဏာပိုင်များက ယူဆသော အခြား မည်သည့်အကြောင်းအရာမဆို” ဟု ရေးသားထားသည်။
တရားစွဲရှေ့နေအနေဖြင့် မြန်မာနိုင်ငံက တင်သွင်းသော လေ့လာတွေ့ရှိချက်များကို တုံ့ပြန်ခွင့်ရမည်ဟုလည်း ထိုတရားရုံး မှတ်ချက်က ရေးသည်။ မြန်မာနိုင်ငံဖက်မှ လေ့လာတွေ့ရှိချက်များ အကြောင်းပြန်ခဲ့ပါက တရားရုံးသည် တရားစွဲရှေ့နေကို ခုခံကာကွယ်ခွင့် အချိန် ၁၀ ရက်ပေးမည်။
၂၀၀၂ ခုနှစ်က သည်ဟိဂ်မြို့တွင် ထူထောင်ခဲ့သော ICC သည် နိုင်ငံဆိုင်ရာ ခုံရုံးများကို ဆောင်ရွက်နိုင်ခြင်း၊ ဆောင်ရွက်လိုခြင်း မရှိသည့် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် အဆိုးရွားဆုံး ချိုးဖေါက်မှုများကို စီရင်ဆောင်ရွက်သည်။
မြန်မာနိုင်ငံတွင် ဥပဒေနှင့်အညီ ရှိနေသည်ဟုဆိုသော ရိုဟင်ဂျာ ၆၇၀၀၀၀ ကျော်သည် ၂၀၁၇ ခုနှစ် သြဂုတ်လမှ စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရည်ရွယ်ချက်ရှိရှိနှင့် မောင်းထုတ်ခံရသည် ဟု တရားစွဲရှေ့နေက စွပ်စွဲထားသည်။
ထိုသို့မောင်းထုတ်ခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်မမြောက် စုံစမ်းစစ်ဆေးခွင့် အတွက် ဆုံးဖြတ်ပေးရန် ICC ၏ တရားစွဲရှေ့နေချုပ် ဖက်တူး ဘန်ဆူဒါက ဧပြီလ ၁၁ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ICC ကို ထူထောင်သည့် ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် ထိုပြဿနာမှာ ဥပဒေအရ ရှုပ်ထွေးသော ကိစ္စဖြစ်သော်လည်း ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့၏ ကံကြမ္မာဆိုးကို သူ၏ ရုံးက စုံစမ်းစစ်ဆေးခွင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပေးသင့်သည်ဟု ဘန်ဆူဒါက ပြောသည်။
ICC အဖွဲ့ဝင်ဖြစ်သော ဘင်္ဂလားဒေ့ရှ်မှတဆင့် တရားစီရင်နိုင်ခွင့် ရှိမရှိ လေ့လာရန် တရားစွဲရှေ့နေက ICC ကို တောင်းဆိုသည်။ မောင်းထုတ်ခြင်းတွင် နယ်စပ်ဖြတ်ကျော်ခြင်း သဘောသဘာဝရှိသောကြောင့် ICC ၏ စီရင်ပိုင်ခွင့်သည် ဥပဒေသဘောတရားများနှင့် ကိုက်ညီသည်ဟု တရားစွဲရှေ့နေက ပြောသည်။
မြန်မာနိုင်ငံမသည် မွတ်ဆလင်ဒုက္ခသည်များအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများအတွက် အရေးယူရမည်ဟု ယုံကြည်သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပိုင်နက်နယ်မြေဆိုင်ရာ စီရင်ခွင့်နှင့် ရိုဟင်ဂျာများကို အတင်းအကျပ်မောင်းထုတ်ခြင်း နှစ်ခုလုံးကို သဘောတူသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICC သို့အကြောင်းပြန်ထားကြောင်း ဒါကာမှ လာသော သတင်းများက ဆိုသည်။
ICC သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇွန်လ ၁၁ ရက်နေ့က ၎င်း၏ တွေ့ရှိချက်ကို တင်သွင်းခဲ့သည်။ ထိုတင်သွင်းချက်တွင် အကြောင်းအရာသုံးခု ပါဝင်ကာ (၁) မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ပိုင်နက်သို့ ရိုဟင်ဂျာများရောက်ရှိနေသည့် အခြေအနေ (၂) မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ရိုဟင်ဂျာများကို မောင်းထုတ်ခြင်းနှင့် ပတ်သက်ပြီး ICC ၏နယ်မြေပိုင်နက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် အလားအလာ (၃) တရားစွဲရှေ့နေ၏ တောင်းဆိုချက်နှင့် ပတ်သက်ပြီး တရားရုံးက ဆုံးဖြတ်ရာတွင် အထောက်အကူပြုမည်ဟု ဘင်္ဂလားဒေ့ရှ် တရားဝင်အာဏာပိုင်များက ယူဆသော အခြားမည်သည့်အကြောင်းအရာမဆို တို့ပါဝင်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် လွန်ခဲ့သောနှစ် နိုဝင်ဘာက ဒုက္ခသည်ပြန်လည်လက်ခံရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ထိုသဘောတူညီချက်အရ ဒုက္ခသည်များကို ၂လ အတွင်း စတင်လက်ခံရမည်ဖြစ်သော်လည်း ယခုအတိုင်းဆိုလျှင် ယင်းအစီအစဉ် ဆက်လက်အကောင်အထည် ဖော်နိုင်ဖွယ် မမြင်ပေ။