မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်ရှိ ကျောက်ဝိုင်းအနီးတွင် ကျောက်မျက် ရောင်းဝယ်ရေးဆိုင် အလုပ်သမားတဦးကို စိန်တူနှင့် ထုရာမှ စ၍ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်း အကျိုး တော်ဆောင် ကော်မတီ က ပြောသည်။
ဇွန်လ ၂၂ ရက်က မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်း (ကျောက်ဝိုင်း)ရှိ ကျောက်မျက် ရောင်းဝယ်ရေး ဆိုင် အလုပ်သမား တဦးအား ပိုင်ရှင်၏တူဖြစ်သူက စိန်တူနှင့် ထုရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဆို သည်။
အဆိုပါ မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်း (ကျောက်ဝိုင်း) အနီး အောင်ဇမ္ဗူကျော် တိုက်ခန်းရှိ နတ်မိမ ယ် ကျောက်မျက် အရောင်းဆိုင်မှ အလုပ်သမားတဦးကို ဆိုင်ရှင်၏ တူဖြစ်သူက ကျောက်စိမ်း လုပ်ငန်းသုံး တူအသေး (စိန်တူ) နှင့် ထုရာမှ နဖူးပေါက်ပြဲ ဒဏ်ရာ ရရှိသွားကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့က သိရသည်။
ထိုသို့ ကျူးလွန်သူအား သက်ဆိုင်ရာ ရဲစခန်းက လာရောက် ဖမ်းဆီးခေါ်ဆောင်ရာ၌ လက်ထိပ်ခတ် ဖမ်းဆီး ခေါ်ဆောင် ခြင်း မရှိသောကြောင့် ကျောက်ဝိုင်းအတွင်းရှိ ကျောက်သမားများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အနီးရှိ လူ ၁၀၀ ခန့် ဝိုင်းအုံလာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ ယင်းကော်မတီနှင့် ရဲတပ်ဖွဲ့ဝင် များ က အခြေအနေကို ထိန်းသိမ်းလိုက်ရကြောင်း မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ် ရေးစခန်း အကျိုးတော် ဆောင်ကော်မတီမှ ကိုစိမ့်က ပြောသည်။
“နယ်ထိန်းကနေ သူ့ကို ခေါ်သွားတဲ့ အခါ လက်ထိပ်မခတ်လို့ ဆိုပြီးတော့ ဘေးက လူတွေက ပြောရင်း ပြဿနာတွေ ရှုပ် ကုန်တာ”ဟု ကိုစိမ့်က ပြောသည်။
အဆိုပါ ဖြစ်စဉ်ကို လူမှုကွန်ရက် စာမျက်နှာ၌ မြန်မာနှင့် တရုတ် လူမျိုးရေး ပဋိပက္ခအသွင် ရေးသားဖြန့်ဝေကြသဖြင့် ယင်း သို့ မဟုတ်မှန်ဘဲ ရေးသားခြင်းသည် လူမျိုးရေး အဓိကရုဏ်းကို ဖန်တီးလှုံ့ဆော်သကဲ့သို့ ဖြစ်စေသည်ဟု မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင် က ပြောသည်။
“ဖြစ်တာက ကျောင်ဝိုင်းထဲလည်း မဟုတ်ဘူး။ ဘာမှ ထွေထွေထူးထူး ဖြစ်တာ မဟုတ်ဘူး။ တရုတ်နဲ့ ဖြစ်တာလည်း မဟုတ် ဘူး။ တရုတ်နဲ့ ဗမာ ဖြစ်သလိုလို အွန်လိုင်းပေါ် လျှောက်ရေး လျှောက်ဖွနေတာ။ သတင်း အစအနလေး ရလိုက်တာနဲ့ အဖွဲ့ အစည်းတွေ၊ ဌာနတွေကို မကောင်းရေးတာတော့ မဖြစ်သင့်ဘူး။ အခုဟာက တရုတ်နဲ့ဗမာ အဓိကရုဏ်း ဖြစ်သလိုလို လှုံ့ဆော် နေတာ မကောင်းဘူး”ဟုလည်း ဒုရဲမှူးကြီး မျိုးအောင် က ပြောဆိုသည်။
ယခုအခါ စိန်တူဖြင့် ထုသူအား သက်ဆိုင်ရာ ရဲစခန်း၌ ဖမ်းဆီး ခေါ်ဆောင်ထားပြီး အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သိရ သည်။
“တူနဲ့ထုခံရတဲ့ သူက တုတ်နဲ့လား မသိဘူး ရိုက်မယ်လုပ်တော့ တုတ်ကိုလှမ်းဆွဲပြီး စိန်တူနဲ့ နဖူးကို ထုတယ်နဲ့ တူပါတယ်။ နည်းနည်း ပေါက်သွားတယ်။ အမှုတော့ မဖွင့်သေးဘူး ထင်တယ် ရဲစခန်းကို ရောက်နေပြီ။ နဖူးပေါက်သွားတဲ့ အတွက် သူတို့ ခံရတဲ့ ဘက်က အမှုဖွင့်မယ်ဆိုရင်တော့ အမှုဖွင့်ပေးရမှာပေါ့”ဟု ဒုရဲမှူးကြီး မျိုးအောင်က ဆက်လက် ပြောသည်။
လူမှုကွန်ရက်၌ တရုတ်-မြန်မာ ရန်ဖြစ်ရာ ဗမာလူမျိုး ခေါင်းကွဲခြင်း၊ သက်ဆိုင်ရာသို့ အကြောင်းကြားရာတွင် ချက်ချင်း ရောက် မလာခြင်းနှင့် တူနှင့်ထုသူအား ရဲက လက်ထိပ်မခတ်ခြင်း၊ ရဲက လည်ပင်းညှစ်ခြင်း စသဖြင့် ရေးသားဖြန့်ဝေ ကြ ကြောင်း သိရသည်။
“ပြဿနာဖြစ်တာက လက်ထိပ်မခတ်လို့ စဖြစ်တာ။ ကျောက်သမားတွေက လက်ထိပ်ခတ်ဖမ်းဖို့ ပြောတယ်။ သူကလည်း အသာတကြည် လိုက်နေတော့ ရဲကလည်း လက်ထိပ်ခတ်စရာ မလိုဘူး ဆိုပြီး ဒီတိုင်းခေါ်တာပါ။ ဒါကို လူငယ် တယောက် က အုတ်ခဲနဲ့ ထုလိုက်တာကို ရဲက ဟန့်လိုက်တာ”ဟု မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်း ကော်မတီ မှ ဦးမျိုးမြင့်နိုင် က ပြောသည်။
၎င်းက ဆက်လက်၍ “ဟန့်လိုက်တဲ့ အခါမှာ လူငယ်က ရှောင်လိုက်တော့ ပါးရိုက်မိသလို ဖြစ်သွားတယ်။ မတော်တဆ ပုံစံ မျိုးပါ ဒါကို ဘေးကလူတွေက နယ်ထိန်းကို ဝိုင်းထိုးကြတာပေါ့။ ကျနော် တို့ ဝိုင်းဝန်း ဖြန်ဖြေလိုက်တော့ ပြေလည်သွားပါ တယ်”ဟု ပြောပြသည်။
ယခု ဖြစ်စဉ်အပေါ် အွန်လိုင်းတွင် တရုတ်-မြန်မာ အဓိကရုဏ်းပုံစံ လှုံ့ဆော်ရေးသားသည့် အကောင့်ပိုင်ရှင်များအား လိုအပ် လျှင် အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည် ဟု ဒုရဲမှူးကြီး မျိုးအောင်က ဆက်လက် ပြောဆိုသည်။