မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ဇွန်လ သုံးပတ်အတွင်း တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် လူဦးရေ လေးသောင်းကျော် ရေဘေးသင့်ခဲ့ပြီး သေဆုံးသူ ၂၄ ဦးအထိ ရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
ဇွန်လ ၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနသာၤရီတိုင်းတို့တွင် လူဦးရေ ၄၄၅၁၇ ရေးဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းကျော်ဌေးက ဧရာဝတီသို့ပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ မကွေးတိုင်းတွင် ၁၀ ဦး၊ ဧရာဝတီတိုင်းတွင် ၃ ဦး၊ ရခိုင်ပြည်နယ်တွင် ၇ ဦး၊ ကယားပြည်နယ်တွင် ၁ ဦး နှင့် မွန်ပြည်နယ်တွင် ၁ ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
ဦးသန်းကျော်ဌေးက “စက်လှေမှောက်နစ်မြုပ်ပြီးသေဆုံးတာရှိတယ်။ မိုးရွာသွန်းမှုများပြီးတော့ ဓာတ်ကြိုးပြတ်ပြီး ရေအောက်ရောက်နေလို့ ဓာတ်လိုက်ပြီး သေဆုံးတာရှိတယ်။ မိုးရွာသွန်းမှု များပြီးတော့ ချောင်းရေကြီးနေတဲ့အချိန်မှာ ချောင်းကိုဖြတ်ကူးတဲ့အချိန်မှာ ချောင်းရေကြောင့်မျောပါပြီး သေဆုံးတာရှိတယ်” ဟုပြောသည်။
၎င်းကဆက်လက်ပြီး “သူတို့ဒေသမှာတော့ ရေလည်းကူးတတ်တယ် ကျွမ်းလည်း ကျွမ်းကျင်တဲ့လူဆိုတော့ မဖြစ်လောက်ပါဘူးဆိုပြီး အမှုမဲ့အမှတ်မဲ့ သတိလက်လွတ်ထားပြီးတော့ ရေကိုဖြတ်ကူးတဲ့အချိန်မှာ မျောပါပြီးသေဆုံးတာ”ဟု ဆိုသည်။
ထို့အပြင် အခြားတိုင်းနှင့်ပြည်နယ်အချို့တွင်လည်း နေအိမ်များမျောပါပျက်စီးခြင်း၊ ဘာသာရေးကျောင်းများ ပျက်စီးခြင်းလည်း ရှိခဲ့သည်။
မကွေးတိုင်းတွင် အိမ်ခြေ ၇၀၊ ဧရာဝတီတိုင်းတွင် အိမ်ခြေ ၇၆၊ ရခိုင်ပြည်နယ်တွင် အိမ်ခြေ ၇၁၊ ရှမ်းပြည်နယ်တွင် အိမ်ခြေ ၁ လုံး တို့မျောပါပျက်ဆီးခဲ့ပြီး မကွေးတိုင်းတွင် ဘာသာရေးကျောင်း ၆ ကျောင်း၊ ကရင်ပြည်နယ်တွင် ဘာသာရေး ကျောင်း ၁ ကျောင်း ပျက်ဆီးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
မင်းဘူးမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်ဇော်အောင်က “မိုးတိတ်လို့ ၁၅ ရက်နေ့ကတည်းက ရေကပြန်ကျသွားတာ။ ကယ်ဆယ်ရေး စခန်းတွေလည်း ပိတ်လိုက်ပါပြီ စခန်းမှာရှိတဲ့သူတွေလည်း ကိုယ့်နေရာတွေ အိမ်တွေကို ပြန်သွားကြပါပြီ” ဟု ပြောသည်။
မကွေးတိုင်းဒေသကြီးတွင် ရေဘေးကယ်ဆယ်ရေး စခန်း ၈ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် စခန်း ၁၀ခု နှင့် မွန်ပြည်နယ် တွင် စခန်း ၃၉ခုတို့ကို ဖွင့်လှစ်ခဲ့ပြီး ဇွန်လ၂၁ ရက်နေ့တွင် စခန်းအားလုံး ပိတ်သိမ်းပြီး ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။