သတင်း

ICC ကမ်းလှမ်းချက်များ တုန့်ပြန်ရန် အကြောင်းမရှိဟု သမ္မတရုံး ပြော

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်သည်ဟူသော စွပ်စွဲချက်အပေါ် ပြန်လည် ချေပနိုင်သည့် အစီရင်ခံစာကို ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားတင်သွင်းရန် မြန်မာ အစိုးရသို့ ကမ်းလှမ်းထားသော် လည်း ပြန်လည် ဖြေရှင်းရန် အကြောင်းမရှိဟု နေပြည်တော်ရှိ သမ္မတရုံးက ပြောသည်။

“ICC သည် မြန်မာနိုင်ငံနဲ့ လုံးဝ ပတ်သက်ဆက်စပ်ခြင်း မရှိဘူး။ ICC ပရိုစီကျူတာက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စွဲချက်တွေ မည်သို့ပင် တင်စေကာမူ မြန်မာအနေဖြင့်လည်း ဖြေရှင်းရန် အကြောင်း မရှိဘူး”ဟု မြန်မာ အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် သမ္မတရုံး ညွှန်ချုပ် ဦးဇော် ဌေးက ပြောသည်။

ICC ၏ ယခုလို ဆောင်ရွက်ချက်သည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားများ ပိုများလာစေရန်၊ နိုင်ငံတကာ အာရုံစိုက်မှု ရှိလာစေရန် ဆိုသော ရည်ရွက်ချက်ဖြင့် ပြုလုပ်နေခြင်း ဖြစ်ပြီး ၎င်းတို့၏ ဆောင်ရွက်ချက်သည် နိုင်ငံတကာ ဥပဒေ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ တရား ဥပဒေကြောင်းများအရ အကျုံးမဝင်ကြောင်း သမ္မတရုံးက ပြောသည်။ မည်သည့်ဥပဒေများနှင့် မည်သို့အကျုံးမဝင် ဆိုသည်ကိုမူ အသေးစိတ် မရှင်းလင်းပါ။

ကြာသပတေးနေ့တွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ ၇၀၀၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့မောင်းထုတ်သည်ဟူသော စွပ်စွဲချက်အပေါ် လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဇူလိုင်လ ၂၇ ရက်နေ့နောက်ဆုံးထား တင်သွင်းရန် မြန်မာနိုင်ငံကို အကြောင်းကြားသည်။

ICC ၏ မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက်တွင် ပြည်နှင်မောင်းထုတ်ခြင်းသည် မြန်မာနိုင်ငံ၏ ပိုင်နက်အတွင်းမှ စတင်ဖြစ်ပေါ်သည်ဟု စွပ်စွဲချက်ကို စဉ်းစားလျှင် တရားစွဲရှေ့နေ၏ တောင်းဆိုမှုအပေါ် တရားဝင် မြန်မာအာဏာပိုင်များ၏ တွေ့ရှိချက်များကို တောင်းခံရန် သင့်တော်သည်ဟု တရားရုံးက ယူဆသည်ဟု ရေးသားထားသလို မြန်မာ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာ လူသိရှင်ကြားဖြစ်စေ၊ လျှို့ဝှက်ဖြစ်စေ တင်သွင်းရန် ဖိတ်ခေါ်သည်။

မြန်မာနိုင်ငံသည် ICC ကို ထူထောင်သည့် ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် ထိုပြဿနာမှာ ဥပဒေအရ ရှုပ်ထွေးသော ကိစ္စဖြစ်သည်။ ဒုက္ခသည်များကို လက်ခံထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ ICC နှင့် ပူးပေါင်းဆောင်ရွက်လိုနေသည်။

နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ စုံစမ်းစစ်ဆေးမှုလည်း ဖြစ်လာနိုင်ခြေရှိသည်နှင့် တပြိုင်နက်တည်းပင် နေပြည်တော် အစိုးရက ဘင်္ဂလားဒေ့ရှ်နှင့် ၂ နိုင်ငံကြား ချုပ်ဆိုခဲ့သည့် စာချုပ်အတိုင်း ဒုက္ခသည်များကို ပြန်လည်လက်ခံရေးတွင် ပါဝင်ကူညီရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) တို့နှင့် သဘောတူသဝဏ်လွှာ လက်မှတ်ရေးထိုးကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ခရစ်စတင်း ရှရန်နာ ဘာဂျန်နာကို လက်ခံတွေ့ဆုံကာ ကိုယ်စားလှယ် ရုံး ဖွင့်ခွင့် ပေးခဲ့သည်။

ထို့ပြင် နိုင်ငံတကာမှ ပုဂ္ဂိုလ်တဦး အပါအဝင် အဖွဲ့ဝင် ၃ ဦးပါမည်ဖြစ်သော ပြည်တွင်း အခြေပြု စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကိုလည်း လုပ်ဆောင်နေသည်။ ယင်းသို့လုပ်ဆောင်ချက်များအပေါ် သဘောတူသူနှင့် သဘောမတူသူများ ရှိလာသည်။ (ICC နှင့် မြန်မာအစိုးရတို့ကြား ဆက်စပ်နိုင်ငံရေးကို “နိုင်ငံတကာ ရာဇဝတ်တရားရုံးကို ရှောင်ရှားရန် မြန်မာ ပြင်ဆင်နေသည်”  တွင် ဖတ်ရှုနိုင်သည်။)

ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဖေသန်းက မြန်မာသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သဖြင့် တိုက်ရိုက်ကိုင်တွယ်နိုင်ရန် မလွယ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်၏ တောင်းဆိုချက်ကို ICC က မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို စိတ်ဝင်စားကြောင်း ပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဖေသန်းက “အဲဒီကိစ္စတွေထက် လောလောဆယ် ပြဿနာတွေကို ဘယ်လိုရှင်းမလဲဆိုတဲ့ အဖြေမျိုးကို ရှာဖွေဖို့ လိုတယ်။ ဒီပြဿနာတွေကို ဘယ်သူ လုပ်ခဲ့တာလဲ။ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ ပြန် လက်တုန့်ပြန်မယ့် အပိုင်းကိုတော့ မလုပ်သင့်ဘူးလို့ မြင်တယ်။ တကယ်တန်း ပြဿနာကို စခဲ့တာကလည်း ဘင်္ဂလီအဖွဲ့ အစည်းတွေ ပဲ။ နောက်ဆုံးမှ ပြဿနာအားလုံးကို လုံခြုံရေး အဖွဲ့တွေက ဖန်တီးတယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး”ဟု ပြောသည်။

အစိုးရသည် ရခိုင်အရေးနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြိုးစားနေကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း မြန်မာပြည်သို့ ဝင်ခွင့်ပြုနေရာ ယခုလို အစိုး ရကို ICC တင်၍ အရေးယူရန် ကြိုးစားနေခြင်းသည် တိုင်းပြည်ကို ပိုဆိုးမည့် အခြေအနေမျိုးကိုသာ ရောက်စေလိမ့်မည် ဖြစ်ကြောင်း လည်း ပြောသည်။

အစိုးရကို ICC သို့ ခေါ်ယူရန် ကမ်းလှမ်းလာခြင်းနှင့် ပတ်သက်၍ အာဏာရ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်တချို့ကမူ မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၏ မြန်မာ ခရီးစဉ်အပေါ် အမြင်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း၊ ICC အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတိုင်း၏ တောင်းဆိုချက်တိုင်း ကို မြန်မာအစိုးရက လိုက်လံ ဆောင်ရွက်နေရန် အကြောင်းမရှိဟု ပြောဆိုကြသည်။

မြန်မာ အစိုးရမူ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်မြင့်တင်ပေးသည့် အနေဖြင့် လွတ်လပ်သော စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေး ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကောင်စီ၏ တဖက်သတ် ဆုံးဖြတ်ချက်များကြောင့်လည်း Fact Finding Mission ကို ဝင်ခွင့် မပြုသလို ယန်ဟီလီကိုလည်း ဘက်လိုက်၍ ဆက်လက် မပူးပေါင်းတော့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

“အခု လူ့အခွင့်အရေးကောင်စီရဲ့ စွပ်စွဲချက်တွေကြောင့် အမေရိကန်က လူ့အခွင့်အရေး ကောင်စီက နုတ်ထွက်တယ်။ လူ့အခွင့်အရေးကို ကာကွယ်မြင့်တင်မယ်ဆိုတဲ့ အမေရိကန်လို နိုင်ငံကြီးတောင် လူ့အခွင့်အရေးကောင်စီက တဖက်စောင်းနင်းဖြစ်လို့ နုတ်ထွက်တယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက ပြောနေစရာတောင် မလိုဘူး။ ကျနော်တို့ ပြောနေတာတွေက အလကား မဟုတ်ဘူးဆိုတာ မြင်သာစေတယ်” ဟု အစိုးရ၏ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading