မဝင်ရောက်ရန် ပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်ထားသည့် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း ဘေးမဲ့တော အတွင်း ဝင်ရောက် ထင်းခုတ်သည့် အမျိုးသမီးတဦးအား မိကျောင်းကိုက်မှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်၊ စက်ဆန်း ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာနေ အသက် ၂၈ နှစ်အရွယ်ရှိ မအေးသင်းမှာ ခင်ပွန်း ဖြစ်သူနှင့် အတူ မိန်းမလှကျွန်းဘေးမဲ့တော ဧရိယာအတွင်းရှိ အမဲချောင်းဘေး၌ ယမန်နေ့ ညနေပိုင်းက ဝင်ရောက် ထင်း ခုတ်နေစဉ် မိကျောင်းဆွဲသွားခြင်း ဖြစ်ကြောင်း စက်ဆန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
“အမဲချောင်းနေရာကမ်းစပ်မှာ ထင်းခုတ်နေတုန်း အမျိုးသမီးဖြစ်တဲ့မအေးသင်းကို မိကျောင်းဆွဲသွားတာပါ။ အခု သူ့အလောင်းကို ရွာက လူတွေစုပြီး လိုက်ရှာနေကြတယ်။ အဓိကတော့ မိကျောင်းကို သတ်ဖို့ မဟုတ်ပါဘူး။ အလောင်း ပြန်ရပြီး သဂြိုဟ်ခွင့်ရချင်တာပါ” ဟု စက်ဆန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ဧရာဝတီကို ပြောသည်။
ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၌ မိကျောင်း အကောင်ရေပေါင်း ၁၁၀ ကျော်ရှိကြောင်း ၂၀၁၅ ခုနှစ်က ကောက်ယူသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာနစာရင်းများအရ သိရသည်။
သစ်တောပြုန်းတီးမှု၊ အလွန်အကျွံ ငါးဖမ်းဆီးမှု များကြောင့် အစာရေစာ ရှားပါးလာသည့်အတွက် ယခုနှစ်များအတွင်း မိကျောင်းများမှာ ဒေသခံများနှင့် အိမ်မွေး တိရိစ္ဆာန်များကို ကိုက်ဖြတ်စားသောက်မှုများ ရှိနေသဖြင့် သစ်တောဌာနက “မိကျောင်း အန္တရာယ်ရှိသည်” ဟူသော ဆိုင်းဘုတ်များ ထောင်၍ သတိပေးထားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ သွားလာခြင်း မပြုရသည့် တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ဘိုကလေးမြို့နယ်၌ ၂၀၁၃ ခုနှစ်တွင် ရွှေပြည်အေးကျေးရွာမှ တတိယတန်းကျောင်းသားတဦး၊ ၂၀၁၄ ခုနှစ်တွင် ဆတ်ကျွန်းရွာမှ ကိုရင်လေးတပါး၊ ၂၀၁၅ ခုနှစ်တွင် ဆတ်ကျွန်းရေကမြင်းကျေးရွာမှ တံငါသည်တဦး၊ ၂၀၁၆ ခုနှစ်တွင် လှေလုံးကွဲကျေးရွာမှ တံငါသည် ဦးစောနောင်နှင့် ၂၀၁၇ ခုနှစ်တွင် ကြိမ်ချောင်းကြီးအုပ်စု၊ ဆင်အိုင်ကျေးရွာမှ မခိုင်ခိုင်ဦးတို့အား မိကျောင်းကိုက်သည့်အတွက် ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဘိုကလေး ဒေသခံများထံမှ သိရသည်။
အကျယ်အဝန်း ၅၂.၇၈ စတုရန်းမိုင် ကျယ်ဝန်းသည့် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းအား ၁၉၉၄ ခုနှစ်မှ စတင်၍ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် အစိုးရက သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် တွင် မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့အရေးပါသော ရေဝပ်ဒေသ စာရင်းဝင်နေရာ ရမ်ဆာဒေသ အဖြစ် သတ်မှတ်ခဲ့သည်။
အဆိုပါ မိန်းမလှကျွန်း၌ မိကျောင်းများ အပြင် ရေပျော်ငှက်၊ ကုန်းတွင်းပိုင်းနေ ငှက်များ၊ တွားသွား သတ္တဝါများ၊ နို့တိုက် သတ္တဝါများနှင့် ရေနေသတ္တဝါများ ခိုအောင်းနေထိုင် ကြကြောင်း သိရသည်။