သတင်း

ပြည်ခိုင်ဖြိုး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရေး CEC အစည်းအဝေးတွင် ဆုံးဖြတ်မည်

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဇွန်လ နောက်ဆုံးအပတ်အတွင်း CEC အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

“ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတာကို မကြာခင်မှာ CEC အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်ပေးသွားဖို့ရှိတယ်” ဟု လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းမပြုသေးဘဲ စဉ်းစားနေဆဲဖြစ်ကြောင်း ဧရာဝတီနှင့် သီးသန့်မေးမြန်းရာတွင် ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့သည်။

” နိုင်ငံရေးပါတီကြီးတခုအနေနဲ့ ရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ နိုင်ငံရေးစင်မြင့်ပဲ။ ဝင်ပြိုင်ရမှာပါ။ ဝင်ပြိုင်မယ့် မူဝါဒလည်းရှိတယ်။ ဝင်ပြိုင်မယ်၊ မပြိုင်ဘူး။ ဘယ်နေရာတွေပြိုင်မယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဝင်ပြိုင်သွားမယ်ဆိုတာကိုတော့ မကြာခင် CEC အစည်းအဝေးလုပ်ဖို့ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ခိုုင်ဖြိုးပါတီအနေဖြင့် ဇွန်လ ၂၉ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်၌ ရခိုင်အရေး၊ ရွေးကောက်ပွဲအရေးနှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုတ်သိမ်းရေး ဥပဒေဆိုင်ရာများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ရန် ရည်ရွယ်ထားပြီး ယင်းမတိုင်မီ CEC အစည်းအဝေးကို ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ရာတွင် ရွေးကောက်ပွဲကော်မရှင်သည် စဉ်းစားရမည့်အချက်တခုဖြစ်သကဲ့သို့ အခြားသောအချက်များလည်း ရှိသည်ဟု ဒေါက်တာနန္ဒာလှမြင့်က နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ပြောသည်။

ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်သည် ပြည်ခိုင်ဖြိုးပါတီဖြစ်၍ ဘက်လိုက် ဆုံးဖြတ်ခြင်းမျိုး မပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ၄ မှု တိုင်ကြားရာ အားလုံးရှုံးနိမ့်ပြီး NLD ပါတီကို အနိုင်ပေးကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီက ကော်မရှင်သို့တိုင်ကြားမှု ၂၆ မှု၊ ၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၅ မှု၊ စုစုပေါင်း ၃၁ မှုတိုင်ကြားရာ အမှုအားလုံးရှုံးနိမ့်သည့်အနေအထားဖြစ်နေကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

ထို့အပြင် သတင်းစာရှင်းလင်းပွဲတခုတွင် ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိဟု ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ကော်မရှင်က ခေါ်ယူတွေ့ဆုံမှုပြုုလုပ်ခဲ့ပြီး ၎င်းအနေဖြင့် အချက်အလက်များကို ဥပဒေနှင့်အညီ တင်ပြခဲ့ကြောင်း၊ နိုင်ငံရေးပါတီနှင့် ရွေးကောက်ပွဲကော်မရှင်အကြား ယုံကြည်မှု မတည်ဆောက်နိုင်လျှင် အောင်မြင်သည့်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ခက်ခဲမည်ဟု အကြံပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ် မျှတပြီး အမှီအခိုကင်းစွာ ဆောင်ရွက်နေကြောင်း အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည်ပြောဆိုသည်။

“ကျနော်တို့က လုပ်ဆောင်ချက်တွေကို အမြဲတမ်း ဥပဒေနဲ့အညီ လွတ်လွတ် လပ်လပ် မျှမျှတတပဲ လုပ်ဆောင်ခဲ့ပါတယ်။ နောင်လည်းပဲ အဲဒီလိုပဲ လုပ်ဆောင်သွားမှာပါ” ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဧရာဝတီko ကို တယ်လီဖုန်းမှ တဆင့် ဖြေဆိုသည်။

လစ်လပ်လျက်ရှိသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၄ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ ၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ ၈ နေရာ၊ စုစုပေါင်း ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကန်ပက်လက်မြို့နယ်၊ လဲချားမြို့နယ်၊ တာမွေမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ဖြစ်ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၂၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မဲဆန္ဒနယ်များအဖြစ် မတူပီမြို့နယ်၊ တမူးမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မင်းဘူးမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး တို့ ဖြစ်သည်။

လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ လစ်လပ်နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က ထုတ်ဖော်ပြောကြားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading