မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ မတ္တရာသူဌေး ကျောင်းဆရာတော်၏ အန္တိမဈာပန သာဓု ကီဠန ပူဇာပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်၍ ကျင်းပသွားမည်ဟု ဈာပန ကျင်းပရေး ကော်မတီမှ သိရသည်။
ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင် မတ္တရာသူဌေးကျောင်း ဆရာတော်ကြီး အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တမာနိတ သိရီဘိဝံသ သည် နှလုံးပိုးဝင်ရောဂါဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး နှလုံးအထူးကြပ်မတ် ကုသ ဆောင်၌ ဆေးဝါးကုသမှု ခံယူစဉ် ဇွန်လ၂၃ ရက် နံနက် ၃ နာရီခွဲ အချိန်၌ ဘဝနတ်ထံ ပျံလွန်တော်မူခြင်း ဖြစ်သည်။
“ဆရာတော်ကြီးရဲ့အန္တိမ ဈာပန အခမ်းအနားကို ပထမ ဝါဆိုလပြည့်ကျော် ၂ ရက် ဖြစ်တဲ့ ဇွန်လ ၂၉ ရက် နေ့လယ်ပိုင်းမှာ ပြုလုပ် သွားမှာပါ။ ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးတော်တွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ကြီး တွေရဲ့ ညတရားပွဲတွေကိုလည်း ထည့်သွင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ဈာပနကျင်းပရေး ကော်မတီက ဆရာတော် တပါး မိန့်ကြားသည်။
ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူချိန်၌ သက်တော် ၈၄ နှစ်၊ သိက္ခာတော် ၆၄ ဝါ ရှိပြီ ဖြစ်ပြီး အန္တိမဈာ ပန သာဓုကီဠနပူဇာပွဲ အခမ်းအနား ကျင်းပနိုင်ရေးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင် ပြုလုပ်သွားမည် ဟု သိရသည်။
အဆိုပါ အန္တိမဈာပန သာဓုကီဠနပူဇာပွဲ အခမ်းအနား ကျင်းပနိုင်ရေး အတွက် ဇွန်လ ၂၃ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီး ဦးမြတ်သူတို့က ဆရာတော်ကြီးများနှင့် သွားရောက်တွေ့ဆုံ သြဝါဒ ခံယူကြသည်။
ဆရာတော်ကြီးကို မတ္တရာမြို့နယ် ကောက်ရိုးပုံရွာ၌ ခမည်းတော် ဦးထွန်းအေးနှင့် မယ်တော် ဒေါ်ပေါ တို့က ၁၉၃၅ ခုနှစ် မတ်လ ၂၁ ရက်၌ ဖွားမြင်ခဲ့ပြီး ငယ်မည်မှာ မောင်စိန်ရ ဖြစ်ကာ အသက် ၁၁ နှစ် အရွယ်တွင် ရှင်သာမဏေပြုခဲ့ပြီး ဘွဲ့ တော်မှာ ရှင်မာဃဝ ဟု ခေါ်တွင်ခဲ့ကြောင်း သိရသည်။
ရှင်သာမဏေဘဝဖြင့် ဗုဒ္ဓစာပေကျမ်းဂန်များ လေ့လာဆည်းပူးခဲ့ပြီး အသက် ၁၇ နှစ်အရွယ်တွင် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဃိယ (စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး)ထံ၌ ဗုဒ္ဓစာပေများ လေ့လာ သင် ယူဆည်းပူးရန် ရောက်ရှိခဲ့သည်။
ထို့နောက် ဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဃိယက ရှင်မာနိတဟု ဘွဲ့အမည် ပြောင်းလဲခဲ့ပြီး သက်တော် ၂၀ တွင် ရဟန်းခံကာ စာပေကျမ်းဂန်ပေါင်းများစွာ ရေးသား၍ သာသနာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။
ထိုကဲ့သို့ သာသနာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အတွက် အစိုးရက မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ပဏ္ဍိတ စသည့်ဘွဲ့တံဆိတ်တော်များ ကပ်လှူပူဇော်ခဲ့ပြီး ၁၉ ကြိမ်မြောက် ရွှေကျင် နိကာယ သံဃာ့ အစည်းအဝေးပွဲကြီး၌ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက အဖြစ် ရွှေကျင်ဂိုဏ်းကြီးတွင် တာဝန်ယူ၍ သာသနာ့ဝန် များကို ဆက်လက် ထမ်းဆောင်စေကြောင်း သိရသည်။
မတ္တရာ သူဌေးကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တမာနိတ သိရီဘိဝံသ၏ အန္တိမဈာပန သာဓုကီဠန ပူဇာပွဲအကြို ဓမ္မသဘင်ကို ဇွန် ၂၆ ရက်၌ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၊ ဇွန် ၂၇ ရက်တွင် တိပိဋက ယောဆရာတော် အရှင် သိရိန္ဒာ ဘိဝံသ၊ ဇွန် ၂၈ ရက်တွင် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင် နန္ဒာမာလာဘိဝံသ တို့က ညစဉ် ၇ နာရီမှစ၍ တရား တော်များဟောကြား ချီးမြှင့်မည် ဖြစ်ပြီး ဇွန် ၂၉ ရက် မွန်းတည့် ၁၂ နာရီတွင် အန္တိမ ဈာပန သာဓုကီဠနပူဇာ ဓမ္မကထာကို သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ က ဟောကြား ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ၊ တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပွဲကို ဇွန်၂၉ ရက်နေ့လယ် ၁၂ နာရီအချိန်၌ အေးရိပ်ငြိမ်သုဿန်(ကြာနီကန်)၌ ကျင်းပမည် ဟု ဈာပနကျင်းပရေး ကော်မတီဝင် ဆရာတော် မိန့်ကြား သည်။