သတင်း

စာရေးဆရာ မောင်သွေးချွန် မင်းကင်းရဲစခန်းတွင် လာရောက်အဖမ်းခံ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲခံထားရသည့် စာရေးဆရာမောင်သွေးချွန်သည် ယနေ့ နံ နက်ပိုင်းက မင်းကင်းမြို့နယ်ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ပြီးနောက် မင်းကင်းမြို့နယ်တရားရုံး၌ ပထမအကြိမ်ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

“အဖမ်းခံတယ်လို့ပဲ ပြောရမှာပေါ့။ အဖမ်းမခံလို့ရှိရင်လည်း ရဲဖမ်းတာခံရမှာ။ အဲဒါကြောင့် သူကိုယ်၌ အဖမ်းခံတယ်ဆိုတာ လုပ်တဲ့သဘောပါ” ဟု တရားခွင်သို့ သွားရောက်နားထောင်ခဲ့သူ မင်းကင်းမြို့နယ်ဒေသခံ ကိုကျော်မင်းအောင်က ဧရာဝတီ ကို ပြောပြသည်။

ဆက်လက်၍ ၎င်းက ယနေ့ရုံးထုတ်စစ်ဆေးမှုတွင် တရားလိုဖြစ်သူ မင်းကင်းမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်ကို စတင်စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းကို ဇူလိုင် ၃ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်ဟု ဆိုသည်။

စာရေးဆရာမောင်သွေးချွန် မင်းကင်းရဲစခန်းသို့ လာရောက်အဖမ်းခံကြောင်း၊ ပထမအကြိမ် ရုံးထုတ်စစ်ဆေးမှုနှင့် ဒုတိယ အကြိမ်ရုံးထုတ်မည့် ရက်တို့နှင့်ပတ်သက်၍ မင်းကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက လည်း အတည်ပြုပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ၂၀၁၈ မတ်လအတွင်းက ပြုလုပ်ခဲ့သော တရားပွဲ တခု၌ ပြောဆိုချက်များနှင့် ပတ်သက်၍ စာရေးဆရာမောင်သွေးချွန်ကို ဦးနိုင်နိုင်ဇော်က တရားလိုပြုလုပ်ကာ မေ ၂၁ တွင် မင်းကင်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ဇွန် ၁၁ ရက်တွင် စာရေးဆရာမောင်သွေးချွန်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် စစ်ဆေးရန် မင်းကင်းမြို့နယ်တရားရုံး က အမိန့်ချခဲ့ကြောင်း သိရသည်။

ယင်းတရားပွဲတွင် စာရေးဆရာ မောင်သွေးချွန်က ဥပဒေပြဋ္ဌာန်းသည့်လွှတ်တော်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော် ဥက္ကဋ္ဌ နှစ်ယောက်စလုံးသည် ခရစ်ယာန်များဖြစ်သွားပြီဖြစ်ပြီး ဗုဒ္ဓဘာသာများ အနားမကပ်နိုင်တော့ကြောင်း၊ ၎င်းတို့ တောင်းဆိုခဲ့သည့် မျိုးစောင့်ဥပဒေသည် လွှတ်တော်ထဲတွင် မကြာခင် ဖျက်သိမ်းကောင်းဖျက်သိမ်းနိုင်ကြောင်း၊ ခရစ်ယာန် နှင့်မွတ်ဆလင်ပေါင်းပြီး ဗုဒ္ဓဘာသာကို အမြစ်ပြတ်ချေမှုန်းခြင်းစီမံကိန်းစနေပြီဖြစ်ကြောင်း စသည်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

တရားစွဲခံရမှုနှင့်ပတ်သက်၍ စာရေးဆရာမောင်သွေးချွန်ကို မေ ၂၅ ရက်က မေးမြန်းခဲ့ရာ ၎င်း၏ပြောဆိုချက်များသည် ဂျာနယ်၊ မဂ္ဂဇင်းစာစောင်များတွင် ရေးသားခဲ့မှုမျှပင် မပြင်းထန်ဘဲ ဘင်္ဂါလီ၏ရန်ကို ကာကွယ်ရန် အရှိတရားများနှင့် စပ်ဆက်၍ ပြောဟောခဲ့ခြင်းသာဖြစ်ကြောင်း၊ တရားစွဲဆိုမှုကိုလည်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။

စာရေးဆရာမောင်သွေးချွန်သည် အမျိုးသားရေးစာရေးဆရာအဖြစ် လူသိများပြီး ၎င်းဦးဆောင်သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင်ဟောင်းများဖြင့်ပါဝင်ဖွဲ့စည်းထားသည့် မျိုးချစ်ညီညွတ်ရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် (UEC) က ပယ်ချခဲ့သည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)(ဂ) အရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဆက်စပ်ဖတ်ရှုရန် – စာရေးဆရာ မောင်သွေးချွန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

Did you find apk for android? You can find new Free Android Games and apps.
Loading