မုဒိမ်းမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့ ၇ ကြိမ်မြောက် ရုံးချိန်းမှာတော့ မှုခင်း ဆရာဝန်နဲ့ တရားလိုတို့လို စစ်ဆေးခဲ့ရာ ကျင့်ခံရသူနဲ့ ပြုကျင့်သူတို့မှာ သုတ်ပိုး၊ သုတ်ရည် တွေ့ရှိခဲ့ခြင်း မရှိဘူး ဆိုပြီး စွပ်စွဲခံရသူရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။
“ဒီမုဒိမ်းမှုနဲ့ ပတ်သက်ပြီးတော့ သုတ်ပိုး၊ သုတ်ရည် တွေ့ရှိခြင်း မရှိပါဘူး ဆိုတဲ့အချက်ကို ပေါ်လွင်အောင် စစ်ဆေးခဲ့ ပါတယ်။ ဒီမုဒိမ်းမှုနဲ့ ပတ်သက်ပြီး သုတ်ပိုး၊ သုတ်ရည် အဓိက တွေ့ရှိရမှာ၊ အခုကျင့်တဲ့သူရော ၊ အကျင့်ခံရတဲ့သူရောမှာ မရှိပါဘူးဆို မီဒီယာတွေရော ဘယ်လိုအဖြေပေးမလဲ” လို့ စွပ်စွဲခံရသူရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။
ဆက်လက်ပြီး စွပ်စွဲခံရသူရဲ့ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက တရားလိုနဲ့ ပတ်သက်ပြီး “တရားလိုက ဒီအမှုကို လာထွက်တဲ့နေရာမှာ သူ့ရဲ့ အမေအဖေအရင်းနဲ့ အထောက်အထားတွေနဲ့ ပတ်သက်လို့ မွေးစာရင်း၊ စမွေး ကတည်းက နေပြီးတော့ ရုံးကိုလိမ်ပြီး တင်ပြခဲ့တာ တချက်ပေါ်တယ်။ နောက်တခု Free Model အနေနဲ့ ရပ်တည် နေတယ်။ ထိန်းကွပ်သူ ဒါရိုက်တာ မရှိဘူး။ မော်ဒယ်အနေနဲ့ လုပ်ကိုင်တာ ပေါ်ပေါက်တယ်။ ပြီးတော့ ဆေးစစ်ချက်နဲ့ ပတ်သက်ပြီး ထိုးသွင်းဒဏ်ရာမရှိပါဘူး” လို့ ပြောပါတယ်။
ဒီနေ့စစ်ဆေးခဲ့မှုမှာတော့ သက်သေခံအထောက်အထားတခု အနေနဲ့ Cele 7 မှရိုက်ကူးထားတဲ့ ဗီဒီယိုတခုကို တင်ပြခဲ့ပြီး အဲဒီဗီဒီယိုဖိုင်ကို တရားရုံးဘက်က လက်ခံခြင်းရှိမရှိကိုတော့ နောက်တကြိမ်ရုံးချိန်းဖြစ်တဲ့ ဇူလိုင် ၂ ရက်နေ့မှာ အမိန့်ချမယ် လို့ သိရပါတယ်။
“မှုခင်းဆရာဝန်ကြီး ဒေါက်တာမင်းသူလာတယ်။ ကာယကံရှင်ကို အပြန်အလှန်မေးခွန်း ဆက်လက်မေးမြန်းတယ်။ မေးမြန်းနေတဲ့ အချိန်မှာပဲ Cele 7 က တင်ထားတဲ့ အင်တာဗျူး အခွေကိစ္စမှာ ရပ်တန့်သွားတယ်။ Cele 7 က အင်တာဗျူး အခွေကို သက်သေခံ တင်တယ်။ တရားလိုဘက်ကနေ ကန့်ကွက်တယ်။ ဓာတ်ပုံတွေ ထုတ်ပါ စာသားတွေကို ရေးပြီး တင်ပါလို့ တင်ပြတယ်။ ရုံးကလာမယ့် ၂ ရက်နေ့မှာ အမိန့်ချပေးမယ်။ အဲဒီအခွေကို လက်ခံ၊ မခံကိုလေ” လို့ တရားလိုရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
တရားလိုဖြစ်သူ စူးရှထက်အနေနဲ့ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုဖိုင်များ ၊ ဓာတ်ပုံများ ၊ သူမရဲ့ နေထိုင်မှုပုံစံများနဲ့ ပတ်သက်ပြီး ဒီအမှုကိစ္စကို ထိခိုက်စေနိုင်လားဆိုတာကိုလည်း တရားလိုရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က အခုလိုပဲ ပြောပါတယ်။
“မရှိပါဘူး။ အဲဒါမဆိုင်ဘူး။ သူ့ရဲ့အနုပညာ စီးပွားရေးကိစ္စတွေ ဒီအမှုမှာ သက်ရောက်မှု မရှိပါဘူး” လို့ ဖြေဆိုပါတယ်။ အဆိုတော် အစ္စဏီအနေနဲ့လည်း စစ်ဆေးမေးမြန်းမှုများအပြီး အချုပ်ကားပေါ်သို့ ပြန်လည်တက်ခါနီးမှာ “ယုံကြည်ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။ အချိန်က စကားပြော သွားပါလိမ့်မယ်” လို့ ပြောသွားခဲ့ပါတယ်။
အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော် ကိုတော့ တာမွေမြို့နယ် တရားရုံးမှာ ဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄ ၊၃၂၃ တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ယနေ့ပြုလုပ်တဲ့ ရုံးချိန်းကတော့ ၇ ကြိမ်မြောက်ပဲ ဖြစ်ပါတယ်။