သတင်း

တတိယပင်လုံသို့ လက်နက်ကိုင် အဖွဲ့အားလုံး ဖိတ်ကြားမည်

Want create site? Find Free WordPress Themes and plugins.

လာမည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် တတိယအကြိမ်မြောက် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားရန် မူအားဖြင့် သဘောတူညီမှု ရရှိထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ သတင်းရရှိသည်။

UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက “နိုင်ငံတကာကတော့ ထုံးစံအတိုင်း ဖိတ်ကြားမှာပဲ။ ကုလသမဂ္ဂဆိုရင်လည်း ဘယ်သူ တက်နိုင်မလဲပေါ့။ နိုင်ငံရေးပါတီခေါင်းဆောင်တွေကို မူလအတိုင်း ဖိတ်ကြားမယ်။ တဦး ချင်းဖိတ်ကြားမယ်။ နောက်လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တော်တော်များများ ဖိတ်ကြားမယ်”ဟု ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် UPDJC အတွင်းရေးမှူး အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၁၅ ခု ချမှတ်ခဲ့ပြီး ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ လုပ်ငန်းကော်မတီ အစည်းအဝေးများ ဆက်လက်ပြုလုပ်ကာ ရရှိလာသည့် ဆုံးဖြတ်ချက်များကို ဇူလိုင်လ ၂၉ ရက်နေ့ တွင် ပြုလုပ်မည့် UPDJC အစည်းအဝေးသို့ ဆက်လက် တင်ပြသွားမည်ဟု သိရသည်။

၂၁ ပင်လုံ အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို ဖိတ်ကြားမည်ဟု မူအားဖြင့် သဘောတူထားသော်လည်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ AA နှင့် MNDAA တို့ကို ဖိတ်ကြားရန် သင့်၊ မသင့်ကို အစိုးရနှင့် တပ်မတော်တို့ ညှိနှိုင်းရ ဦးမည်ဟု ဖြစ်ကြောင်း ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများက ပြောသည်။

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးဇော်ဌေးက“အစိုးရနဲ့ တပ်မတော်ညှိပြီးတော့ ၃ ဖွဲ့လုံး ဖိတ်မလား၊ မဖိတ်ဘူးလားဆိုတာ ညှိရဦးမယ်။ သို့သော် မူအားဖြင့် ဒီညီလာခံက အားလုံးပါဝင်ဖို့ မှန်းတဲ့အတွက် အားလုံးပါဝင်ရေးနဲ့ပဲ ချဉ်းကပ်တယ်။ သို့သော် Finalize နောက်ဆုံး ကွန်ဖန်းမေးရှင်းထပ်ပြီး လုပ်ဖို့ လိုသေးတယ်”ဟု ပြောသည်။

ဆွေးနွေးသင့်သည့် ကဏ္ဍကြီး ၅ ခုမှ ဆွေးနွေးခွင့်ရမည့် အကြောင်းအရာများကို ပြင်ဆင်ထားပြီး တိုင်းပြည်၏ နိုင်ငံရေး ပြဿနာကို တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းမှ အဖြေရှာရေး ကြိုးပမ်းရဦးမည်ဖြစ်ကြောင်း၊ ဆွေးနွေးရမည့် အကြောင်းအရာများသည် ကြီး သည်ဖြစ်စေ၊ သေးသည် ဖြစ်စေ ဒီမိုကရေစီ ပြည်ထောင်စုအတွက် အထောက်အကူ ပြုမည့် မူဝါဒများပင် ဖြစ်ကြောင်း အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ဒုတိယ ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောသည်။

“နိုင်ငံရေး ကဏ္ဍမှာပဲ ဆွေးနွေး၊ ဆွေးနွေး၊ လုံခြုံရေး ကဏ္ဍမှာပဲ ဆွေးနွေး၊ ဆွေးနွေး အရေးကြီးတဲ့ အကြောင်းအရာတွေပါပဲ။ ဘယ်ဟာက ပိုအရေးကြီးတယ်ဆိုတာမျိုးကတော့ ခွဲခြားသတ်မှတ်ထားတာ မရှိဘူးပေါ့။ ဘယ်အချက်တွေ ရနိုင်မလဲဆိုတာကတော့ လက်တွေ့ ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့ သဘောတူညီချက် ရနိုင်တဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ညီလာခံကို ပုံမှန်အားဖြင့် ၅ ရက် ကျင်းပလေ့ရှိသော်လည်း ယခု အကြိမ်တွင် ၄ ရက်ဖြင့် လုပ်နိုင်ခြင်း ရှိ၊ မရှိကို လေ့လာနေကြောင်း၊ ညီလာခံတွင် ဆွေးနွေးမည့် အခင်းအကျင်းကိုလည်း ကဏ္ဍအလိုက် အစည်းအဝေးများကို ဆွေးနွေးခြင်းထက် အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းမျိုးကို ဦးစားပေး၊ အချိန်ပိုပေးရန် ရှိကြောင်း သိရသည်။

ထို့ပြင် ဒုတိယ အကြိမ် အစည်းအဝေးတွင် အကျပ်အတည်း ဖြစ်ခဲ့ရသည့် ခွဲမထွက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ကိစ္စ များကို ယခုအကြိမ်တွင် ဆွေးနွေးဦးမည် မဟုတ်ဘဲ တတိယအကြိမ် ဆွေးနွေးပွဲပြီးမှသာ သက်ဆိုင်သူများက ဆက်လက်ဆွေးနွေးရန် သဘောတူထားကြောင်းလည်း သိရသည်။

“ဒီညီလာခံမှာ နိုင်ငံရေးကိစ္စဆိုရင် အထူးသဖြင့် ကျနော်တို့ အဓိက အရေးကြီးတဲ့ နိုင်ငံရေးအရ Package ကိစ္စမပါသော်လည်းပဲ လူနည်းစုအခွင့်အရေး၊ ကျား၊ မ တန်းတူညီရေး ဒီကိစ္စတွေကို နိုင်ငံရေးပိုင်းမှာ အလေးထားပြီး ဆွေးနွေးမယ်။ အထူးသဖြင့် လုံခြုံရေးနဲ့ ပက်သက်လို့ လုပ်ငန်းကော်မတီမှာ အချို့ကို ဆွေးနွေးသွားမယ်။ ဆွေးနွေးတဲ့ဟာကလည်း EAOs (တိုင်းရင်းသား လက်နက်ကိုင်)နဲ့ တပ်မတော် အလွတ်သဘော ဆွေးနွေးပွဲမှာ သဘောတူညီတဲ့အချက်တွေအပေါ် အခြေခံပြီး ဆွေးနွေးမယ်”ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကို ပုံမှန်အားဖြင့် ၆ လတကြိမ်ကျင်းပရန် သဘောတူညီ ထားကြသည်။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင်ပြေခြင်းမရှိဟုဆိုသည့် အကြောင်းပြချက်များဖြင့် တနှစ်ပြည့်ချိန်အထိ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မကျင်းပနိုင်သဖြင့် လာမည့် ဇူလိုင်လတွင် ကျင်းပရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading