သတင်း

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးဌာနတခု သမ္မတရုံးတွင် ဖွင့်

Want create site? Find Free WordPress Themes and plugins.

မူးယစ်ဆေးဝါးထုတ်လုပ်မှု ရောင်းဝယ်ဖောက်ကားမှု နှင့် ပတ်သက်၍ သတင်းပေး တိုင်ကြားမှုများ ပေးပို့လာသည့် အချက်အလက်များကို လုံခြုံစေရန်အတွက် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေး ဌာနကို နိုင်ငံတော် သမ္မတ ရုံးတွင် ဖွင့်လှစ်ထားပြီး ဖြစ်သည်ဟု သမ္မတ ဦးဝင်းမြင့် ကပြောသည်။

ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်ရှိ MICC – 2 တွင် ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးစားမှု နှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အဖွင့် မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမြင့်က“မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေ၊ ရောင်းဝယ်ဖောက်ကားသူတွေနဲ့ စပ်လျဉ်းပြီး သတင်းပေးတိုင်ကြားနိုင်မယ့် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို တခုကို ကျနော်တို့ နိုင်ငံတော် သမ္မတရုံးမှာ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ မူးယစ်ဆေးဝါးများကို စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း များကို ထိထိရောက်ရောက် ဖော်ထုတ်ပြီး ပြစ်ဒဏ်များ ချမှတ်နိုင်ရန်နှင့် ထိုကဲ့သို့ အမှုများကိုဖော်ထုတ်ရာတွင်လည်း ကွင်းဆက်များအားလုံး မပျောက်ပျက်အောင် အဆုံးထိ စုံစမ်းဖော်ထုတ်နိုင်ရန်နှင့် သတင်းပေါက်ကြားမှုများ မဖြစ်ပေါ်စေရန် အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး အဖွဲ့ကို သီးခြား ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

တိုင်ကြားသူများ နှင့် သတင်းပေးသူများအနေဖြင့် အဆိုပါ ဌာနကို ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များ၊ ဖက်စ်နံပါတ်များ နှင့် အီးမေးလ် လိပ်စာများကို အမြန်ဆုံး ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ကြောင်း၊ တိုင်ကြားသူ၏ လုံခြုံရေး သတင်း အချက်အလက်များ မပေါက်ကြားရေး အတွက် လုံခြုံမှု အဆင့် အတန်း မြင့်မားရန် အတွက်လည်း သတ်မှတ်ပြီး ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော် သမ္မတရုံးတွင် ဖွဲ့စည်းထားသည့် အဖွဲ့သည် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်ရေး တပ်ဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ ယင်းတပ်ဖွဲ့ အနေဖြင့် ရန်ကုန် မန္တလေး၊ တောင်ကြီး၊ နေပြည်တော် မြို့ကြီးများတွင် အရေးပေါ် ပေါ်ပေါက်လာသည့် အမှုများကို ချက်ချင်း ဖမ်းဆီးနိုင်ရန် အတွက် ဖွဲ့စည်းထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ရွှေညာမောင်က သတင်း မီဒီယာများကို ပြောသည်။

“နိုင်ငံတော် သမ္မတရုံးမှာ ဖွဲ့စည်းထားတဲ့ အဖွဲ့နဲ့ ကျနော်တို့နဲ့က မဆိုင်ပါဘူး။ ကျနော်တို့ကမူးယစ် တပ်ဖွဲ့ဝင်တွေ၊ အရာရှိကြီးတွေ၊ ဒုတိယ ရဲမှူးကြီး အဆင့်တွေ၊ ဒုရဲမှူးအဆင့်တွေ ကဦးစီးထားပြီးတော့ ချက်ချင်းဆောင်ရွက်နိုင်အောင် အသင့် ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက လည်း “မူးယစ်ဆေးဝါးသုံးစွဲမှုကို ကုသ၍ ရသော ရောဂါ တခု အဖြစ် ယုံကြည်ပြီးဆေးစွဲသူများကို လူသားချင်းစာနာထောက်ထားမှု အပြည့်ဖြင့် ခွဲခြား ဆက်ဆံ ကင်းစွာ ကူသမှု အခွင့် အလမ်းများ တိုးမြှင့်စေရေး အတွက် ဆောင်ရွက်ပေးနေပါတယ်” ဟု အဆိုပါ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်ုသွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူးယစ်ဆေးဝါး မှုခင်းများသည် နယ်စပ်ဖြတ်ကျော် ဂိုဏ်းအဖွဲ့များ ကျူးလွန်သည့် မှုခင်းများနှင့် ဆက်စပ်လျှက်ရှိပြီး ကုန်သွယ်မှု လမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အတူ ဆန့်ကျင်ဘက် ရလာဒ် အဖြစ် မူးယစ်ဆေးဝါး အပါအဝင် တရားမဝင် ကုန်ပစ္စည်းများ သယ်ယူ ရောင်းဝယ်သည့် မှုခင်းများသည် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာမှု အပေါ် အမြတ်ထုတ် ဆောင်ရွက်မှုများရှိနေသည့် အတွက် နယ်စပ်ဖြတ်ကျော် မှုခင်းများကိုလည်း အရှိန်အဟုတ်မြှင့် တားဆီးဆောင်ရွက် မည်ဟု ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့ အထိ အမှုပေါင်း ၂၂၄၁ မှု ရှိခဲ့ပြီး မူးယစ်တရားခံ စုစုပေါင်း ၃၁၇၅ ဦးကို အရေးယူထားကြောင်း၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ယခုနှစ် အတွင်း မီးရှို့ ဖျက်ဆီးခဲ့သည့် တန်ဖိုးငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၅၃ ၃၂၄ သန်းကျော်၊ အမေရိကန်ဒေါ်လာ ၁၈၇.၆ သန်းကျော်ကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading