သတင်း

အိပ်ပျော်နေစဉ် ဖုန်းပေါက်ကွဲမှုကြောင့် မလေးရှားကုမ္ပဏီတခုရဲ့ CEO သေဆုံး

မလေးရှားအခြေစိုက် စွန့်ဦးရင်းနှီးမြှပ်နှံမှုကုမ္ပဏီ (Venture Capital Firm) တခုဖြစ်တဲ့ “Cradle Fund” ကုမ္ပဏီရဲ့ CEO ဖြစ်သူ Nazrin Hassan ဟာ အိပ်ပျော်နေတုန်း ဖုန်းပေါက်ကွဲမှုကြောင့် လွန်ခဲ့တဲ့ တပတ်က သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

Nazrin Hassan ရဲ့ သေဆုံးမှုအကြောင်းရင်းဟာ မီးခိုးငွေ့တွေ ရှူရှိုက်မိတာကြောင့် ဖြစ်တယ်လို့ ထင်ခဲ့ကြပေမယ့် ၊ ရင်ခွဲစစ်ဆေးချက်အရ အိပ်ပျော်နေတုန်း ဘေးနားမှာ အားသွင်းထားတဲ့ ဟန်းဖုန်းပေါက်ကွဲမှု ဒဏ်ရာတွေကြောင့် Hassan တယောက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ Cradle Fund ကုမ္ပဏီက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

Hassan ရဲ့ ယောက်ဖဖြစ်သူကတော့ Hassan မှာ BlackBerry နဲ့ Huawei ဖုန်းနှစ်လုံးရှိပြီး၊ ဘယ်ဖုန်းက ထပေါက်ကွဲခဲ့လဲ ဆိုတာကိုတော့ မသိရသေးကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ လတ်တလော သိရှိထားတဲ့သတင်းတွေမှာ စမတ်ဖုန်းပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးဟာ Hassan အိပ်နေတဲ့ မွေ့ယာ ပေါ်ကို စွဲလောင်ခဲ့ပြီးနောက် အခန်းကိုပါ မီးကူးကျွမ်းခဲ့ပြီး၊ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

တချို့သတင်းတွေမှာတော့ ဖုန်းပေါက်ကွဲမှုကြောင့် လွင့်စင်လာတဲ့ ဖုန်းအစအနတွေဟာ Hassan ကို ထိပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေကတော့ သေဆုံးမှုအကြောင်းရင်းကို အခုအချိန်ထိ တရားဝင် မကြေညာသေးပါဘူး။

Cradle Fund ကုမ္ပဏီဟာ မလေးရှားစီးပွားရေးဝန်ကြီးဌာနပိုင်ကုမ္ပဏီတခုဖြစ်ပြီး နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေနဲ့ Starups ကုမ္ပဏီလေးတွေကို ငွေကြေးအရင်းအနှီး စိုက်ထုတ်မြှပ်နှံပေးနေတဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။ Hassan သေဆုံးချိန်မှာ အသက် ၄၅ နှစ်အရွယ် ရှိပြီး၊ ဇနီးနဲ့ သားသမီး ၃ ယောက် ကျန်ရစ်ခဲ့ကြောင်း သိရှိရပါတယ်။

Ref: NDTV, Android Police, DailyMail

Loading