သတင်း

MIC မျှော်မှန်းသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ပြည့်မီရေး အခက်အခဲရှိ ဟုဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားမှု ရှိသော်လည်း နိုင်ငံရေးနှင့် ဆက်စပ်သည့် အဟန့်အတားများ ရှိနေသဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)၏ ယခုနှစ် အတွက် လျာထားချက် ပြည့်မီရေး ပင် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)ရုံးတွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲ၌ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ယင်းသို့ ပြောခြင်း ဖြစ်သည်။

ဦးအောင်နိုင်ဦး “မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် စိတ်ဝင်စားလို့ လာရောက် စုံစမ်းတဲ့ ဧည့်သည်တွေက မနှစ်ကနဲ့ ယှဉ် ရင် ဒီနှစ်ကတောင် များသေးတယ်။ စိတ်ဝင်စားမှုက မလျော့ဘူး။ ဒါပေမယ့် တကယ် လာလုပ်ဖို့ကျတော့ တခြား နိုင်ငံရေး နဲ့ ဆက်စပ်တဲ့ ကန့်သတ်ချက်တွေ သူတို့မှာ ရှိလာတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် လတ်တလော ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် နှုန်းထားအား ကြည့်မည်ဆိုလျှင် MIC မျှော်မှန်းထားသည့် ရင်းနှီး မြှုပ်နှံမှု ပမာဏ လျာထားချက် ပြည့်ရေးပင် အခက်အခဲ ရှိနေကြောင်း ဦးအောင်နိုင်ဦး က သုံးသပ်သည်။

၂၀၁၈ ဘတ်ဂျက် ကြားကာလ ခြောက်လအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရရှိရန် ခန့်မှန်း ထားသော်လည်း ပြီးခဲ့သည့် ဧပြီလမှ ယခု ဇွန်လ အထိ သုံးလအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ဒေါ်လာသန်း ၅၀၀ ကျော်သာ ရှိနေသေးကြောင်း DICA မှ သိရသည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ကာလတူ နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ သန်း ၁၃၀၀ ကျော်ရရှိခဲ့သောကြောင့် ယခင်နှစ်ထက် များစွာ လျှော့နည်းနေသည် ဟု DICA စာရင်းများ၌ ဖော်ပြထားသည်။

ဆက်လက်၍ ဦးအောင်နိုင်ဦးက “ဥပမာ ဥရောပနိုင်ငံတွေက မြန်မာပြည်လာပြီး ရင်းနှီးမြှုပ်နှံဖို့ ဆိုရင် ကျနော်တို့မှာ ရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ဆုံးဖြတ်ချက်ချပြီး လာဖို့ သူတို့မှာ မဖြစ်နိုင်ဘူး။ ဒါမျိုးလေးတွေ ကျနော် တို့မှာ ရှိတယ်” ဟု ရှင်းပြသည်။

အရှေ့တောင်အာရှ နိုင်ငံများမှ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာမူ ကျဆင်းသွားခြင်း မရှိဘဲ ဥရောပနိုင်ငံများမှ ဝင် ရောက် ရင်းနှီးမြှုပ်နှံမှုမှာ အားနည်းသွားကြောင်း ၎င်းက ပြောသည်။

“အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ဖို့ လက်ရှိက နိုင်ငံရေး ရခိုင်အရေးနဲ့ ဆက်စပ်ပြီး အဟန့်အတား သဖွယ် ဖြစ်နေသေးတယ်။ တချို့ကလည်း ဒီကိစ္စက တိုင်းပြည်ထဲမှာ ဖြစ်တဲ့ကိစ္စ စီးပွားရေးနဲ့ မဆိုင်ဘူးဆိုပြီး လာလုပ်ကြတဲ့ နိုင်ငံ တွေလည်း ရှိတယ်။ ဒါပေမယ့် နည်းနေသေးတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူးလည်း ဖြစ်သူ ဦးအောင်နိုင်ဦး က ဆိုသည်။

၎င်းက ဆက်လက်၍ “ဒီနှစ်ကတော့ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် တာထွက်သိပ်မကောင်းလှဘူး။ နောက် သုံး လ အတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံလောက် ထပ်ရဖို့က နည်းနည်းတော့ ကျနော်တို့မှာ အခက်အခဲရှိပါတယ်” ဟု ပြောသည်။

သို့သော် ဝန်ကြီးဌာနအချို့၌ စီမံကိန်းကြီးများ ပြုလုပ်ရန် ရှိနေသောကြောင့် ယင်းစီမံကိန်းတို့ကို ယခု သုံးလ အတွင်း ပြုလုပ်မည်ဆိုပါက ရည်မှန်းထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျော်လွန်နိုင်မည် ဖြစ်ကြောင်း ဦးအောင်နိုင်ဦး က သုံး သပ်သည်။

“ဥပမာအားဖြင့် စွမ်းအင်နဲ့ လျှပ်စစ်မီးပေးမယ့် ကိစ္စမျိုးများကို လျှပ်စစ်ဝန်ကြီးဌာနနဲ့ ညိုနှိုင်းမှုတွေ ရှိနေပါတယ်။ အဲဒီလို  ရင်းနှီးမြှုပ်နှံမှု ပမာဏက ငွေကြေး ဘီလီယံနဲ့ ချီတဲ့ လုပ်ငန်းတွေ ဖြစ်တာကြောင့် ဝင်လာမယ်ဆိုရင် ရည်မှန်းချက် ပမာဏ ပြည့်မီ နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အားနည်းနေသည့် အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံ ဝင်ရောက်ရန် လိုသကဲ့သို့ ပြည်တွင်း၌ ရှိနေပြီးသား ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ပြန်လည် မထွက်သွားစေရန် အတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ခိုင်မာစွာ ပြုလုပ်ရန်လည်း လိုနေသေးကြောင်း ပြည်တွင်း စက်မှုဇုန် လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ သုံးသပ် ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading