သတင်း

ဖွဲ့စည်းပုံ ပြင်ရန် NLD ကြိုးစားဆဲ

Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကတိကဝတ်ကို အကောင်အထည်ဖေါ်ရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီး ဇွန်လ ၂၄ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒု ဥက္ကဌက ပြောကြားခဲ့သည်။

NLD ပါတီညီလာခံ၏ အခြားရည်ရွယ်ချက်တခုမှာ တနိုင်ငံလုံး ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ရန် တွန်းအားပေးရေး ဖြစ်သည်ဟု ပါတီ ဒုတိယဥက္ကဌ (၂) ဖြစ်သူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်ဇော်မြင့်မောင်က ပြောဆိုသည်။

အစိုးရသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအပြင် ငြိမ်းချမ်းရေးညီလာခံမှတဆင့် ဖြေရှင်းရန် ကြိုးစားနေကြောင်း ဒေါက်တာ ဇော်မြင့်မောင် အလေးထားပြောသည်။

၂၁ ရာစုပင်လုံ (ခေါ်) ငြိမ်းချမ်းရေးညီလာခံများတွင် စေ့စပ်ညှိနှိုင်းသူများသည် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာမူဝါဒများ ချမှတ်ကာ ပြည်ထောင်စုသဘောတူညီချက်အဖြစ် ရယူပြီး ထိုပြည်ထောင်စုသဘောတူညီချက်ကို လွှတ်တော်တင်ကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးကို ကြိုးစားနေကြသည်။

ယမန်နှစ်မေလက ကျင်းပသော ငြိမ်းချမ်းရေး ညီလာခံတွင် အစိုးရ၊ တပ်မတော်နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် စေ့စပ်ညှိနှိုင်းသူများသည် ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံမူ ၃၇ ချက်ကို သဘောတူခဲ့ကြပြီး ထိုသဘောတူညီချက်များကို ပြည်ထောင်စု သဘောတူညီချက် ပထမပိုင်း ဟု သတ်မှတ်ခဲ့သည်။

သို့သော် ထိုအချက်များထဲတွင် အဓိကကျသော ဖက်ဒရယ်မူဝါဒများ ကင်းမဲ့နေသည်ဟု ဝေဖန်မှုများ ရှိနေသည်။

“ဒီငြိမ်းချမ်းရေး (မရသေးတာဟာ) ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမြစ်တွယ်ရေးအတွက် အဟန့်အတား ဖြစ်နေတယ်ဆိုတာလည်း သိပါတယ်။ ဒါကြောင့်မို့လည်း ဒီငြိမ်းချမ်းရေး တည်ဆောက်ရေးဟာ ဒီဟာကို ဆက်ပြီး တွန်းအားပေးဖို့ ဆိုပီး ကျနော်တို့ ဒီညီလာခံကို လုပ်တာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတယ်ဆိုတာ သိပါတယ်” ဟု ဒေါက်တာဇော်မြင့်အောင်က ပြောဆိုခဲ့သည်။

လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ယခုနှစ် ဖေဖေါ်ဝါရီလက လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်း နောက်ထပ် ၂ ခု လက်မှတ်ရေးထိုးခဲ့သဖြင့် NCA လက်မှတ်ရေးထိုးသော အဖွဲ့အစည်း ၁၀ ခု ရှိလာသည်။ အစိုးရသည် NCA လက်မှတ်ရေးထိုးသောအဖွဲ့ ထပ်တိုးလာအောင်ကြိုးစားနေပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် တရုတ်မြန်မာနယ်စပ်တလျှောက်မှ လက်နက်ကိုင်တပ်များနှင့်လည်း ဆွေးနွေးနေသည်။

ဇူလိုင်လလယ်တွင် ကျင်းပရန် စီစဉ်ထားသော တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် KNPP သည် NCA လက်မှတ်ရေးထိုးသောအဖွဲ့ဖြစ်လာရန် မျှော်လင့်ကြောင်း အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်နှင့် NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ဇွန်လ ၂၄ ရက်နေ့တွင် ဧရာဝတီသတင်း ဌာနသို့ ပြောဆိုသည်။

KNPP လက်မှတ်ရေးထိုးမည် မထိုးမည်နှင့်ပတ်သက်၍မူ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေချိန် အသေးစိတ်ပြောလျှင် အမှားအယွင်း ရှိနိုင်သောကြောင့်ဟုဆိုကာ အသေးစိတ်ပြောကြားခြင်းမရှိပေ။

ညီလာခံတွင် NLD ပါတီ ခေါင်းဆောင်များက နိုင်ငံရေးနှင့် လူထုစည်းရုံးရေးအစီရင်ခံစာများ တင်သွင်းခဲ့ကြပြီး ငြိမ်းချမ်းရေး အားထုတ်မှုများနှင့် တိုးတက်မှုများကို ပါတီကိုယ်စားလှယ်များအား အသိပေးခဲ့သည်ဟု သိရသည်။

ဇွန်လ ၂၃ ရက်နေ့တွင် NLD သည် တက်ရောက်လာသော တနိုင်ငံလုံး မှ ကိုယ်စားလှယ် ၁၀၅၆ ဦးအနက်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သစ် ခြောက်ဦးနှင့် ဗဟိုကော်မတီဝင်သစ်များကိုလည်း ရွေးချယ်ခဲ့သည်။

နောက်တနေ့တွင် ဗဟိုကော်မတီဝင် အသစ်နှင့် အဟောင်း ၁၇၆ ဦးတို့သည် ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထိုအထဲတွင် သမ္မတလမ်းညွှန်ချက်များဖြစ်သော တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ပါဝင်သည်။

ထို့အပြင် အနိုင်ရပါတီ၏ရှေ့လုပ်ငန်းစဉ်များတွင် ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများ အောင်နိုင်ရေး၊ ပါတီ ခိုင်မာအားကောင်းရေးအတွက် စနစ်တကျ တည်ဆောက်ရေး စသည်တို့လည်း ပါဝင်သည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြသော ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်းနှင့် ဒေါက်တာ မျိုးညွန့်တို့က ပါတီ၏ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုများ၊ ပြည်သူ့ဘဝတိုးတက်ရေးနှင့် ပါတီခေါင်းဆောင်မှုမျိုးဆက်သစ် များ ပါလာရေးစသည်တို့နှင့် ပတ်သက်သော သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

လုပ်ဆောင်စရာများစွာ ရှိနေဆဲ

ပြည်သူလူထု ခံစားနေရသော စီးပွားရေးအခက်အခဲများနှင့် ငြိမ်းချမ်းရေးရအောင်လုပ်ဆောင်နိုင်ခြင်း မရှိခြင်း အထူးသဖြင့် မြောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် အနောက်ပိုင်းတို့တွင် ငြိမ်းချမ်းမှု မရှိခြင်းတို့ ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဝေဖန်ခံနေရသည်။

ပြည်သူများရင်ဆိုင်နေရသော ပြဿနာများကို ပါတီခေါင်းဆောင်များက သိရှိကြောင်းနှင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကြိုးစားနေကြောင်း ၎င်းတို့က ပြောသည်။

“ပြည်သူတွေ ဝေဖန်တွေဆိုတာ တခါတလေမှ မဟုတ်ဘူး။ နေ့တိုင်းပဲ။ ဝေဖန်သူတွေ ကျေနပ်အောင် ဝေဖန်ချက်တွေကို အကောင်းဆုံး ပြုပြင်နေတယ်။ ဝေဖန်တဲ့အတွက် မစိုးရိမ်ဘူး။ ဝေဖန်တာ အင်မော်ဖေးရှင်းရတယ်” ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီမိုကရေစီ နောက်ဆုတ်နေတယ်လို့ ပြောတာထက် ပြည်သူကြားမှာ ပြောနေတာက အချိန်ကြာလွန်းတယ် ကျုပ်တို့မှာ ဆင်းရဲနေပါပီ ငတ်နေပါပီလို့ ညည်းတွားတာ ပိုများတယ်။ အဓိကက ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် တိုးတက်မှု ရအောင်လုပ်ဖို့ပဲ။ တပြိုင်နက်တည်းမှာ အရေးကြီးတဲ့ စီးပွားရေးတိုးတက်မှုက မလိုက်လာသေးဘူး။ မရှိဘူးလို့ မပြောဘူး။ စီးပွားရေးအောင်မြင်တာတွေ ရှိတယ်။ သို့သော် တပြည်လုံး အတိုင်းအတာနဲ့ ထိုက်တန်တဲ့ ပြုပြင်ပြောင်းလဲမှု လိုအပ်နေတယ်။ NLD ပါတီကလည်း ဒါကို ကြိုးစားနေတယ်” ဟု သတင်းထောက်တဦး၏ အမေးကို ၎င်းက ဖြေကြားခဲ့သည်။

သိသာထင်ရှားသော အောင်မြင်မှုများရှိသကဲ့သို့ မမြင်သာသေးသော တိုးတက်မှုများ ရှိနေသည်ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။ “လမ်းစဉ်မှန်နေဖို့ပဲ ကျနော်တို့က ဦးတည်ဆောင်ရွက်တယ်” ဟုလည်း ဆိုသည်။

NLD အစိုးရသည် ကျန်ရှိသော သက်တမ်း နှစ်နှစ်အတွင်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း လဟယ်မြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကယ် က ဧရာဝတီသတင်းဌာနသို့ ပြောသည်။ သူသည် ခေါင်းဆောင်ပိုင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို စာနာနားလည်ကာ ထိုစိန်ခေါ်ချက်များ ကျော်လွှားနိုင်ရေးအတွက် အကောင်းမြင်သူတဦးဖြစ်သည်။

“တိုင်းရင်းသားတွေက NLD အပေါ်မှာ ထောက်ခံမှု ကျတယ်လို့တော့ လုံး၀ ပြောလို့မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLD လက်ရှိ အစိုးရအနေနဲ့ လုပ်ရမယ့်ဟာ (၂၀၂၀ အထိ) နောက်ထပ် ၂ နှစ်ကျော် ၃ နှစ်နီးပါး ကျန်နေသေးတယ့် အချိန်ကာလမှာ ဒါ ပြည်သူတွေအတွက် ပါတီပုံရိပ် အစိုးရပုံရိပ် တက်လာစရာ အများကြီး ရှိပါသေးတယ်” ဟု နာဂအမျိုးသား ဦးကယ်က ပြောသည်။

အစိုးရအဖွဲ့ဝင်ဖြစ်နေသော ပါတီခေါင်းဆောင်များကမူ ယနေ့အထိ ၎င်းတို့အစိုးရ ဆောင်ရွက်ချက်များကို ကျေနပ်အားရသော်လည်း ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရေးအတွက် လုပ်ဆောင်ရန် များစွာရှိနေသေးကြောင်း ပြောသည်။

အစိုးရဆောင်ရွက်ချက်တွေအပေါ် ”ကျေနပ်သလားဆိုတော့ ကျနော်တို့ ကျေနပ်တယ်။ ဘာလို့လဲဆို ကျနော်တို့ စေတနာ သန့်သန့်နဲ့ လုပ်ဆောင်တာဖြစ်လို့” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှ မဲဆွယ်ကတိများနှင့် ပတ်သက်သည့် အောင်မြင်မှုများ မည်သည့်အတိုင်းအတာထိ ရှိသည်ကို NLD ခေါင်းဆောင်များက ရှင်းလင်းပြောကြားခြင်းမရှိပေ။

“တိုးတက်မှုတခု ပြပါဆိုရင် ပွင့်ပွင့်လင်းလင်း ကျနော်တို့ကို ဝေဖန်နေတာ ဆွေးနွေးနေတာတွေ၊ ပြည်သူတွေ မကြောက်မရွံ့ပဲ လမ်းပေါ်လည်းထွက် ဆန္ဒပြနေပါတယ်။ နောက်တင်ပြချက်တွေ အမျိုးမျိုး တင်ပြနေတယ်။ ဒါ ဒီမိုကရေစီမှာ ပြည်သူတွေ လွတ်လွတ်လပ်လပ် ဖွင့်ဟနိုင်ဖို့အတွက် ဒီအခွင့်အရေးတရပ်ရတာ အသိသာဆုံး အတိုးတက်ဆုံး ပြောင်းလဲမှုလို့ ကျနော်ဆိုချင်ပါတယ်။ ဒီဝေဖန်မှုတွေက အပြုသဘောဆောင်တဲ့ (constructive criticism) ဆိုရင် ကျနော်တို့ ကြိုဆိုပါတယ်” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

သို့သော် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်ဆီးပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံနေရသောကြောင့် NLD အစိုးရ ဝေဖန်ခံနေရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနကို တပ်မတော်အောက်တွင် ထားရှိသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့်ဖြစ်သည်ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနကို ရွေးကောက်ခံ အစိုးရလက်အောက်တွင် ထားရှိရေးမှာ NLD က လုပ်ဆောင်လိုသော အဓိက အပြောင်းအလဲတခု ဖြစ်သည်ဟုလည်း ဒေါက်တာဇော်မြင့်မောင် ဆိုသည်။

”ပြည်ထဲရေးကို ကျနော်တို့ အစိုးရအဖွဲ့က ခန့်အပ်ပိုင်ခွင့် မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်က အမည်ပေးတဲ့ သူကို ခန့်အပ်တာဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်းပြောရင် အစိုးရအဖွဲ့က ခန့်အပ်တာ မဟုတ်တဲ့အတွက် လုပ်ရကိုင်ရ ဖြေရှင်းရတာ ခက်ပါတယ်။ ဒါပေမယ့် ဒီလို ပြည်ထဲရေးဟာ အစိုးရလက်အောက်မှာ မရှိဘူးဆိုတဲ့အတွက် ကျနော်တို့ စောင့်ကြပ် (watch) လို့ မရဘူးဆိုတာ မဟုတ်ပါဘူး။ လွှတ်တော်ကလည်း အစိုးရလုပ်ငန်းအားလုံးကို စောင့်ကြပ်ထိန်းသိမ်းနေတယ်လို့ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

(အင်္ဂလိပ်ဘာသာဖြင့် NLD Stands by Commitment to Amend 2008 Constitution တွင် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading