သတင်း

မောင်တောတွင် ရွာသားတဦး ပစ်ခတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ငါးဖမ်းနေသော ရွာသားတဦး ယမန်နေ့ ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်း က ကင်းလှည့်နေသည် တပ်မတော် စစ်ကြောင်း၏ ပစ်ခတ်မှုကို ခံခဲ့ရကြောင်း သတင်းရ ရှိသည်။

အဆိုပါ ပစ်ခတ်ခံရသော ရွာသားမှာ မောင်တောမြို့နယ် ၊ ဇော်မတက် ကျေးရွာအုပ်စု ကိုင်းကြီး (ရခိုင်) ကျေးရွာနေ ဦးအောင်လှစိန် (၆၈) နှစ်ဖြစ်ပြီး ယမန်နေ့ နေ့လည်ပိုင်းက ရွာ၏ အနောက်ဘက် တွင် ရှိသော တုံးချောင်းဝတွင် သားဖ နှစ်ဦး စက်လှေဖြင့် ငါးဖမ်းနေစဉ် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း ကိုင်းကြီး ကျေးရွာ သား များက ပြောသည်။

“ စက်လှေတစီးနဲ့ သားဖ နှစ်ယောက် တုံးချောင်းဝကို သွားပြီး ငါးသွား ဖမ်းတဲ့အခါ အပစ်ခံရတာပါ ။ လူမှားပြီး ပစ်တာလို့တော့ ပြောပါတယ်။ သူတို့ ပြောပြတာ ၅ ချက်ပစ်တယ်လို့ပြောတယ်။ ညာဘက် ပေါင်မှာ ဒဏ်ရာ ရရှိလို့ အခု ဆေးရုံ တင် ထားရတယ် ” ဟု ကိုင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းချိုက ဧရာဝတီသို့ ပြောသည်။

ငါးသွားဖမ်းသည့် တုံးချောင်းသည် မယူတောင်တန်းမှနေ စီးဆင်း သော ချောင်းတခုဖြစ်ကာ ချောင်း ၏အဝမှာ ပင်လယ်နှင့် ထိစပ်နေပြီး ယင်းနေရာတွင် ငါးဖမ်းစဉ် နယ်မြေရှင်းလင်းရေး လုပ်နေ သော ခြေမြန်တပ်ရင်း ၅၅၁ မှ ဒု တပ်ရင်းမှူး ဦးစီးသည့် စစ်ကြောင်း (၂) ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါ တုံးချောင်းဝမှာ ပင်လယ်နှင့်ထိစပ်သည့် နေရာတခုဖြစ်သည့်အတွက် အကြမ်းဖက်သမား များနှင့် ခိုးဝင်သူများ ဝင်ထွက်သွားလာနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း လုံခြုံရေး အခြေအ နေအရ ယင်းနေရာသို့ မသွားရောက်ရန် ဒေသခံ များကို တားဖြစ်ထားကြောင်း၊ မသွားရောက်ရန် တားမြစ် ထားသည့်နေရာသို့ သွားရောက်ခြင်းကြောင့် လူမှားပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ်အုပ် ချုပ်ရေးမှူး ဦမြင့်ခိုင်က ပြောသည်။

“ဒီရက်ပိုင်းမှာ အဲဒီဘက်ကို မသွားနဲ့ လို့ ပြောထားတာ၊ သူတို့က လုံခြုံရေးတွေ ယူထားတဲ့နေရာကို ထွက်ပြီး ငါးဖမ်းတာ၊ လုံခြုံရေး ယူထားတဲ့ လူတွေက အဲဒီမှာ ကင်းစောင့်နေတယ်၊ အပေါ်ကို ပစ်ပြီး ခေါ်တယ်၊ ခေါ်တော့မလာဘူး၊ မလာ တော့ အဲဒါကြောင့်မို့လို့ လှမ်းပစ်လိုက်တာ ပေါင်ကို မှန်တယ်။ အရိုးတော့ မထိဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ပစ်ခတ်ခံရပြီး ဒဏ်ရာ ရရှိသွားသည့် ဦးအောင်လှစိန်အား ဘူသီးတောင်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေကုသမှုကို ခံယူနေသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ် ၊ ဇော်မတတ်အုပ်စု ၊ ကိုင်းကြီးကျေးရွာတွင် ကိုင်းကြီး (ရခိုင်) နှင့် ကိုင်းကြီး (မြို) ကျေးရွာတို့ ရှိပြီး ကိုင်းကြီး (ရခိုင်) ကျေးရွာတွင် အိမ်ခြေ ၇၃ ဆောင် ရှိပြီး လူဦးရေ ၃၁၄ ဦးရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading