ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြို နိုင်ငံရေး ဆွေးနွေးပွဲများကို ယမန်နေ့က နေပြည်တော်တွင် စတင် ကျင်းပ လျက် ရှိရာ တိုင်းရင်းသား လူနည်းစု အခွင့်အရေး ခေါင်းစဉ်ဖြင့် နိုင်ငံရေးကဏ္ဍတွင် စတင် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။
ယခင် ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး၌ ဆွေးနွေးရာတွင် ကျန်ရှိခဲ့သည့် အချက် ၄ ချက်ထဲမှ အချက် ၂ ချက် ဖြစ်သည့် တိုင်းရင်းသား လူနည်းစု အခွင့်အရေး ကာကွယ်ခြင်းနှင့် ကျားမ တန်းတူရေး အချက် ၂ ချက်ကို စတင် ဆွေးနွေးရာ တိုးတက်မှုများ ရှိ ကြောင်း နိုင်ငံရေးကဏ္ဍတွင် ပါဝင်သူ ချင်းအမျိုးသား တပ်ဦး နာယက ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောသည်။
“ကျနော်တို့ တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းထဲက အခု ဒီခေါင်းစဉ် ၂ ခုမှာတောင် ကျနော်တို့ တင် သွင်းတဲ့ အ ချက်ပေါင်း ၇၀ ကျော် ရှိပါတယ်။ အဲဒီ ၇၀ ကျော်ကို ကျနော်တို့ ဒီညီလာခံမှာ သဘောတူ အတည်ပြုနိုင်တယ် ဆိုရင်တော့ အင်မတန်မှ အကျိုးရှိမယ့် အချက်အလက်တွေ ဖြစ်လာမယ်”ဟုလည်း ၎င်းက ပြောသည်။
သို့သော် နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်သူတချို့ကမူ “တိုင်းရင်းသား လူနည်းစု အခွင့်အရေး”ဆိုသည့် စကားရပ် ကို ပင် အဓိပ္ပာယ် ဖွင့်နိုင်ရန် အခက်အခဲများ ရှိနေသဖြင့် ဆက်လက်ဆွေးနွေးမည့် ဦးစားပေး အကြောင်းအရာများကိုသာ အတည်ပြုနိုင်သေးကြောင်း ပြော ဆိုသည်။
နိုင်ငံရေးကဏ္ဍ ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာ တူးဂျာက “တိုင်းရင်းသား လူနည်းစု အခွင့်အရေးဆိုတာက သူ့မှာ သပ်သပ်ရှိ တယ်။ လူဦးရေ ဘယ်လောက်အောက်မှာ ရှိတဲ့ဟာက တိုင်းရင်းသား လူနည်းစု ဆိုတာမျိုးပေါ့။ တိုင်းရင်းသား အခွင့်အရေး အောက်မှာ ကို တိုင်းရင်းသား လူနည်းစု အခွင့်အရေးဆိုတာ ရှိသေးတယ်။ နိုင်ငံသား အခွင့်အရေးလည်း ရှိတယ်ဗျာ။ အဲဒီလို ခွဲခွဲခြားခြား သတ်မှတ် သွား ဖို့ပါ”ဟု ရှင်းပြသည်။
နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) လုပ်ငန်းကော်မတီမှ တင်ပြလာသည့် စာတမ်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAOs) က တင်ပြလာသည့် စာတမ်းဟူ၍ စာတမ်း ၂ စောင်ရှိရာ ကိုယ်ပိုင် အုပ်ချုပ် ရေး ဆိုင်ရာ ကိစ္စများလည်း ပါဝင်ကြောင်း၊ ခြုံငုံ သုံးသပ်ရပါက တူညီသည့် အမြင်သဘော ထားများ ရှိသည်ဟု ဆိုနိုင်ကြောင်း ၎င်းက ပြော သည်။
၎င်းက ဆက်၍ “ဒီနေ့ ဆွေးနွေးတဲ့ ခေါင်းစဉ်ကတော့ ကောင်းပါတယ်။ မျှမျှတတ ရှိပါတယ်။ ဖက်ဒရယ်မူနဲ့လည်း တော် တော်များများ ကိုက်ညီတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့ဟာက တန်းတူ အခွင့်အရေးဆိုတဲ့ အပိုင်း တွေ အများကြီး ပါပါတယ်”ဟု ပြောဆိုသည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် မြေယာ၊ လုံခြုံရေး ကဏ္ဍ စသည့် ခေါင်းစဉ် ၅ ခုကို အစိုးရ၊ တပ် မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဆွေးနွေး မှုများကို ဇွန်လ ၂၆ ရက် နေ့မှ ၂၈ ရက်နေ့ အထိ နေပြည်တော်တွင် MICC – 2 တွင် ပြုလုပ်လျက် ရှိသည်။
UPDJC မှ အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက“ကျနော်တို့ တင်ပြတဲ့ တင်ပြ ချက် နဲ့ သူတို့ လို လားတဲ့ လိုလားချက်တွေကတော့ သိပ်ကွာဟမယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ ဒီအခြေခံ အခွင့်အရေး မရှိဘဲနဲ့ ကျနော်တို့ လူ့အခွင့် အရေးလည်း မရှိနိုင်ဘူး။ ဒီမိုကရေစီ အခွင့်အရေးလည်း မရှိနိုင်ဘူး။ လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းလည်း ထူထောင်ခွင့်ရမှာ မဟုတ်ဘူး”ဟု ပြောသည်။
နိုင်ငံရေးကဏ္ဍတွင် အစုအဖွဲ့ အသီးသီးက တင်ပြလာသည့် စာတမ်း ၈ ခုကို စုစည်း၍ အချက် ၂၀ ခန့် ရရှိထားရာ ပြီးခဲ့ သည့် ညီလာခံ သို့ အချက် ၇ ချက် တင်သွင်းနိုင်ခဲ့ကြောင်း၊ ယင်း ၇ ချက်ကို UPDJC သို့ တင်သွင်းရာ တချက်ကို သဘော တူညီမှု မရခဲ့သလို ညီလာခံ တွင် လွတ်လွတ်ကျွတ်ကျွတ် ၁ ချက်သာ သဘောတူညီ နိုင်ခဲ့ကြောင်း ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ရှင်းပြသည်။
ယင်းသဘောတူညီမှု မရသည့် အချက်များထဲတွင် ကိုယ်ပိုင် ပြဌာန်းခွင့်၊ တန်းတူးရေးနှင့် ခွဲမထွက်ခွင့် စသည့် အကြောင်း အရာများ ပါဝင် ကြောင်း သိရသည်။
“အဲ့ဒီတော့ အခုညီလာခံမှာ ကျနော်တို့အနေနဲ့ ပြီးခဲ့တဲ့ ညီလာခံမှာ တစ်ဆို့တဲ့ဟာတွေကို ခဏထားခဲ့မယ်။ ဘာလို့လဲဆို တော့ ဒီ တစ်ဆို့ နေတာတွေကို ကျနော်တို့ ဆက်ပြီးတော့ ရင်ဆိုင်မယ်ဆိုရင် ဒါဟာ အဖြေက မထွက်ဘူး”ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောသည်။
ယခုဆွေးနွေးသည့် လူမှုရေး ကဏ္ဍတွင်မူ ယခင် ဆွေးနွေးပွဲမှ ကျန်ခဲ့သည့် အချက် ၂၇ ချက်၊ အစုအဖွဲ့အသီးသီးနှင့် CSOs ဖိုရမ်မှ တင်ပြ လာသည့် စာတမ်းတို့ကို ဆွေးနွေးရာတွင် ထိရောက်မှုများ ရှိပြီး မူဝါဒ ချမှတ်နိုင်သည်အထိ သဘောတူညီမှုများ ရရှိနိုင်ကြောင်း လူမှုရေးကဏ္ဍမှ အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ပြောဆိုသည်။
“လူမှုရေးကဏ္ဍမှာ ပါဝင်တဲ့လူတွေက နဂိုကလည်း ရင်းနှီးကျွမ်းဝင်ပြီးသား၊ လူပုဂ္ဂိုလ်အရ အားလုံးကလည်း ရင်းနှီးမှု ရှိတယ်။ လူမှုရေး အစုအဖွဲ့က ပြောရရင် တက်ညီလက်ညီ ရှိတယ်။ ပေါ့ပေါ့ပါးပါးပဲ ဆွေးနွေးနိုင်တယ်။ အဲဒီအပေါ်မှာ အားရတယ်။ နောက်မှ ပါလာတဲ့ CSO ဖိုရမ်က လူတွေလည်း ဒီအပေါ်မှာ ယုံကြည်မှု ရှိမယ်လို့ မျှော်လင့်တယ်”ဟု သမ္မတရုံး ညွှန်ချုပ်လည်း ဖြစ်သူ ဦးဇော်ဌေးက ပြော သည်။
လူမှုရေး ကဏ္ဍတွင် အဓိက ဆွေးနွေးလျက်ရှိသည့် ခေါင်းစဉ်များမှာ ပြန်လည် ထူထောင်ရေး၊ ပြန်လည် နေရာချ ထားရေးနှင့် လူမှု ဖွံ့ဖြိုးရေးတု့ိ ဖြစ်ကြောင်း သိရသည်။
လုံခြုံရေး ကဏ္ဍာတွင်မူ တပ်မတော် ဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုပင် ဆက်လက် ဆွေးနွေးနေဆဲဖြစ်ပြီး အလွတ်သဘော ဆွေးနွေး မှုမှာ ရရှိလာသည့် အချက်များကို ဆက်လက် ဆွေးနွေးမည်ဟုသာ သဘောတူနိုင် သေးကြောင်း၊ ခရီးမရောက်သေးသလို ဆွေးနွေးပွဲ အကြောင်းအရာများကို မီဒီယာများသို့ မထုတ်ဖော်ရန် သဘော တူညီထားကြကြောင်းလည်း ဆွေးနွေးသူများက ပြောသည်။
တတိယအကြိမ် ၂၁ ပင်လုံ ကျင်းပနိုင်ရေးအတွက် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ဇွန် ၂၅ ရက်တွင် စတင်ကာ ၂၆၊၂၇၊ ၂၈ ရက်များ၌ လုပ်ငန်းကော်မတီ အစည်းအဝေးများကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။