ပိုမိုဆိုးရွားလာနိုင်သည့် သသဘာဝဘေးအန္တရာယ်အတွက် ထိရောက်သောကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
“ သဘာဝဘေးက အရင်ထက်စာရင် ပိုပြီးကျရောက်ဖို့၊ ပြင်းပြင်းထန်ထန်ဖြစ်ဖို့ အခြေအနေရှိတယ်။ ဘာကြောင့််လဲဆိုတော့ တကမ္ဘာလုံး အားလုံးပြောင်းလဲသွားပြီ ဆိုတဲ့အတွက် ပြင်ဆင်မှုအပိုင်း အရေးကြီးလာတယ်” ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ဇွန်လ ၂၅ရက်က မီဒီယာအချို့နှင့် တွေ့ဆုံစဉ် ပြောသည်။
လတ်တလောဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ် အခြေအနေများအပေါ် သုံးသပ်ကာ မကြာမီ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ အစည်းအဝေးခေါ်ပြီးရင် ကော်မတီအနေနဲ့ အားလုံးနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်စရာရှိတာတွေ ကြိုတင်ပြင်ဆင်စရာရှိတာတွေကို ဒီထက်ပိုပြီးထိရောက်အောင် ဆောင်ရွက်ဖို့ လုပ်ထားပါတယ်” ဟု ဝန်ကြီးက ရှင်းပြသည်။
မြန်မာနိုင်ငံံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဆိုးရွားစွာ ခံစားလာရပြီး ယခုနှစ်တွင် သဘာဝဘေး ကျရောက်မှုကို စောစီးစွာ ကြုံတွေ့ရကြောင်း သိရသည်။
ဇွန်လ သုံးပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ခုတွင် လူဦးရေ ၄သောင်းကျော် ရေဘေးသင့်ခဲ့ပြီး သေဆုံးသူ ၂၃ ဦး အထိရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ထို့အပြင် မြန်မာပြည်အထက်ပိုင်းတွင် ကမ်းပါးပြိုခြင်းကြောင့် ရှေးဟောင်းအဆောက်အဦများ၊ စေတီပုထိုးများ ပျက်စီး ဆုံးရှုံးနိုင်သည့် အနေအထားများလည်း ရှိနေကြောင်း၊ အစိုးရအနေဖြင့် လက်ရှိတွင် မြေထိန်းနံရံ၊ ရေကာတာများတည်ဆောက်ခြင်း၊ သောင်တူးခြင်းတို့ကို ဆောင်ရွက်နေသော်လည်း လိုအပ်ချက်များရှိနေကြောင်း သိရသည်။
“ လိုအပ်တာ ဘာကြောင့်လည်း ငွေအင်အားလည်းပါတယ်။ နောက် လုပ်နိုင်တဲ့အခြေအနေတွေ၊ နည်းပညာတွေလည်း လိုအပ်နေတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
မြန်မာနိုင်ငံတွင် ယခင်က ရေကြီးခြင်းကို ငါးနှစ်တကြိမ်၊ ခုနှစ်နှစ်တကြိမ်စသည်ဖြင့် ကြုံတွေ့ရသော်လည်း ယခုက နှစ်စဉ်ကြုံတွေ့နေရနေပြီဖြစ်သည့်အတွက် အာရုံစိုက်ရမည့် ကိစ္စဖြစ်လာကြောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် စစ်တောင်းမြစ်ဘေးနေရာများတွင် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ကျေးရွာများ ပြောင်းရွေ့နေထိုင်နေရကြောင်း၊ ကမ်းပြိုကိစ္စများကို ကာကွယ်ရန်အတွက် လိုအပ်သည့်နေရာများတွင် ရေကာတာတည်ဆောက်ပေးပါရန် ဝန်ကြီးဌာနများကို တင်ပြထားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာတင်ဌေးအောင်က ပြောကြားသည်။
“ နိုင်ငံတော်ကများ အဆင်ပြေလို့ ဘတ်ဂျက်တွေ ပိုထွက်လာရင် အားပါပါနဲ့ ဆောင်ရွက်ပေးနိုင်မယ်လို့ မှန်းထားပါတယ်” ဟု သူက သုံးသပ်သည်။
ဇွန်လ ၅ရက်မှ ၂၁ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် လူဦးရေ ၄၄၅၁၇ ဦး ကို ဘေးလွတ်သို့ ရွေ့ပြောင်းပေးခဲ့ရကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ မကွေးတိုင်းတွင် ၁၀ ဦး၊ ဧရာဝတီတိုင်းတွင် ၃ ဦး၊ ရခိုင်ပြည်နယ်တွင် ၇ ဦး၊ ကယားပြည်နယ်တွင် ၁ ဦး၊ မွန်ပြည်နယ်တွင် ၁ ဦး သေဆုံးခဲ့ကြောင်းလည်း အဆိုပါဌာနမှ သိရသည်။