တတိယ အကြိမ်၂၁ ရာစု ပင်လုံ ညီလာခံကို အစိုးရဘက်က လေ့လာသူအဖြစ်သာ ဖိတ်ကြားမည် ဆိုပါက တက်ရောက် ရန် အစီအစဉ် မရှိဟု ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ ပြောခွင့်ရ ပုဂ္ဂိုလ် လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ် က ပြောသည်။
ခူညေးရယ်က“ဖိတ်မယ်တော့ ပြောတယ်။ တရားဝင်ပေါ့။ ဒါပေမယ့် သူဖိတ်တဲ့ အပေါ် မူတည်တာပေါ့။ ဥပမာ-လေ့လာ သူလား၊ ပြောရေးဆိုခွင့် မရှိဘူးလား။ အဲဒီလို ဆိုရင်တော့ တက်ဖို့တော့ သိပ်အစီအစဉ် မရှိဘူး။ ဒါပေမယ့် ပြောရေး ဆိုခွင့်ရှိတယ်။ တခြား လက်မှတ်ထိုးပြီးသား အဖွဲ့တွေမျိုး အလားတူ ဆွေးနွေးလို့ ရတယ်ဆိုရင် အခြေအနေက တမျိုး ဖြစ်လာနိုင်တယ်”ဟု ပြောဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန် ၂၅ ရက်က နေပြည်တော်၌ ကျင်းပပြီးနောက် တတိယအကြိမ် ၂၁ ရာစု ပင်လုံ NCA မထိုးရသေးသည့် လက်နက် ကိုင် အဖွဲ့ အများအပြားကို ဖိတ်ကြားသွားမည်ဟု သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းထောက်များကို ပြောကြားထားသည်။
တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ဇူလိုင် ၁၁ ရက်တွင် ကျင်းပသွားရန် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (NCA ထိုးအဖွဲ့များ) စသည့် အစုအဖွဲ့များက အကြမ်းဖျင်း သတ်မှတ်ထားကြောင်း သိရသည်။
ထိုသတ်မှတ်ချက်ကို ယခု လကုန်ပိုင်းတွင် ကျင်းပမည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော UPDJC အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်မည် ဖြစ်ကြောင်းလည်း ဆိုသည်။
NCA စာချုပ်၌ လက်မှတ်မထိုးသည့် လက်နက်ကိုင် အဖွဲ့များကို ညီလာခံတွင် လေ့လာသူ အဖြစ်သာ ဖိတ်ကြား ခွင့် ရှိပြီး ဆွေးနွေး ဆုံးဖြတ်ခွင့် မရှိကြောင်း ထည့်သွင်းထားသည်။
KNPP အနေနှင့် ယင်းသို့ ညီလာခံ တက်ရေးမတက်ရေးကို ၆ လပတ် အစည်းအဝေးတွင် ဆုံးဖြတ်သွားမည် ဖြစ် ကြောင်း တာဝန်ခံ ခူညေးရယ် က ပြောသည်။
“ကျနော်တို့ ဒီလကုန်ရင် ၆ လပတ် အစည်းအဝေးရှိတယ်။ အားလုံးစုံမှ တက်မတက် ကို သဘောထားတွေ ရယူပြီးမှ ဆုံးဖြတ်လို့ ရမယ်။ ကျနော်တို့ လောလောဆယ်တော့ ပြောလို့ မရသေးဘူး” ဟု ၎င်းက ဆိုသည်။
KNPP ၏ ပုံမှန် ၆ လပတ် အစည်းအဝေးကိုဇူလိုင် ၆ ရက်၌ နယ်စပ် တနေရာရှိ ၎င်းတို့၏ ဌာနချုပ်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း ခူညေးရယ် က ပြောသည်။
ထို အစည်းအဝေးတွင် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရေး မတက်ရေး အပါအဝင် ၆ လအတွင်း လုပ်ဆောင်ခဲ့ သော လုပ်ငန်းစဉ်များအပေါ် သုံးသပ်ခြင်းနှင့် နောက် ၆ လ၌ လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဆွေးနွေး ဆုံးဖြတ်မည် ဖြစ်ကြောင်းလည်း ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် NCA မထိုးသည့် အဖွဲ့များကို အထူး ဖိတ်ကြားသူ အဖြစ် ဖိတ်ကြားမှု ရှိခဲ့ပြီး လက်မှတ်မထိုးသည့် အဖွဲ့များ တက်ရောက်လာရေးကို ဆောင်ရွက်ခြင်းကြောင့် ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှ ၂၉ ရက် အထိ ကျင်းပသော ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ NCA မထိုးရသည့် လက်နက်ကိုင် အဖွဲ့များ တက်ရောက် ခဲ့ကြောင်း သိရသည်။
လက်ရှိ၌ NCA မထိုးနိုင်သေးသော အဖွဲ့များမှာ KNPP၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ “ဝ” ပြည်သွေးစည်း ညီညွတ် ရေး တပ်မတော် (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA)၊ မိုင်းလား အဖွဲ့ (NDAA)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) တို့ ဖြစ်ကြသည်။