အရစ်ကျ ရောင်းချမည့် တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ စီမံကိန်းများကို Yoma ကုမ္ပဏီ အုပ်စုမှ Yoma Land အနေဖြင့် အကောင် အထည် ဖော်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
Yoma Land အမှတ်တံဆိပ်အောက်၌ အိမ်ခြံမြေ စီမံကိန်းများ ဖြစ်သည့် ပန်းလှိုင်အိမ်ရာ၊ ကြယ်စင်မြို့တော် အိမ်ရာ နှင့် Yoma Central တို့ ပါဝင်ပြီး ဆက်လက်၍ တန်ဖိုးသင့် တန်ဖိုးနည်း အိမ်ရာများ အကောင်ထည် ဖော်သွားမည် ဟု Yoma Land ၏ မန်နေဂျင်း ဒါရိုက်တာ Mr.Cyrus Pun က ပြောသည်။
Mr.Cyrus Pun က “နောင်တချိန်မှာ အိမ်ခြံမြေကဏ္ဍကို ဖွံ့ဖြိုးအောင် တန်ဖိုးသင့် ကနေ တန်ဖိုးနည်း အိမ်ရာတွေကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားဖို့ စီမံထားတယ်။ ၂၀၁၈ ခုနှစ် မကုန်ခင် စီမံကိန်းတခုကို မိတ်ဆက်သွားမှာ ဖြစ် တယ်။ ဒါက အရမ်းကြီး တန်ဖိုးနည်းမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် အခု ရှိရင်းစွဲ ဈေးနှုန်းထက်တော့ လူတွေတတ်နိုင် တဲ့ စီမံကိန်းမျိုး ဖြစ်တယ်”ဟုလည်း ပြောပြသည်။
ထပ်မံ တည်ဆောက်သွားမည့် စီမံကိန်းများကို မိတ်ဆက်ပွဲများ ပြုလုပ်သည့်အခါ အသေးစိတ် ရှင်းလင်းမည်ဖြစ်ပြီး လတ်တလော၌ တည်ဆောက်မည့် အချိန်၊ နေရာတို့ကို ပြောကြားနိုင်ခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။
အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းများ အဓိက လုပ်ဆောင်ရန် အတွက် ရိုးမ မဟာဗျူဟာ ဦးပိုင်လီမိတက် (Yoma Strategic) ကုမ္ပဏီ အုပ်စုနှင့် First Myanmar Investment Co., Ltd. (FMI) တို့မှ Yoma Land ကိုစတင် ဖွဲ့စည်း ခြင်း ဖြစ်ကြောင်း ဇွန် ၂၆ ရက် က ရန်ကုန်မြို့ရှိ Yoma Central အရောင်းပြခန်းတွင် ပြုလုပ်သော မိတ်ဆက်ပွဲ အခမ်း အနား ၌ Yoma Land ၏ မန်နေဂျင်း ဒါရိုက်တာ Mr.Cyrus Pun က ပြောဆိုသည်။
Yoma ကုမ္ပဏီ အုပ်စုက ဖော်ဆောင်ထားသော ပန်းလှိုင်အိမ်ရာ၊ ကြယ်စင်မြို့တော်အိမ်ရာနှင့် Yoma Central စီမံကိန်းများနည်းတူ နောက်ပိုင်းတွင်လည်း တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများကို တဆင့်ချင်း အကောင်အထည် ဖော်ရန် အတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း Mr.Cyrus Pun က ဆိုသည်။
ဆက်လက်၍ ၎င်းက “နောက်နှစ်တွေမှာ လူတွေပို ပိုပြီးဝယ်နိုင်တဲ့ စီမံကိန်းကို မိတ်ဆက်သွားမယ်။ အိမ်ဝယ်တဲ့ ကနဦး ပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းကို လျှော့ချမယ်။ နောက်တခုက ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ၇ နှစ်ပေးရမယ့် အစား နှစ်တိုးပေး မယ်ဆိုရင် ဝယ်ယူသူတွ လစဉ် ပေးရတဲ့ ငွေပမာဏ နည်းသွားတဲ့အတွက် သူတို့ရဲ့ နေ့စဉ် လူနေထိုင်မှု ဘဝကို ထိခိုက်မှု မရှိဘူး။ ဒါဆိုရင် ဝယ်လာနိုင်မယ်” ဟုလည်း ရှင်းပြသည်။
ပဲခူးမြစ်ကမ်းပါး တလျှောက်နှင့် သန်လျင်မြို့နယ်တွင် တည်ရှိသော ကြယ်စင်အိမ်ရာသည် မြေ ၁၃၅ ဧက ကျယ်ဝန်းပြီး သီလဝါ အထူးစီးပွားရေးဇုန် အတွင်း တည်ရှိကြောင်း သိရသည်။
လက်ရှိတွင် ယင်းအိမ်ရာကို အဆင့်အလိုက် တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်မှု ပြီးစီးမည့် အချိန်တွင် အိမ်ခန်း ပေါင်း ၁ သောင်းခန့် ရရှိမည်ဖြစ်သည်ဟု FMI က ဖော်ပြထားသည်။
တတိယ စီမံကိန်းတခုဖြစ်သည့် Yoma Land မှ တည်ဆောက်မည့် Yoma Central နှင့် Peninsula Yangon သည် စုပေါင်းအိမ်ရာ ဖွံ့ဖြိုးရေး စီမံကိန်း တခု ဖြစ်ပြီး ဗိသုကာ ပညာရှင် Cecil Balmond OBE မှ ဒီဇိုင်းရေးဆွဲထားသည့် Peninsula အမှတ်တံဆိပ် ဇိမ်ခံ လူနေအိမ်ခန်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းတွင် Grade A ရုံးခန်း တာဝါ ၂ လုံး၊ စီးပွားရေး ဟိုတယ်တခုနှင့် ဝန်ဆောင်မှု အပြည့်ပေးသော လူနေ အိမ် ခန်း များ ပါဝင်မည် ဖြစ်ပြီး အဆောက်အအုံ၏ အောက်ဘက်တွင် ဈေးဝယ်စင်တာများဖြင့် ချိတ်ဆက်ထားမည် ဖြစ်သည့် အပြင် စီမံကိန်းနေရာရှိ ယခင်မီးရထား ရုံးချုပ်ဟောင်းကို The yangon အမည်ရ ခေတ်မီဇိမ်ခံ ဟိုတယ် အဖြစ် တည်ဆောက်မည် ဖြစ်ကြောင်း First Myanmar Investment Co., Ltd. (FMI) က ဖော်ပြထားသည်။
လက်ရှိ၌ ပြည်တွင်း ဆောက်လုပ်ရေး ကဏ္ဍ၌ လုပ်ငန်းများ အရောင်းအဝယ် မကောင်းခြင်း၊ ရောင်းရသည့် အိမ်မြေ တိုက်ခန်းတို့မှ ရရှိသော အမြတ်အစွန်းငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန် (ရောင်းခွန်)နှင့် အိမ်ခြံမြေ တိုက်ခန်းတို့ ဝယ် ယူမှုအပေါ် ကောက်ခံသည့် (ဝယ်ခွန်) နှုန်းထား ကြီးမြင့်ခြင်းနှင့် ဘဏ်ချေးငွေ စနစ်များ ခိုင်မာမှု မရှိသော ကြောင့် လုပ်ငန်း အကြီး ၃၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းအသေး ၆၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်းသွားကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းက ထုတ်ဖော် ပြောဆိုထားသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချပေးလျက်ရှိသည့် တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာများလည်း ရှိနေပြီး တချို့ အိမ်ရာများမှာ သွားလာရေး အလှမ်းဝေးခြင်း ဈေးနှုန်း ကြီးမြင့်နေခြင်း တို့ကြောင့် ဝယ်ယူလိုသူများ နည်းပါးနေ ကြောင်းလည်း သိရသည်။
အိမ်ရာသစ်များ ဖော်ထုတ်ရာ၌ ပြည်သူများ လက်လှမ်းမီသည့် ဈေးနှုန်းနှင့် အတိုးနှုန်းသက်သာစွာ ရောင်းချသင့် ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးကလည်း ဧရာဝတီသို့ ပြောသည်။
“အိမ်ရာ လိုအပ်နေတဲ့ လက်ရှိအနေအထားမှာ အိမ်ရာတွေ ဖော်ထုတ်တာကတော့ ကြိုဆို အားပေးပါတယ်။ တခုရှိ တာက ဖော်ထုတ်တဲ့နေရာမှာ ဈေးကွက်စီးပွားရေး ပုံစံ အတိုင်းလုပ်တာ မှန်ပေမယ့် ပြည်သူများ ဝယ်နိုင်တဲ့ အနေ အထား ဖြစ်ဖို့ လည်း လိုပါတယ်။ တကယ် တန်ဖိုးနည်းဆိုတဲ့ အတိုင်း တန်ဖိုးနည်းဖို့ပဲ လိုတယ်။ နောက်တခုက နှစ်ရှည်နဲ့ အတိုးနှုန်း သက်သာမှ အဆင်ပြေမယ်လေ။ နှစ်ရှည်ပေးပေမယ့်လည်း အတိုးနှုန်းက မူလတန်ဖိုးရဲ့ တဆခွဲ လောက်ဖြစ်နေတော့ ပြည်သူတွေ စဉ်းစားပြီလေ”ဟုလည်း ၎င်းက ပြောဆိုသည်။
လက်ရှိ ရောင်းချပေးနေသည့် တန်ဖိုးသင့် အထပ်မြင့် အိမ်ရာများပင် ဝယ်လိုအား လျော့နည်းနေပြီး ယခု ကြုံတွေ့ နေရ သည့် အချက်များအပေါ် သင်ခန်းစာယူ၍ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်း ပေးသင့်သည်ဟု ဦးသန်းဦးက ဆို သည်။
“အခုလည်း အရစ်ကျ တန်ဖိုးနည်း/သင့် အိမ်ရာတွေ ရောင်းပေမယ့် ဝယ်တဲ့သူ နည်းနေတာက အစီအစဉ်က တခုခု လွဲချော် နေတယ်။ ပြည်သူတွေက တကယ်ဝယ်နိုင်တဲ့ အခြေအနေရော ရှိရဲ့လား။ အခုလို သိန်း ၁၅၀၊ ၂၀၀ လောက် တောင် မဝယ်နိုင်ဘူး ဆိုရင်တော့ စဉ်စားဖို့လိုပြီ”ဟုလည်း ၎င်းက ပြောသည်။
ဦးသန်းဦးက ဆက်လက်၍ “အခု ရတနာ နှင်းဆီလို အိမ်ရာမျိုး သိန်း ၆၀၀ နဲ့ ရောင်းတယ်။ ရန်ကုန်မြို့ ကျောက် တံတား၊ တာမွေလို နေရာမှာတောင် အခန်းကျဉ်း ဆိုရင် ပထမထပ် သိန်း ၄၅၀ လောက်နဲ့ ၄ လွှာကို သိန်း ၃၈၀ လောက်နဲ့ ဝယ်လို့ရတဲ့ အခြေအနေမှာ ဝေးလံတဲ့ နေရာမှာ သွားနေဖို့ အတွက် စဉ်းစားကြတော့မယ်”ဟု ပြောဆို သည်။
Yoma ကုမ္ပဏီ အုပ်စုသည် မြန်မာနိုင်ငံတွင် ဘဏ်၊ အိမ်ခြံမြေလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ မော်တော် ယာဉ်၊ စက်ပစ္စည်း ကိရိယာများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းစု တခု ဖြစ်သည်။