အများပြည်သူဝေဖန်မှုများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်- UEC ၏ အမိန့်တို့ကြောင့် ရှစ်လေးလုံး ပြည်သူ့ပါတီသည် အမည်သစ်တခုကို ဇူလိုင်လ အစောပိုင်းတွင် ကြေညာမည်ဖြစ်သည်။
“ဇူလိုင်လ ၈ ရက်နေ့ မန္တလေးမှာ ကျင်းပမယ့် ပါတီညီလာခံ ပြီးရင် အမည်သစ်တခုကို လူသိရှင်ကြား ကြေညာပါမယ်” ဟု ပါတီ တည်ထောင်သူနှင့် ပြောခွင့်ရသူ ဦးရဲနိုင်အောင်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
မေလက ပါတီ မှတ်ပုံတင်ပြီးနောက် ပါတီအမည်နှင့် ပတ်သက်ပြီး လူ ၂၀၀ ခန့်က ကန့်ကွက်ခဲ့ပြီးနောက် ပါတီ၏အမည်၊ အမှတ်တံဆိပ်နှင့် အလံ တို့ကိုပြောင်းလဲရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြခဲ့သည်။
ထိုပါတီ၏အမည်မှာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ရန်ကုန်တွင် စတင်သော ကျောင်းသားများ ဦးဆောင်သည့် တပါတီ အာဏာရှင်စနစ် အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် နိုင်ငံတဝန်း ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုကို ရည်ညွှန်းနေသည်။ ထို ဆန္ဒပြပွဲများသည် နောက်တလကြာသောအခါ စစ်တပ်၏ဖြိုခွဲမှုကြောင့် သွေးစွန်းခဲ့ရသည်။ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုလှုပ်ရှားမှုအတွင်း နိုင်ငံတဝန်းလူထုထောက်ခံမှုကို ပထမဆုံး စတင်ရရှိခဲ့သည်။
“ကျနော်တို့ပါတီရဲ့ အမည်နဲ့အမှတ်တံဆိပ်မှာ ၁၉၈၈ အရေးတော်ပုံနဲ့ ပတ်သက်တာတွေ စာနဲ့သော်လည်းကောင်း၊ ဂဏန်းနဲ့သော်လည်းကောင်း လုံးဝမပါအောင် ဂရုစိုက်လုပ်ဆောင်သွားမှာပါ” ဟု ဦးရဲနိုင်အောင်က ပြောသည်။
လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ဦးကိုကိုကြီးနှင့် အခြား ကျောင်းသားခေါင်းဆောင်ဟောင်းများ၏ ပါတီကို လူထုနှင့် စတင်မိတ်ဆက်စဉ်က ရှစ်လေးလုံးပါတီသည် အမျိုးသားအမွေအနှစ် တခုဖြစ်သော သမိုင်းဝင် ရှစ်လေးလုံး လှုပ်ရှားမှုကို အသုံးချသည်ဟု ဝေဖန်ခံခဲ့ရသည်။
နိုင်ငံ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းဝင် ကာလကို ကိုယ်စားပြုသော ဒီမိုကရေစီလှုပ်ရှားမှု ရက်စွဲဖြစ်သောကြောင့် ရှစ်လေးလုံးကို နိုင်ငံရေးပါတီတခုက အမည်မခံသင့်ဟု ဝေဖန်သူများက ဆိုသည်။
ဝေဖန်မှု စိန်ခေါ်မှုများကြောင့် ပါတီ၏ အမည်ကို ရှစ်လေးလုံးပါတီ အဖြစ်မှ ရှစ်လေးလုံးပြည်သူ့ ပါတီအဖြစ် လွန်ခဲ့သော မတ်လက အမည်ပြောင်းခဲ့ပြီး မေလ ၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံတင်လုပ်ငန်းများ စတင်ဆောင်ရွက်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီ၏ အမည်သစ်ကို ဇွန်လအစောပိုင်းတွင် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အများပြည်သူ ကန့်ကွက်မှုများ ထပ်မံပေါ်ပေါက်လာသောကြောင့် အမည်ထပ်မံပြောင်းရခြင်းဖြစ်သည်။
ဦးကိုကိုကြီးသည် ပါတီဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဦးရဲနိုင်အောင်သည် ဒုဥက္ကဌ တာဝန်ယူမည်ဟု ထိုပါတီက ကြေညာထားသည်။ သို့သော် ဗဟိုကော်မတီဝင်များ၏အမည်စာရင်းကို ထုတ်ပြန်ခြင်းမရှိသေးပေ။
(အင်္ဂလိပ်ဘာသာဖြင့် Four Eights People’s Party to Change Name After Renewed Public Outcry တွင် ဖတ်ရှုပါ။)