မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုသည် စိုးရိမ်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေပြီး ဆေးလိပ် ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမို ထိရောက်သည့် အစီအစဉ်များ ချမှတ်လုပ်ဆောင်ရန် လိုနေသည်ဟု ကျန်းမာရေးဝန်ကြီးက သတိပေးလိုက်သည်။
ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး နှစ်ရက်ကြာ ကျင်းပသော ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးမှု ထိန်းချုပ်ရေး ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် နှင့် မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးအတွက် ဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်း ပြောကြားစဉ် ထိုသို့သတိပေးလိုက်ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်က ဆောင်ရွက်ခဲ့သော သုတေသနစစ်တမ်းအရ ဆေးလိပ်သောက်သုံးမှုသည် အမျိုးသားများ၏ ၄၄ ရာခိုင်နှုန်း၊ ကွမ်းစားသုံးမှုသည် အမျိုးသားများ၏ ၆၂ ရာခိုင်နှုန်းဖြစ်နေသဖြင့် အလွန်ထိတ်လန့်ဖွယ် အန္တရာယ်ရှိနေပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
၂၀၁၆ ခုနှစ်က ကျောင်းများတွင်ကောက်ယူခဲသော Global Youth Tobacco စစ်တမ်းအရ မြန်မာနိုင်ငံမှ အသက် ၁၃ နှစ်မှ ၁၅ နှစ်အထိ လူငယ်များ၏ ၁၃.၆ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သုံး သို့မဟုတ် ကွမ်းစားမှုရှိပြီး၊ ၃၃.၂ ရာခိုင်နှုန်းမှာ နေအိမ်တွင် ဆေးလိပ်ငွေ့တဆင့်ခံ ရှုရှိုက်ရပြီး ၂၈.၄ ရာခိုင်နှုန်းမှာလည်း အများပြည်သူနှင့်ဆိုင်သော အဆောက်အအုံများတွင် ဆေးလိပ်ငွေ့ ရှုရှိုက်ရသည်ဟု သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ဆေးလိပ်ဆေးရွက်ကြီးကြောင့် နှစ်စဉ် လူ ၇ သန်းသေဆုံးရသည်ဟု သိရသည်။ ထိုသေဆုံးသူများအနက် ၆ သန်းမှာ တိုက်ရိုက်သုံးစွဲမှုကြောင့် သေဆုံးရခြင်းဖြစ်ပြီး ၈၉၀, ၀၀၀ ခန့်မှာ တဆင့်ခံ ဆေးလိပ်ငွေ့နှင့် ထိတွေ့ရသော ဆေးလိပ်မသောက်သူများဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် တက္ကသိုလ်များ၊ ကျောင်းများ၊ ဆေးရုံများတွင် ဆေးလိပ်ကင်းစင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်နေသည်ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။
မကူးစက်တတ်သော နာတာရှည်ရောဂါများ တားဆီးကာကွယ်ခြင်းနှင့် ဆေးလိပ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတခုတည်းက ဆောင်ရွက်၍ လုံးဝမရသောကြောင့် နှီးနွယ် ဝန်ကြီးဌာနများ အထူးသဖြင့် ပညာရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ အားလုံး၏ စုပေါင်းစွမ်းအားနှင့် စနစ်ကျစွာ ပူပေါင်းဆောင်ရွက်ရန်လည်း ပြောဆိုသည်။
“ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တတ်သော နာတာရှည်ရောဂါများ ဖြစ်ပါက ကာယကံရှင် လူနာနှင့် မိသားစုတွင် စိတ်ဆင်းရဲ ငွေကုန်ကြေးကျများ သကဲ့သို့ နိုင်ငံတော်အစိုးရသည်လည်း ဘဏ္ဍာငွေများ ကုန်ကျပါကြောင်း”ဟု လည်း ကျန်းမာရေးဝန်ကြီးက ဆိုသည်။
“အဲဒီရောဂါတွေကို ပြည်သူ့ဆေးရုံတွေမှာ အတတ်နိုင်ဆုံး အခမဲ့ ကုသပေးလျက် ရှိပါတယ်။ အခုအချိန်မှာ ဒီပြဿနာကို အထူးအလေးပြု ဦးစားပေး ကြိုးပမ်း မဆောင်ရွက်ရင် နောင် ၁၀ နှစ်၊ ၁၅ နှစ်မှာ နိုင်ငံတွင်း ကျန်းမာရေးအသုံးစရိတ်တွေ လွန်စွာကြီးမြင့်လာပြီး နိုင်ငံရဲ့စီးပွားရေး ထိခိုုက်လာနိုင်ပါတယ်” ဟုလည်း သူပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးရွက်ကြီးထိန်းချုပ်ရေးဆိုင်ရာ မူဘောင်သဘောတူညီချက်- FCTC ကို ၂၀၀၄ ခုနှစ်က အတည်ပြု စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ၂၀၀၆ ခုနှစ်တွင် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ပြဌာန်းခဲ့သည်။
ထိုဥပဒေအရ ကျောင်းများ၊ ဆေးရုံများနှင့် အားကစား အဆောက်အအုံများ စသည့် ဆေးရွက်ကြီးကင်းစင်နေရာများတွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းတို့ကို တားမြစ်ထားသည်။
(အင်္ဂလိပ်ဘာသာဖြင့် Health Minister Sounds Alarm over Tobacco Use တွင် ဖတ်ရှုပါ။)