ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စီးပွားရေး လုပ်ကိုင်ခွင့်များကို ပယ်ဖျက်ထားသည့် စည်ပင် ဥပဒေသစ်ကို အတည်ပြုခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
ဦးလှဌေးက “ဥပဒေကြမ်းတင်လာတဲ့ အချိန်တုန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီးပွားရေး လုပ်မယ်ဆိုတဲ့ အချက်အလက်တွေ ပါလာပါတယ်။ ဒီအချက်အလက်တွေကို လွှတ်တော်က အောင်မြင်စွာနဲ့ပဲ အခန်းတခန်းကို ပယ်ဖျက်လိုက်တဲ့ အတွက်ကြောင့် မြို့တော်စည်ပင်သာယာရေးက စီးပွားရေးလုပ်လို့ မရဘူး မူလအတိုင်းပဲ ပြည်သူလူထုအတွက် ဝန်ဆောင်မှု ပေးရတဲ့ အနေအထားမျိုးတွေပဲ ပြန်ပြီးတော့ လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
၂၀၁၃ ခုနှစ်ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်းခဲ့ပြီး အဆိုပါဥပဒေကြမ်းတွင် စည်ပင်သာယာရေး ကော်မတီမှ စီးပွားရေး လုပ်ကိုင်ခွင့်အချက်အလက်များကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်းတွင် အခန်း ၃၂ ခန်းပါဝင်ပြီးနောက်ဆက်တွဲဇယား ပြစ်မှုပြစ်ဒဏ်များလည်း ထည့်သွင်းရေးဆွဲထားသည်။ ယင်းကို . ယနေ့ ဇွန် ၂၇ ရက်နေ့ လွှတ်တော်တွင် အတည်ပြုလိုက်ပြီးဖြစ်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို လာမည့် ၇ ရက်အတွင်း ဝန်ကြီးချုပ်ထံသို့ပေးပို့မည်ဖြစ်ပြီး ဝန်ကြီးချုပ် လက်မှတ်ရေထိုးပြီးပါက စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
စည်ပင်သာယာရေးကော်မတီ၏ တာဝန်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအတွက်သာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် မဟုတ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် အချို့က ဝေဖန်ကြသည်။
ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “အစိုးရတရပ်အနေနဲ့ ဒီမိုကရေစီ နိုင်ငံမှာတော့ အစိုးရက စီးပွားရေးကို ဝင်ပြီးလုပ်တာက ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့တော့ မညီဘူး။ စည်ပင်ဆိုတာက တကယ့်ကို ဝန်ဆောင်မှုပေးတဲ့ ကဏ္ဍဖြစ်တဲ့အတွက်ကြောင့် ဝန်ဆောင်မှုကိုပဲ ဦးစားပေး လုပ်စေချင်တဲ့ အနေအထားကြောင့်မို့လို့ ကိုယ်စားလှယ်တွေ အားလုံးက စီးပွားရေး လုပ်ငန်းတွေကို မလုပ်စေချင်ခဲ့တာပါ”ဟု ပြောသည်။
ယှဉ်ပြိုင်မှုများ ရှိနေသည့် ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရကိုယ်တိုင် စီးပွားရေး ဝင်ရောက်လုပ်ကိုင်လျှင် အသေးစားအလတ်စား လုပ်ငန်းရှင်များ ဈေးကွက်တွင် ယှဉ်ပြိုင်ရပ်တည်ရန် ခက်ခဲနိုင်သဖြင့် အစိုးရအဖွဲ့ တခု ဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် စီးပွားရေး မလုပ်သင့်ကြောင်း ၎င်းက သုံးသပ်ရှင်းပြသည်။
စည်ပင်ဥပဒေသစ်တွင် စည်ပင်သာယာရေးကော်မတီ၏ ဖွဲ့စည်းပုံအချို့ ပြောင်းလဲမှုများရှိမည်ဖြစ်ပြီး ပြည်သူရွေးချယ်ထားသည့် ဒုတိယမြို့တော်ဝန်ကို ခန့်အပ်မည်ဖြစ်ကြောင်း နှင့် ခရိုင်အဆင့်ကော်မတီများ မရှိတော့ဘဲ မြို့နယ်အဆင့် ကော်မတီများသာ ရှိတော့မည်ဖြစ်ကြောင်း လွှတ်တော်တွင် ဆွေးနွေးချက်များအရ သိရသည်။
ထို့ပြင် ထူးခြားချက်အနေဖြင့် ဥပဒေသစ်တွင် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တောင်းခံရန် မလိုဘဲ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုထားကြောင်း ဦးလှဌေးက ပြောသည်။
“အရင်တုန်းက လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဖွဲ့တုန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေကို အစိုးရကနေ တဆင့်တောင်းပြီးတော့ ဖွဲ့ရတယ်။ အဲဒီတပ်ဖွဲ့ဝင်တွေက ပြည်ထဲရေး လက်အောက်မှာပဲရှိတယ်။ အခု ဒီဥပဒေက ပေးလိုက်တဲ့ အခွင့်အရေးကတော့ လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ဆိုတာ ထည့်သွင်းထားတယ်”ဟု ဦးလှဌေးက ပြောသည်။
ထို့ပြင် အိမ်ထောင်စု တစုလျှင် ၁ ယောက်သာ မဲပေးခွင့်ရှိသည့် စနစ်အစား အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးခွင့်ရှိမည်ဖြစ်ကာ ရွေးကောက်ခံ ကိုယ်စားလှယ်များကိုလည်း အသက် ၂၅ နှစ်ပြည့်သူတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ခွင့်ပြုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်း တင်သွင်း စဉ်ကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြို့တော်ဘဏ်ကို ကျပ်သန်းပေါင်း ၆၈၀၀ ခန့် ရင်းနှီးမြှုပ်နှံရန် တောင်းခံခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။