တိုင်းရင်းသားဒေသများတွင် ထိုးစစ်များရပ်ဆိုင်းရေးနှင့် စစ်နယ်မြေအတွင်း ပိတ်မိနေသော ပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းမှုတွင်ပါဝင်ခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရသူ ၂ ဦး၏ အမှုအား ဇူလိုင်လ ၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချသွားမည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ်တရားရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဗကသများ အဖွဲ့ချုပ် CWC ဟောင်း ကိုသန်းထိုက် နှင့် ဗကသများအဖွဲ့ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနှင်းအောင် တို့သည် တိုင်းရင်းသားဒေသများတွင် ထိုးစစ်များရပ်ဆိုင်းရေးနှင့် စစ်နယ်မြေအတွင်း ပိတ်မိနေသော ပြည်သူများ အမြန်ဆုံးလွတ် မြောက်ရေးအတွက် ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းမှုတွင်ပါဝင်ခဲ့မှုကြောင့် မေလ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး အောင်မြေသာစံမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေကြရခြင်းဖြစ်သည်။
အဆိုပါဖမ်းဆီးခံထားရသူ ၂ ဦးအား ဇွန်လ ၂၇ ရက်နေ့တွင် အမိန့်ချမည်ဟုဆိုခဲ့သော်လည်း စွပ်စွဲခံရသူများအား နောက်ဆုံးလျှောက်လဲချက်တင်ပြနိုင်ရန်နှင့် တရားစွဲအဖွဲ့အစည်းဘက်မှ နောက်ဆုံးအပြီးသတ်လျှောက်လဲနိုင်ရန် အခွင့်အရေးပေးသည့်အနေဖြင့် ရုံးချိန်း ထပ်မံချိန်းဆိုခဲ့ခြင်းဟု သိရသည်။
“တရားခံအနေနဲ့ လျှောက်လဲချက်ပေးပိုင်ခွင့်ရှိတယ်။ ပေးတာမပေးတာက သူတို့အလုပ်။ နောက်ဆုံးလျှောက်လဲချက်စစ်တာပေါ့။ ဥပဒေအရာရှိက ဘာပြောမလဲ တရားခံက ဘာပြောမလဲဆိုတာပေါ့။ အဓိကကတော့ တရားခံရဲ့ အခွင့်အရေးမဆုံးရှုံးရအောင်ပါ။ ဒါကိုသူတို့ဘက်က ဘာမှချေပပြောဆိုတာမရှိခဲ့ဘူး။ နောက်ဆုံးကြားနာပြီး ရုံးချိန်းထပ်ပေးလိုက်တာပါ”ဟု အောင်မြေသာစံမြို့နယ် တရားသူကြီး ဦးဝင်းမင်းထွန်းက ရှင်းပြသည်။
ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့က လက်ရှိကျင့်သုံးလုပ်ဆောင်နေသည့် တရားစီရင် ရေးကို အယုံအကြည်မရှိဟုဆိုကာ တရားရုံးအား သပိတ်မှောက်ထားကြပြီး တရားသူကြီး၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားမှု မပြုခဲ့ကြကြောင်းသိရသည်။
“စွဲထားတဲ့ဥပဒေက လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ပိတ်ပင်တားမြစ်တဲ့ ဥပဒေသာဖြစ်တယ်။နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အယုံအကြည်မရှိဘူး၊ အဲဒီလိုအယုံအကြည်မရှိတဲ့အတွက် တရားရုံးရဲ့ တရားစီရင်ရေးကိုလည်း အယုံအကြည်မရှိဘူး၊ ဒါကြောင့် ဘာမှမဖြေရှင်းဘူး။ အမိန့်ချမယ် မချမယ်ဆိုတာကိုလည်း စိတ်မဝင်စားဘူး “ဟု ကိုသန်းထိုက်က ပြောသည်။
ပြီးခဲ့သည့် မေလ ၈ ရက် ညပိုင်းက ၂၆ လမ်း၊ မန္တလေးစည်ပင်သာယာရုံးရှေ့ ကျုံးဘေးတွင် တိုင်းရင်းသား ဒေသထိုးစစ်တွေရပ်၊ စစ်ရေး အကြမ်းဖက်မှုအလိုမရှိ၊ စစ်ဖြစ်ဒေသ ပိတ်မိပြည်သူများလွတ်မြောက်ရေးနှင့် STOP WAR စာတန်းပါ ပိုစတာများထောင်ပြီး ဖယောင်းတိုင်မီးများထွန်းညှိကာ ဆုတောင်းခဲ့ကြသဖြင့် အမှတ် ၅ မြို့မရဲစခန်းက (ပ)၂၄၄/၂၀၁၈၊ ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၉) ဖြင့် ကိုသန်းထိုက်၊ ကိုနှင်းအောင်နှင့် ကိုရဲရင့်ကျော်တို့ သုံးဦးကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အမှုဖွင့်ခံရသူများအနက်မှ ကိုသန်းထိုက်နှင့် ကိုနှင်းအောင်ကို မေ ၁၂ ရက် ညနေ ၅ နာရီက ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၇လမ်းနှင့် ၇၈လမ်းကြားရှိ ဒိုင်းမွန်းပလာဇာတွင် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် လူထုအမြင်သဘောထား ကောက်ခံမှု ပြုလုပ်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး ကိုရဲရင့်ကျော်မှာ ယနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးပါ။
မန္တလေးတွင် စစ်ပွဲများရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများကြောင့် မေလ ၆ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ်ဆန္ဒပြတောင်းဆိုမှုမှ ကိုအောင်မှိုင်းဆန်း ၊ ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင်တို့ကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂ လစီချမှတ်ခဲ့သလိုငြိမ်းချမ်းရေးကဗျာကို ရွတ်ဆိုခဲ့သူ ကဗျာဆရာကလင့်(မန္တလေး)အား မေလ ၁၀ ရက်နေ့က ထောင်ဒဏ် ၂လ ချမှတ်ခဲ့ပြီးဖြစ်သည်။