အစိုးရကောင်းတရပ်တွင် ပုံရိပ်ကောင်းရန်လိုအပ်ပြီး “လက်ရှိအစိုးရအနေဖြင့် ပုံရိပ် ဘယ်လောက် ကျဆင်းနေပြီလဲ” ဟု တရားစွဲခံထားရသည့် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်က ယမန်နေ့ က ရုံးထုတ်စဉ် မေးခွန်းထုတ် လိုက်သည်။
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ယမန်နေ့ ဇွန် ၂၈ရက် နေ့က စစ်တွေခရိုင်တရားရုံးတွင် ၁၅ ကြိမ်မြောက် ရုံး ထုတ်ခဲ့ခြင်းဖြစ်သည်။
“အစိုးရတရပ်မှာ ပုံရိပ်က အရေးကြီးတယ်၊ မိမိကြောင့် မိမိအစိုးရ ပုံရိပ်မကျဖို့ အရေးကြီးတယ် ၊ အဲဒါကြောင့် ၂၀၂၀ လို့ ပြောတိုင်း ပြောတိုင်းမှာ အခုလက်ရှိ ကိုယ့်ရဲ့ ပုံရိပ် ဘယ်လောက်ကျနေပြီလဲ ၊ လူထုနဲ့ ဘယ်လောက်နီးစပ်ပြီလဲ ၊ အဲဒါ အရေးကြီးတယ် ” ဟု ဒေါက်တာအေးမောင်က ရုံးထုတ် လာစဉ် သတင်းမီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်နယ်အစိုးရဖြစ်စေ၊ တိုင်းအစိုးရဖြစ်စေ ပုံရိပ်ကျဆင်းနေလျှင် ထိုပုံရိပ်မှာ ပြည်ထောင်စုကို သွား ရောက်ထိခိုက်သည့် အတွက် တိုင်းပြည်ကို အုပ်ချုပ်နေသော နိုင်ငံ့ဦးသျှောင်များကိုပါ ထိခိုက်တတ် သောကြောင့် အစိုးရတရပ်အနေဖြင့် ပုံရိပ် မကျဆင်းရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ဆက်လက်ပြောကြားသည်။
“ပြည်နယ်အစိုးရရဲ့ ပုံရိပ် ၊ တိုင်းအစိုးရရဲ့ ပုံရိပ် ၊ မိမိကြောင့်၊ မိမိအစိုးရရဲ့ ပုံရိပ်ကြောင်း ပြည်ထောင် စုအစိုးရကို မထိခိုက်ဖို့ လိုတယ်၊ အဲဒီမှာ လူထုကို ဘယ်လောက် အလုပ်အကျွေးပြုပြီးပြီလဲ ၊ လူထုနဲ့ ဘယ်လောက်နီးစပ်ပြီလဲ ၊ လူထုတင်ပြတဲ့ လူထုဝေဖန်တဲ့ ဟာတွေကို ဘယ်လောက်လိုက်နာသလဲ၊ အလေးနက်ထားသလဲ၊ အစိုးရကောင်းတရပ်ရဲ့ လိုက်နာရမယ့်၊ လက်ခံရမယ့် သင်ခန်းစာတခုကို မလိုက်နာဘဲ၊ လက်မခံဘဲ ၆၆ ဃ နဲ့စွဲတာတို့ ၊ အစိုးရအဖွဲ့ ကိုယ်စားလက်မှတ်ထိုးတာတို့ ဘယ်သူ့ကို စွပ်စွဲတာတို့၊ ပြစ်တင်တာတို့ ဆိုတာ အစိုးရတရပ်ရဲ့ ပုံရိပ်ကို ထိခိုက်တယ်ဆိုတာ သတိရဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
အစိုးရသစ် လက်ထက် ရခိုင်ပြည်နယ်အတွင်း မြောက်ဦးဖြစ်စဉ်အပါအဝင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင် အောင်တို့ကို ဖမ်းဆီးတရားစွဲခြင်း၊ ရမ်းဗြဲအမတ် ဦးသန်းမောင်ဦးအား ဆက် သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ခြင်း၊ မကြာသေးမီ ရက်ပိုင်းက စစ်တွေမြို့မိမြို့ဖ အဖွဲ့ဝင် ဦးအောင်သန်းဝေအား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အပြင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင် ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ တို့ဖြင့် တရားစွဲ ထားမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအပေါ် ပြည်သူများအကြား ဝေဖန်မှု မြင့် တက် နေသည်။
ယမန်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေ ရသေ့တောင် သတင်းတပ်ဖွဲ့မှ ရဲအုပ် စိုးနိုင်ထွန်းကို စစ်ဆေးခဲ့ပြီး တရားခွင် စစ်ဆေးကြားနာမှုမှာ ညနေ ၃ နာရီကျော် အထိ ကြာမြင့်ခဲ့ သည်။
ဒေါက်တာအေးမောင်အား ရုံးချိန်းတိုင်းတွင် အဓိက လာရောက်ဝန်းရံသူ ဦးအောင်သန်းဝေမှာ ဖမ်းဆီးခံရ၍ မလာရောက် နိုင်သော်လည်း ပြည်သူများနှင့် ပြည်နယ်လွတ်တော်အမတ်တချို့ လာရောက်ခဲ့ကြသည်။
“ခင်ဗျားတို့ ကျနော်တို့ ပြောခဲ့ကြတာဟာတွေ အကုန်လုံး အမျိုးသား ရင်ကြားစေ့ရေးကို သွားတယ်၊ နှစ်ပေါင်း ၇၀ ရှိပြီ လက်နက်ကိုင် ပဋိပက္ခ ဘယ်တော့ပြီးမှာလဲ၊ နိုင်ငံရေးအရ ဖြေရှင်းမှုပေးကို ပေးရ မယ် ၊ အဲဒီနိုင်ငံရေးအရ ဖြေရှင်းမှုသည် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်၊ အဲဒီမှာ ဝေဖန် ထောက်ပြချက်တွေကို ဒီလိုပဲ ဆတ်ဆတ်ထိမခံဘူး ၊ ငါတို့ အစိုးရကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဆိုတာမျိုး မသုံးသပ်ဘဲနဲ့ အစိုးရကောင်းတရပ် ဖြစ်ဖို့ ဘယ်လို လူထုရဲ့ အသံကို နားထောင်ပြီးမှ ပြုပြင်မလဲ ဆိုတာမျိုးနဲ့ သွားသင့်တယ် ၊ အဲဒါလေးက ပုံရိပ်နဲ့ ဆိုင်တယ်” ဟု ဒေါက်တာအေးမောင်က ရုံးထုတ်စဉ်ပြောကြားခဲ့သည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှုကို ခရိုင်နှင့် မြို့နယ်တရားရုံးတို့တွင် အမှု များခွဲ၍ တရားစွဲ ဆိုခြင်းမှာ အချိန်ကုန်ပြီး စွပ်စွဲခံရသူများ အနေဖြင့် နစ်နာမှုများ ရှိသဖြင့် အမှု ၃ မှု လုံးကို ခရိုင်တရားရုံးသို့ ပြောင်းရွေ့ တပေါင်းတည်း စစ်ဆေးရန် လျှောက်ထားမှုအပေါ် ဇွန်လ ၂၀ ရက်နေ့က ခရိုင်တရားရုံးက ရုံးပြောင်း စစ်ဆေးရန် အမိန့် တရပ် ချမှတ်သည့်အတွက် အမှု ၃ မှု လုံးအား ခရိုင်တရားရုံးတွင် တပေါင်းတည်း စစ်ဆေးနေခြင်း ဖြစ်သည်။
ယခုနှစ်ဆန်း ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ် အခြာ အာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပတ်သက်၍ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်းဟုဆိုကာ အစိုးရက စစ်တွေခရိုင် တရားရုံးတွင် နိုင်ငံတော် ပုန်ကန် မှု ပုဒ်မ ၁၂၂ ၊ စစ်တွေမြို့နယ် တရားရုံးတွင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ၊ နိုင်ငံတော်အကြည်ညို ပျက်စေ မှုပုဒ်မ ၅၀၅ (ခ) ၊တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – ဒေါက်တာအေးမောင်အမှု ရုံးပြောင်း စစ်ဆေးရန် အမိန့်ချမှတ်
ဒေါက်တာအေးမောင်ကို တရားစွဲဆိုမှုများ ပယ်ဖျက်ပေးရန် လျှောက်ထားချက် ပယ်ချခံရ