မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင်မိုးအောင်ရင်နဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ တေးသံရှင်အောင်ရင်က “သူမှားလား၊ မှန်လား မဆုံးဖြတ်ရသေးဘူး။ ဆုံးဖြတ်တဲ့အတိုင်းသူခံရမယ်” လို့ သားဖြစ်သူကို ပြောဖြစ်တယ်လို့ ဆိုပါတယ်။
“သူမှားလား မှန်လားမဆုံးဖြတ်ရသေးဘူး။ ဆုံးဖြတ်တဲ့အတိုင်းသူခံရမယ်ပေါ့။ ယောကျ်ားပဲပေါ့။ အဲဒီလိုမျိုးပဲ ပြောဖြစ်ပါတယ်။ မိဘတိုင်းရဲ့ ခံစားချက်ကတော့ ကျနော့်လိုပဲ ဖြစ်ပါလိမ့်မယ်” လို့ ဖခင်ဖြစ်သူ အောင်ရင်က သားဖြစ်သူမိုးအောင်ရင်နဲ့ ပတ်သက်ပြီး ပြောပါတယ်။
သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အမှုစစ်ဆေးခြင်းကို နောက် ၂ပတ်အကြာမှာ စစ်ချက်စယူမှာဖြစ်ပြီး ဖခင်ဖြစ်သူ အောင်ရင်အနေနဲ့ သားဖြစ်သူရဲ့ ရုံးချိန်းတွေရှိတိုင်းလည်း သွားပြီး တပတ်ကိုနှစ်ကြိမ်ခန့် အင်းစိန်ထောင်မှာ သွားတွေ့ဖြစ်တယ်လို့ ဆိုပါတယ်။
“သူ့စစ်ချက်တောင် မယူရသေးဘူးဗျ။ နောက်၂ပတ်လောက်နေမှ သူ့စစ်ချက်စယူမယ်လို့ ပြောပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ သူ့ကြောင့် ပြန်လာတာလို့ပြောလို့ရပါတယ်။ ဇွန်၂၉ရက်နေ့ပြန်ပြီးတော့ အောက်တိုဘာလောက် ပြန်လာမှာပါ” လို့ ဦးအောင်ရင်က ပြောပါတယ်။
ဖခင်ဖြစ်သူအောင်ရင်က လက်ရှိမှာ ပြည်ပမှာနေထိုင်နေသူဖြစ်ပြီး သားဖြစ်သူ မိုးအောင်ရင်အတွက်နဲ့ ဂီတလုပ်ငန်း များလုပ်ကိုင်ရန်အတွက် မြန်မာပြည်ကိုမကြာခဏပြန်လာတတ်သူလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်မိုးအောင်ရင်ကတော့ ၂၀၁၆ခုနှစ် သြဂုတ်လက သူနေထိုင်ရာနေအိမ်မှာ သူငယ်ချင်းများနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိထားတာကြောင့် လက်ရှိမှာလည်း အမှုရင်ဆိုင်နေရဆဲ သရုပ်ဆောင်တဦးဖြစ်ပါတယ်။