သတင်း

ဧရာဝတီတိုင်း လူမှုရေးအသင်း လူနာတင်ယာဉ် ကူညီမှုများ ရပ်ဆိုင်းထား

Want create site? Find Free WordPress Themes and plugins.

လိုင်စင်မဲ့ကားများ ဖမ်းဆီးမည့် သတင်းကြောင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လူမှုရေး အသင်း၂၀ ကျော်သည် ယမန်နေ့ က စတင်၍ လူနာတင်ယာဉ် အခမဲ့ ကူညီမှု လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် အသီးသီးတွင် ထူထောင်ထားသည့် လူမှုကူညီရေး အဖွဲ့ပိုင် လူနာတင်ယာဉ် အများစု သည် လိုင်စင်မဲ့ကားများ ဖြစ်နေသည့် အတွက် လူနာများအား သယ်ယူပို့ဆောင်စဉ် ဖမ်းဆီးခံရမည်ကို စိုးရိမ်ကာ ရပ်ဆိုင်း ထားခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လူမှုကယ်ဆယ်ရေး အဖွဲ့က ပြောသည်။

“ကျနော်တို့ အသင်းတွေဆီကို သက်ဆိုင်ရာက စာထုတ်ပြီးတော့ ဖမ်းမယ်ဆီးမယ် အဲဒီလို သတိပေးတာ မရှိသေးဘူး။ သို့သော် လိုင်စင်မဲ့ကားတွေ တခြားသော တိုင်းတွေမှာလည်း စစ်ဆေး ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေလည်း ကြားတော့ သြဝါဒ စရိယ ဆရာတော်က ကိုယ့်အသင်းအဖွဲ့တွေ အန္တရာယ်ရှိနိုင်တယ်။ ပို့ရဲတဲ့သူ ပို့ပါ။ မပို့ရဲသူလည်း မပို့နဲ့။ ကိုယ်ဖြစ် ရင် ကိုယ်ခံရမယ်လို့ သြဝါဒပေးတော့ အကုန်လုံး တိုင်ပင်ပြီး နားထားကြတာ”ဟု ဧရာဝတီတိုင်း ဒေသကြီး လူမှုကယ် ဆယ် ရေး အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုမျိုးဆက်က ဧရာဝတီ ကို ပြောပြသည်။

ပုသိမ် ခရိုင်အတွင်းရှိ ပုသိမ်၊ ကျောင်းကုန်း၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ မြောင်းမြခရိုင်ရှိ မြောင်းမြနှင့် အိမ်မဲ၊ မအူပင် ခရိုင်ရှိ ညောင်တုန်းမြို့နှင့် လပွတ္တာခရိုင်ရှိ လပွတ္တာမြို့တို့မှ လူမှုကူညီရေး အဖွဲ့ ၂၀ ကျော်သည် လူနာတင်ယာဉ် ကူညီမှု ရပ် ဆိုင်းထားခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လူမှုကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။

လူမှုရေး အသင်းတချို့က လူနာတင်ကား ကူညီမှု ရပ်ဆိုင်းထားသော်လည်း တခြားသော လူမှုကူညီရေး အသင်းတချို့ အနေဖြင့် ပြည်သူများ၏ အကူအညီ တောင်းခံမှုကြောင့် လိုက်ပါ ကူညီပေးမှုများ ရှိနေကြောင်း သိရသည်။

“ကျနော်တို့ကတော့ ဖမ်းကာမှ ဖမ်းရော လူနာတွေ လိုက်ပို့ပြီး ကူညီပေးဖြစ်တယ်။ ဘာလို့ဆိုတော့ ကျနော်တို့အနေနဲ့ အစိုးရလုပ်ရမယ့် အလုပ်တွေကို ကူညီပြီး လုပ်ပေးနေတာ။ ကိုယ်ကျိုးလုပ်နေတာ မဟုတ်ပါဘူး။ ပြည်သူတွေ တကယ် ဒုက္ခတွေ့ပြီး အကူအညီ လိုနေချိန်မှာ ကျနော်တို့ မျက်နှာလွှဲ မနေနိုင်ဘူး။ အဲဒီတော့ ဖမ်းလည်းခံမယ်။ အခုတော့ လူနာ တွေကို လိုက်ပို့တာ လုပ်နေဆဲပဲ” ဟု ပုသိမ်မြို့ အခြေစိုက် ဖြူစင်မေတ္တာ လူမှုကူညီရေး အဖွဲ့ ဦးဆောင်သူ ကိုသန်းထွန်း နိုင် က ပြောသည်။

ပို့ကုန် သွင်းကုန် ဥပဒေ အရ လိုင်စင်မဲ့ကား လက်ဝယ်ထားရှိကြောင်း၊ စီးနင်းကြောင်း ထင်ရှားလျှင် ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ပုသိမ်မြို့ ငဝန်ကျွန်းသာ ရပ်ကွက်နေ ဦးမြင့်လွင် က “အခုလို လူနာတင်ကားတွေ မကူညီတော့ ကျနော်တို့ ပြည်သူတွေမှာ တအားဒုက္ခ ဖြစ်နေတယ်။ အပြင်ကနေ ငှားမယ် ဆိုတော့ လူနာပို့ဖို့ကို ကားတိုင်း လိုက်ချင်တာ မဟုတ်ဘူး။ လိုက်သည် ထားဦး ငွေကြေးကုန်ကျမှုက ရှိလာမယ်။ မရှိ ဆင်းရဲသားတွေ အတွက် ဆေးကုဖို့တောင် အနိုင်နိုင်ဖြစ်နေတာ ကားခကို ဘယ်လိုတတ်နိုင်မလဲ” ဟု ပြောသည်။

အစိုးရအနေနှင့် ယင်းကိစ္စရပ်အား အမြန်ဆုံး ပြေလည်စေရန် ဖြေရှင်းသင့်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆို သည်။

ဧရာဝတီတိုင်း ဒေသကြီး၌ လက်ရှိကာလအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုများသာ ရှောင်တခင် အရေးယူမှုများ ရှိနေပြီး လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များအား စီမံချက်ဖြင့် ဖမ်းဆီးခြင်း မရှိသေးကြောင်း သိရသည်။

ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်နေသည့် ရဲအရာရှိ တဦးက “မတော်တဆမှု တခုခုဖြစ်ရင် ကျနော်တို့ ရဲတွေက သူတို့ လူမှု ရေး အသင်းတွေပဲ လှမ်းခေါ် အကူအညီ တောင်းရတာ။ လူနာတွေကို သူတို့ကိုယ်တိုင် လာသယ် အလောင်း လာကောက် တာတွေ လုပ်ပေးနေကြတာ။ သေမှုသေခင်းတွေမှာ ဆိုလည်း နံစော်နေတဲ့ အလောင်းတွေ သူတို့ပဲ လာသယ် ပေးကြတာ။ အဲဒီကားတွေ ဖမ်းရမယ်ဆို ကျနော်တို့ လုံးဝ မဖမ်းချင်ဘူး။ နိုင်ငံတော်အနေနဲ့ လူမှုရေး အသင်း အဖွဲ့တွေ အသုံးပြုနေတဲ့ လိုင်စင်မဲ့ကားတွေနဲ့ ပတ်သက်ပြီး အဆင်ပြေမယ့် မူဝါဒတခု အမြန်ဆုံး ချမှတ်သင့်တယ်လို့ ထင်တယ်” ဟု ပြောသည်။

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ကယားပြည်နယ် အစိုးရအဖွဲ့၏ ညွန်ကြားမှုဖြင့် ဇွန်လ ၆ ရက်မှ စတင်၍ ကယား ပြည်နယ် အဝင်အထွက် ဂိတ်များတွင် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ရာ စတင် ဖမ်းဆီးသည့် တရက်တည်း မှာပင် လိုင်စင်မဲ့ကား ၈ စီး ဖမ်းဆီးရမိခဲ့ပြီး ကားပိုင်ရှင်များအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူခဲ့ကြောင်း ကယား ပြည်နယ် အခြေစိုက် ကန္တာရဝတီတိုင်းမ် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading