သတင်း

ခြိမ်းခြောက်ခံရသဖြင့် ဦးကိုနီအား လုပ်ကြံဟု ကြည်လင်းပြော

Want create site? Find Free WordPress Themes and plugins.

ကိုယ်တိုင်နှင့်မိသားစုအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်ကာ ခိုင်းစေမှုများရှိခဲ့သည့်အတွက် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ကြည်လင်းက ယနေ့ရုံးချိန်းတရားခွင်တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ရုံးချိန်းတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ စွဲချက်ပြင်ဆင်မှုများအား မြောက်ပိုင်းခရိုင်တရားသူကြီးက အတည်ပြုဖတ်ပြခဲ့ပြီးနောက် ကြည်လင်းနှင့်အတူ ဖမ်းဆီးခံထားရသူများမှ ဦးကိုနီ သတ်ဖြတ်ခံရမှုတွင် အပြစ်မရှိကြောင်းလည်း ပြောဆိုခဲ့ကြသည်။

တရားလိုဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးနေလက “ သူရဲ့ (ကြည်လင်း)ပြောဆိုချက်က မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာနေတာပဲ၊ ဒါကိုသူဘယ်လိုချေပမလဲစိတ်ဝင်စားမှုရှိပါတယ်၊ သူ့ထွက်ဆိုချက်တွေကို ပြန်လှန်စစ်မေးဖို့ကိုလည်း အရမ်းပဲစိတ်ဝင်စားပါတယ်” ဟုပြောသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး တိုင်းတရားလွှတ်တော်က နောက်ဆုံးအတည်ပြုထားသည့် စွဲချက်များအရ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိချမှတ်နိုင်သည့် ပုဒ်မ ၃၀၂(၁)(ခ)/၃၄ဖြင့် စွဲချက်တင်ထားပြီး ဇေယျာဖြိုးအား ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့် စွဲချက်တင်ထားသည်။

လေဆိပ်အငှားယာဉ်မောင်း ဦးနေဝင်းသေဆုံးမှုတွင် ကြည်လင်းအား ပုဒ်မ ၃၀၂(၂)ဖြင့်လည်းကောင်း၊ လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် လက်နက်နှင့်ပတ်သက်၍ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)၊ ၁၉(စ) ဖြင့်လည်းကောင်း သီးခြားစွဲချက်တင်ထားသည်။

အမှုတွင် အောင်ဝင်းဇော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အောင်ဝင်းထွန်းကိုမူ ပုဒ်မ ၂၁၂ ဖြင့်စွဲချက်တင်ထားပြီး အာမခံပေးထားသည်။

အမှုနှင့်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဇေယျာဖြိုးက “ အဓိပ္ဗါယ်မရှိတာတွေ ဆုံးဖြတ်တဲ့အတွက် ဥပဒေရဲ့ အထက်မှာ တယောက်ယောက်ရှိနေတယ်လို့ ခံစားနေရတယ်၊သူတို့သာ ဥပဒေအတိုင်းဆုံးဖြတ်တယ်ဆိုရင် ရှင်းပါတယ်။ ဒီအမှုကြီးက ပြည်သူလူထုစိတ်ဝင်စားတဲ့အမှုကြီး၊ အဲဒီတော့ ပွင့်လင်းမြင်သာမှုရှိအောင် ကျနော်နဲ့ပတ်သက်တဲ့ ကျနော်တို့အားလုံးနဲ့ပတ်သက်တဲ့ တရားရုံးရဲ့ စစ်ဆေးချက်တွေကို မီဒီယာကနေတဆင့် ပြည်သူလူထုဆီချပြလိုက်ပါ” တရားရုံးမှအပြန်တွင် ပြောဆိုခဲ့သည်။

၎င်းစွဲချက်များနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများက ပြန်လည်ထုချေဖြေရှင်းရန်အတွက် တရားခံပြသက်သေများအနေဖြင့် ကြည်လင်းမှ ၁၀ ဦး၊ အောင်ဝင်းဇော်မှ ၁၂ ဦး၊ အောင်ဝင်းထွန်းမှ ၁၂ ဦးနှင့် ဇေယျာဖြိုးမှ ၁၆ ဦး တင်ပြထားကြောင်း သိရသည်။

အမှုနှင့်ပတ်သက်ပြီး ဆက်လက်စစ်ဆေးရန် လာမည့် ဇူလိုင် ၅ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုထားပြီး လုပ်ကြံသူ ကြည်လင်းအား စစ်ေးဆးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိစွဲချက်များနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက နေပြည်တော်တရားလွှတ်တော်ချုပ်ထံ ပြင်ဆင်မှုများ လျှောက်ထားရန် စီစဉ်လျှက်ရှိကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading