သတင်း

ကွတ်ခိုင်တွင် လက်နက်ကြီး ကျည် ထိ၍ ၇ ဦး ဒဏ်ရာရပြီး ၁ ဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နိမ်အွမ်ရွာ အတွင်း လက်နက်ကြီး ကျည် ထိ၍ ဒေသခံ ရွာသူရွာသား ၇ဦး ဒဏ်ရာရပြီး ကလေးငယ် ၁ ဦး သေဆုံး သွားသည်ဟု သတင်းရရှိသည်။

ပလောင် (တအန်း) ဥပဒေ အထောက်အကူပြု အဖွဲ့ (TLA) တာဝန်ခံ မိုင်းမျိုးအောင်က “ကလေးတယောက် ကတော့ ဆုံးသွားပြီ။ နောက်ထပ် ဒဏ်ရာပိုများတဲ့ သူတွေကို ဆေးရုံပို့ိုဖို့ ကွတ်ခိုင်ဘက်ကို လုပ်တယ်။ ဒါပေမယ့် စစ်တပ်က ပြည်သူ့ ဆေးရုံမှာ ဆေးကုသခွင့် မပြုဘူး။ ကွတ်ခိုင်ရဲ့ စစ်တပ်ဆေးခန်းမှာပဲ ကုသဖို့ မနက်က ခေါ်သွားတယ်”ဟု ပြောပြ သည်။

ယင်းလက်နက်ကြီး ကျည်သည် တပ်မတော်ဘက်က ပစ်ခတ်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ကွတ်ခိုင်မြို့နှင့် မန်နိမ်အွမ်ရွာသည် ဆိုင်ကယ်ဖြင့် သွားလျှင် တနာရီခန့် သွားလာရသည့် အကွာအဝေးတွင် တည်ရှိ ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်က တပ်မတော်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်ရာ မန်နိမ်အွမ်ရွာ အတွင်း ကျပြီး ဒေသခံ ၈ ဦးကို ထိခြင်း ဖြစ်သည်ဟု ဆိုသည်။

တပ်မတော်က ဒဏ်ရာ ရရှိထားသူများကို ဆေးကုရန် ခေါ်ဆောင်ရာ တဦးမှာ ဒဏ်ရာ မပြင်းထန်သဖြင့် ရွာတွင်သာ ကျန်နေခဲ့ပြီး ၆ ဦးကို ကွတ်ခိုင်မြို့သို့ ခေါ်ဆောင်သွားသည်ဟု မိုင်းမျိုးအောင်က ပြောသည်။

ခေါ်ဆောင်သွားသည့် ၆ ဦးတွင် ၃ ဦးမှာ ကွတ်ခိုင်မြို့ တပ်ဝင်းအတွင်း ကုသ၍ ရသော်လည်း ၃ဦးမှာ ဒဏ်ရာ ပြင်းထန် သဖြင့် လားရှိုးမြို့ ဆေးရုံသို့ ထပ်မံပို့ဆောင် နေရသည်ဟုလည်း သိရသည်။

မိုင်းမျိုးအောင်က “၃ယောက်က ဒဏ်ရာနည်းနည်း ပြင်းထန်တော့ လားရှိုးဆေးရုံကို လွှဲရမယ်လို့ သိရတယ်။ အခု ရောက် မရောက်တော့ မသိသေးဘူး။ မကြာခင် ကျနော်တို့ သွားမေးကြည့်ပါမယ်။ လားရှိုးကို လွှဲရင်လည်း စစ်တပ် ဆေးရုံပဲ လွှဲမယ်လို့ ကြားတယ်။ အသေးစိတ်တော့ မသိရှိရသေးပါဘူး”ဟု ပြောပြသည်။

ထိခိုက်ဒဏ်ရာ ရရှိထားသူများကို မိသားစုဝင်များက တွေ့ဆုံခွင့်ရပြီး ကွတ်ခိုင်မြို့နယ် ပလောင် (တအန်း) ရိုးရာ နှင့် စာပေ ယဉ်ကျေးမှု အဖွဲ့မှ တာဝန်ရှိသူများကလည်း လိုက်လံ ကူညီပေးနေကြောင်းလည်း မိုင်းမျိုးအောင်က ပြော သည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်ဘက်က တစုံတရာ ထုတ်ပြန် ပြောဆိုခြင်းကို မတွေ့ရှိရ သေးပေ။

ဧရာဝတီက ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို မေးမြန်းရာ သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က မန်နိမ်အွမ်ရွာ အတွင်း ဖြစ်ပွားသည့် လက်နက်ကြီး ပစ်ခတ်မှု မှာ တပ်မတော်က တဖက်သတ် ပစ်ခတ်ခြင်း ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း TNLA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွား ခြင်း မရှိကြောင်း ပြောဆိုသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီမနက်က တိုက်ပွဲဖြစ်တာ မရှိဘူး။ မနက်၆နာရီလောက်က တပ်မ ၈၈ က မန်နိမ်အွန် ရွာ ထိပ်ကို ရောက်တာ ကုန်းမှာေ နရာယူပြီး ရွာထဲကို လက်နက်ကြီး ၈ ကြိမ်လောက် ပစ်တယ်။ အရပ်သား ၈ဦး ထိတဲ့ အထဲမှာ တဦးက ဒဏ်ရာပြင်းလို့ ကွတ်ခိုင်ကို ပို့တုန်း လမ်းမှာ ဆုံးသွားတာ”ဟုလည်း ပြောပြသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA တို့ တိုက်ပွဲမဖြစ်ပွားသည်မှာ ၃ပတ်ခန့် ရှိပြီဖြစ်ကြောင်း၊ မန်နိမ်အွမ်ရွာ အတွင်း ယခင်ရက်များက TNLA တပ်ဖွဲ့ဝင်များ ဝင်ရောက်သွားလာမှု ရှိသော်လည်း ယနေ့ ပစ်ခတ်မှု ဖြစ်ပွားချိန် အတွင်း ရွာအတွင်း တပ်ဖွဲ့ဝင်များ မရှိကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

TNLA သတင်းနှင့် ပြန်ကြားရေး၏ သတင်း ထုတ်ပြန်ချက်တွင် လက်နက်ကြီးကျည် ထိမှန်သည့် ရွာသားများမှာ အသက် ၅၀ အရွယ် မားနည်းလှိုင်၊  အသက် ၃၈ နှစ်အရွယ် တားညီကြိမ် ၊ အသက် ၃၅ နှစ်အရွယ် မိုင်းအိုက်လူ၊ အသက် ၃၄ နှစ်အရွယ် ယာအေကြာ၊ အသက် ၂၁ နှစ်အရွယ် မိုင်းအိုကန့်၊ အသက် ၂၀ အရွယ် လွေးအီမြစိမ်း၊  အသက် ၈ နှစ်အရွယ် မိုင်းကိုကို နှင့် အသက် ၇ နှစ်အရွယ် မိုင်းညီညီတို့ ဖြစ်သည်ဟု ရေးသားထားသည်။

ထို ၈ ဦးမှာ ရွာအတွင်း နေထိုင်နေစဉ် တပ်မတော်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်စများ ထိမှန်ပြီး မျက်နှာ၊ လည်ပင်း၊ ခြေထောက်၊ ကျောကုန်း၊ လက် နှင့် ဝမ်းဗိုက် တို့တွင် ဒဏ်ရာများ ရရှိသွားကြခြင်း ဖြစ်သည်ဟုလည်း ပါရှိ သည်။

ထိခိုက်မိသည့် ၈ ဦးထဲမှ အသက် ၈ နှစ်အရွယ် မိုင်းကိုကိုမှာ ဆေးသရန် သွားစဉ် လမ်းတွင် သေဆုံးသွားခြင်း ဖြစ် ကြောင်း၊ ထိခိုက်ဒဏ်ရာ ရသူများထဲတွင် အမျိုးသမီးတဦးသည် ကိုယ်ဝန် ၈ လ လွယ်ထားရသူ ဖြစ်ကြောင်း၊ ထိုသို့ လက်နက်ကြီး ကျည်များ ကျသဖြင့် မန်နိမ်အွမ်ရွာအတွင်း အိမ်ခြေ ၁၀ လုံးခန့် ပျက်စီး သွားကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading