ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၈)သည် ဇွန်လ ၂၈ ရက်မှ စတင်၍ အသက်ဝင်ပြီ ဖြစ်ကြောင်း ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဇွန်လ ၂၈ ရက်၌ မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၈)ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အတည်ပြု လက်မှတ် ရေးထိုးပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအား လွဲပြောင်း ပေးအပ်သည့် အခမ်းအနား၌ ၎င်းက ပြောခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒီဇွန်လ ၂၈ ရက်ကနေ ဥပဒေရဲ့ အာဏာ သက်ရောက်မှုက စတင်တော့မှာ ဖြစ်ပါတယ်။ ဒီနေ့ လက်မှတ်ရေးထိုးမှုနဲ့ အတူ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ် နယ်ပယ် အသီးသီးကို ဆောင်ရွက်ကြမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ဌာနနယ်ပယ် အသီးသီးကို ဖိတ်ကာ စနစ်တကျ လက်မှတ် ရေးထိုးပြီး မြို့တော်ဝန်ကို ဥပဒေ အပ်နှင်း လိုက်တာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေကို ခေတ်နှင့် အညီ ပြင်ဆင်ပြီး ရန်ကုန်မြို့တော် စည် ပင်သာယာရေး ဥပဒေ ၂၀၁၈ အဖြစ် ဖေဖော်ဝါရီလ၂ ရက်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်ပြ ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေကို ဒုတိယ အကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ၅၁ ရက်မြောက်နေ့ ဖြစ်သော ဇွန်လ ၂၇ ရက်၌ ရန်ကုန်တိုင်း လွှတ်တော်က အတည်ပြုခဲ့ပြီး ယင်းဥပဒေတွင် ပုဒ်မပေါင်း ၃၃၇ ခု၊ အခန်းပေါင်း ၃၁ ခန်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်ပေါင်း ၁၆၈ ခု ပါဝင်ကြောင်း သိရသည်။
ဝန်ကြီးချုပ်က “မြို့တော်သူ မြို့တော်သား၊ အစိုးရအဖွဲ့ အားလုံးဟာ ဒီဥပဒေနဲ့ အညီ ရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုးတိုး တက်ရေး အတွက် တည်ဆောက်ရမှာ ဖြစ်တယ်။ ဒီတည်ဆောက်ရေးက ကဏ္ဍနယ်ပယ် အသီးသီးက ပါဝင်ကြရမှာ ဖြစ်ပါတယ်။ အားလုံးက ဒီဥပဒေနဲ့ အညီ နေထိုင်ဆောင်ရွက်ကြရမယ့် အချိန်ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်က “ဒီဥပဒေက အစိုးရသစ်ရဲ့ သမိုင်း စာမျက်နှာသစ်လည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အနာ ဂတ် ပေါ်ထွန်းလာမယ့် ပုံသဏ္ဌာန် တရပ်လည်း ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုပေါင်း များစွာရှိပါတယ်။ တာဝန်ခံ အဖွဲ့ ၇ ဖွဲ့ ပေါ်လာမှာ ဖြစ်ပြီး ဌာနကြီး ၃ ခု နဲ့ မြို့တော် စည်ပင်သာယာကို ထိန်းညိုသွားမှာ ဖြစ်တယ်” ဟုလည်း ပြောသည်။
ယင်းဥပဒေ ပေါ်ထွန်းရန်အတွက် လေ့လာဆောင်ရွက်စဉ် ကာလအတွင်း၌ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့တွင် လေ့လာမှုများ ပြုလုပ်ခဲ့ရကြောင်းနှင့် အဆိုပါ ဥပဒေမှာ ရန်ကုန်မြို့တော်၏ စီးပွားရေးကို အဓိက မောင်းနှင်သွားမည့် ဥပဒေလည်း ဖြစ် ကြောင်း ဝန်ကြီးချုပ် က ဆိုသည်။
နောက်ပိုင်း၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၈) ကို နိုင်ငံတကာ နှီးမြှုပ်နှံသူများ လေ့လာနိုင်ရန် အတွက်လည်း အင်္ဂလိပ် ဘာသာဖြင့် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “အခု ဥပဒေသစ်က ဌာန ၁၀ ခုရှိမယ်ဆိုတဲ့ အတွက်ကြောင့် လုပ်ရကိုင်ရ ပိုပြီး လွယ်ကူမယ်။ အရင် စည်ပင်ရဲတွေရဲ့ လုပ်ပိုင်ခွင့် အားနည်းနေတာတွေ ရှိတယ်။ အခု ရဲတယောက်ရဲ့ လုပ်ပိုင်ခွင့် အပြည့်ရအောင် လုပ်တဲ့သဘော ပါရှိတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “အထူးသဖြင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကို အလေးထားဆွဲပြီးပါပြီ။ ဒီမိုကရေစီ နည်းကျကျ မဲဝယ်လို့မရ အောင်ကိုရေးဆွဲထားပါတယ်။ မဲဝယ်လို့မရအောင် ဆိုတာက လူဦးရေ ဘယ်လောက်ပဲရှိရမယ်။ တအိမ် ထောင်ဘယ်လောက်ပဲ ပေးခွင့်ရှိတယ်ဆိုရင် ဒီအိမ်ထောင်စည်းရုံးရင် သူက မဲရသွားမယ်။ အခုက လူတိုင်းကို မဲပေးခွင့် အဆင့်ထားတော့ ဒီအလွဲသုံးစားမှု မလုပ်နိုင်ဘူး။ ဒါကို ပြောတာ” ဟု ဆိုသည်။
လက်ရှိ၌ ဥပဒေ အတည်ပြုပြီးပြီ ဖြစ်သောကြောင့် ဒုမြို့တော်ဝန် ရွေးကောက်ပွဲကို အမြန်ဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။