ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် အိန္ဒိယ အစိုးရ၏ အကူအညီ အမေရိကန် ဒေါ်လာ ၂၅ သန်းကို ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်သို့ မထည့်သွင်းဘဲ ရခိုင်ဒေသ ဖွံ့ဖြိုးရေး အတွက် သီးသန့် ထားပေးရန် လိုအပ်ကြောင်း ရခိုင် လွှတ်တော် ကိုယ်စားလှယ်များက ပြောဆို ကြသည်။
ယင်း အကူအညီကို ၃ နှစ်အတွင်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် သံုံးစွဲမည် ဖြစ်ရာ ပထမဆုံးနှစ်တွင် ဒေါ်လာ ၅ သန်း စတင်သုံးစွဲ မည်ဟု သိရကြောင်း၊ သို့သော် ယင်းအသုံးစရိတ်များကို ရခိုင်ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရ ဘတ်ဂျက် ထဲ သို့ ထည့်သွင်းထား သည်ဟု ယခုလအတွင်း နေပြည်တော်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတခုမှ သိရှိခဲ့ရကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ဧရာဝတီကို ပြောပြသည်။
“အဲဒီ ဒေါ်လာ ၅ သန်းက သမ္မတရဲ့ သီးသန့် ရန်ပုံငွေလိုမျိုးပဲ ဖြစ်သင့်တယ်။ အဲဒါမှ လူထုက လက်ခံနိုင်မယ် ဆိုတဲ့ သဘော မျိုး ရှင်းပြခဲ့ တယ်။ အဲဒါကို သူတို့က ပြည်ထောင်စု ဘဏ္ဍာထဲကို ထည့်မယ်ဆိုတာမျိုး ပြောတယ်။ အဲဒါကို မဖြစ်သင့်ဘူး ဆိုတာ ပြောခဲ့တယ်။ လို အပ်ရင် လွှတ်တော်မှာ ဖြည့်စွက် ဘတ်ဂျက်တင်တဲ့ အခါပြောမယ်”ဟုလည်း ၎င်းက ဆိုသည်။
ယင်းငွေများသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် သီးသန့် သုံးစွဲခွင့်ရမှသာ အိန္ဒိယ အစိုးရ၏ အကူအညီဟု ပြောဆိုနိုင်မည် ဖြစ်ပြီး ပြည်ထောင်စု ဘတ်ဂျက်ထဲမှ သုံးစွဲရမည် ဆိုပါက ထောက်ပံ့ငွေဟု မဆိုနိုင်တော့ကြောင်း ထို့ကြောင့် ပြည်နယ်နှင့် ပြည်ထောင်စု အသုံး စရိတ်ထဲသို့ မထည့်သွင်းရန် ပြောဆိုခဲ့ကြောင်းလည်း သိရသည်။
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကလည်း “ကျနော်တို့ ဖြစ်ချင်တာက မနှစ်က ကျပ် ဘီလီယံ ၁၈၀ ရတယ်။ ဒီ နှစ်လည်း ၁၈၀ ရတယ် ဆိုရင် ဘာမှမထူးဘူး။ ဒေါ်လာ ၂၅ သန်းကို သပ်သပ် ပေးတာမျိုး ဖြစ်သင့် တယ်။ အဲဒီလို မဟုတ်ဘဲ ၂၅ သန်းကို ၁၈၀ ထဲ ပေါင်းထည့် ပေးလိုက်ရင်တော့ အိန္ဒိယ အကူအညီက ဘာမှထူးခြားတဲ့ အကူ အညီမျိုး ဖြစ်မှာ မဟုတ်ဘူး”ဟု ပြောသည်။
ထို့ပြင် ယင်းဖွံ့ဖြိုးရေး အကူအညီများသည် ဒေသအားလုံး အတွက် သာတူညီမျှ ရရှိခြင်းမျိုး မရှိဘဲ ရခိုင်ပြည်နယ်ရှိ မြို့ကြီး များ၊ ခရိုင်မြို့ ကြီးများက ပိုမိုရရှိနေကြောင်း၊ တချို့မြို့နယ်များ ဆိုလျှင် အကူအညီပင် မရကြောင်း၊ အစိုးရက အမှန်တကယ် သုံးစွဲရမည့် ဘတ်ဂျက်ကို မသုံးစွဲဘဲ အိန္ဒိယက ကူညီသည့် ငွေဖြင့် အစားထိုးလိုက်ခြင်း ဖြစ်ကြောင်းလည်း ရခိုင် အမတ်များ က ပြောဆိုကြသည်။
“ခြုံပြီး ပြောရရင် မြို့နယ်တိုင်း အညီအမျှ မဖြစ်ဘူးပေါ့။ သူတို့ပေးချင်တဲ့ မြို့နယ်ကျတော့ အများကြီး ပေးပြီးတော့ တချို့ မြို့နယ် ဆိုရင် လုံးဝ မပါတာမျိုးတွေလည်း ရှိတယ်။ ပြည်နယ် အစိုးရက မြို့နယ်ကနေ တက်လာတဲ့ ကျနော်တို့ တင်ပြတဲ့ အမှုတွဲတွေကိုလည်း မသုံး ဘူး။ ပြည်ထောင်စုက ချပေးတာကိုပဲ သုံးတယ်။ အဲဒီ ၅ သန်းက ပြည်ထောင်စု အစိုးရက ခိုင်းတာ နဲ့တင် ကုန်နေရော။ ကျနော်တို့ တင်ပြ လိုက်တဲ့ စာအုပ်က ဒီနေရာမှာ ဖွင့်ခွင့်တောင် မရရှာဘူး”ဟု ရခိုင် အမျိုးသား ပါတီ (ANP) ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် လည်း ဖြစ်သူ ဦးဖေသန်းက ပြောဆိုသည်။
ယခု အစိုးရ စီစဉ်ပေးမည့် အိန္ဒိယ အကူအညီသည် ရခိုင်ပြည်နယ် တခုလုံးအတွက် ၅ နှစ်စာ အစီအစဉ် ရေးဆွဲထားသော် လည်း ယခု အခါတနှစ်ချင်းအလိုက် ပြန်လည် ရေးဆွဲနေ၍ မည်သည့် မြို့နယ်က မည်မျှရသည်ကို ပြောရခက်ကြောင်း၊ ယခင် က လျာထားချက်များ အရ ဂွမြို့နယ်တွင် ကျပ်သိန်း ၃၃၀၀၀ ခန့် သုံးစွဲမည်ဟု သိရှိထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဂွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေကလည်း ပြောသည်။
“အရင်က ၁ မြို့နယ်လုံးအတွက် သိန်းပေါင်း ၃၃၀၀၀ မှာ ဂွဘက်ခြမ်းမှာ သိန်း ၃၀၀၀၀ လောက်သုံးတယ်။ ကျိန္တလီဘက် ခြမ်း မှာ ၃၀၀၀ ပဲ သုံးထားတယ်။ အဲဒီကိစ္စကို နေပြည်တော်မှာ ဆွေးနွေးလိုက်တဲ့အခါ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက လောလောဆယ် ဒီဟာကို ပယ် ဖျက်လိုက်တယ်။ ဘာကိုပဲ အတည်ပြုလိုက်လဲဆိုရင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးမှာ မူကြိုကျောင်း တခုစီ ဆောက်ပေးမယ်”ဟု ၎င်းက ဆိုသည်။
ဦးမြင့်ဝေက ဆက်လက်၍ “အားလုံးက ချိန်ခွင်နဲ့ ချိန်သလိုတော့ အညီအမျှ ဘယ်ရမလဲ။ ဥပမာ ဘာသာရေးနဲ့ ပတ်သက် ပြီးတော့ အဆောက် အအုံ တွေ ပြင်ဆင်မယ်၊ မွမ်းမံမယ်ဆိုရင် မြောက်ဦးလို နေရာမျိုးမှာ ဘတ်ဂျက် တောင်းလာရင် တို့က သဘောတူပေးမယ်။ ငပလီလို ကမ်းခြေမျိုး ဂွတို့လို ဟာမျိုးတွေ သာယာလှပဖို့ ဆိုရင် ကျန်တဲ့သူတွေကလည်း သဘောတူ ပေးကြမှာပေါ့” ဟုလည်း ပြောဆို သည်။
အစိုးရ၏ ပထမ အစီအစဉ်မှာ ကိုယ်စားလှယ်များ၏ ကန့်ကွက်ချက် တချို့ကြောင့် ပြန်လည် သုံးသပ်မှုများ ရှိနေပြီး အောက် ခြေမှ ကိုယ် စားလှယ်များ၏ သဘောတူညီချက်ဖြင့် ပြန်လည် တင်ပြရန် ညွှန်ကြားချက်များ ရှိကြောင်း၊ ပြည်သူအတွက် တိုက်ရိုက် အကျိုးမရှိနိုင်သည့် စီမံကိန်းများကို ပြန်လည် သုံးသပ်နေကြောင်းလည်း သိရသည်။