စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာ နယ်မြေအတွင်း တပိုင်တနိုင် လုပ်ကွက်များကို တင်ဒါခေါ်လျက်ရှိရာ လျှောက်ထား သူ ၂၀၀ ခန့် ရှိပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။
တင်ဒါခေါ်ယူမှုနှင့် ပတ်သက်၍ မေ ၂၈ ရက်က နိုင်ငံပိုင် သတင်းစာထဲတွင် ကြော်ငြာခဲ့ကာ ဇူလိုင်လဆန်းတွင် ရွေးချယ် သွားမည် ဖြစ်ပြီး လုပ်ကွက်ပေါင်း ၃၀၃ ကွက် အတွက် တင်ဒါခေါ်ယူထားရာ လူတဦးလျှင် လုပ်ကွက် ၃ ခု လျှောက်ခွင့်ရ ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးကမ်ဇာမုံက ဧရာဝတီ ကို ပြောသည်။
“ဒါပထမဆုံး အကြိမ်ပဲ။ အဓိကတော့ အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းတာတမျိုး နောက်တခုက ဒီ ခန္တီးနယ်မြေကို ရေမ ဆေးကျောက်သမားတွေ ကျူးကျော်တာ ပြန်လည် ဖြေရှင်းတဲ့အနေနဲ့ တရားဝင်ချပေးတဲ့သဘော”ဟု ၎င်းက ရှင်းပြ သည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့ တရားဝင်ချပေးလိုက်ခြင်းအားဖြင့် ခိုး၍ တူးဖော်မှုများလျော့နည်းသွားမည် ဖြစ်ပြီး စည်းကမ်းတကျ ဖြစ်သွားသည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အထောက်အကူပြုမည်ဟု မျှော်လင့် ကြောင်း ပြောဆိုသည်။
တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် “တိုင်းဒေသကြီး ဓာတ်သတ္တုအသေးစားနှင့် လက်လုပ် လက်စား လုပ်ကွက် စိစစ် ချထား ပေးရေးအဖွဲ့” ကို မေလအတွင်းက ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် ဝန်ကြီး ဦးကမ်ဇာမုံက ဥက္ကဋ္ဌအဖြစ် တာဝန် ယူ ထားသည်။
လုပ်ကွက် ၁ ကွက်လျှင် တဧက ကျယ်ဝန်းပြီး အများဆုံး လုပ်ကွက် ၃ ကွက်အထိ လျှောက်ထားနိုင်ကြောင်း၊ ဒေသခံ များ ကို ဦးစားပေး ခွင့်ပြုမည်ဖြစ်ပြီး လုပ်ငန်းရှင်များကို ခွင့်ပြုမည် မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။
ခန္တီး ရတနာနယ်မြေ အပါအဝင် ဖားကန့် လုံးခင်း၊ မော်လူးမော်ဟန်၊ မိုးကုတ်နှင့် မိုင်းရှူးတို့တွင်လည်း တပိုင်တနိုင် လုပ်ကွက်များ ခွင့်ပြုပေးတော့မည် ဖြစ်ပြီး ရှေ့ပြေးအနေဖြင့် ခန္တီးရတနာနယ်မြေတွင် ပထမဆုံး ခွင့်ပြုပေးရန် စီစဉ် နေခြင်း ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း က ဘီဘီစီ ကို ပြောဆို ထားသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ အသေးစိတ် သိနိုင်ရန် ဧရာဝတီက ဦးအောင်ညွန့်သိန်းကို ဆက်သွယ် မေးမြန်းရန် ကြိုးပမ်း သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ယင်းကဲ့သို့ ခန္တီးရတနာနယ်မြေအတွင်း တပိုင်တနိုင် လုပ်ကွက်များချပေးပြီး ဒေသခံများအတွက် အလုပ်အကိုင် ဖန်တီး ပေး ခြင်းသည် ကောင်းမွန်သော်လည်း လုပ်ကွက်တကွက်(တဧက)လျှင် ကြမ်းခင်းဈေး ကျပ် ၅ သိန်း ဖြစ်နေ သော ကြောင့် လက်လုပ် လက်စား ဒေသခံများအတွက် အခက်အခဲရှိကြောင်း ဒေသခံတဦးဖြစ်သူ ကိုအောင်စန်းမြင့်က ဧရာဝတီ ကို ပြောသည်။
“လက်လုပ် လက်စားတွေ ဆိုတော့ တင်ဒါစနစ်ဖြစ်တဲ့အတွက် တချို့ မတတ်နိုင်ဘူး။ ၅ သိန်းကို ပိုပေးနိုင်သူက ရလိမ့် မယ်။ အခုဆို ခန္တီးဒေသခံ အစစ်က လျှောက်ထားတာ နည်းတယ်။ ဖားကန့်၊ မန္တလေးဘက်ကသူတွေ လာလျှောက်တာ ပိုများတယ်” ဟု ၎င်းက ဆိုသည်။
လုပ်ကွက် လုပ်ပိုင်ခွင့်သည် သက်တမ်း ၁ နှစ်သာရှိပြီး ဥပဒေအရ စက်ယန္တရားကြီးများ အသုံးပြုခွင့်မရှိသောကြောင့် နယ် မြေ အနေအထားအရ အခက်အခဲရှိကြောင်း၊ လုပ်ကွက်နေရာများတွင် ကျောက်ထက် ရွှေထွက်နိုင်သည့် အနေ အထား ပိုရှိကြောင်း ကိုအောင်စန်းမြင့် က ရှင်းပြသည်။
ဝန်ကြီး ဦးကမ်ဇာမုံ ကလည်း“အခု လုပ်ကွက် ၃၀၃ ကွက်တင်ထားတဲ့နေရာမှာ ရွှေတွေလည်း ထွက်တယ်ပြောတယ်။ ကျောက်တူးရင်းနဲ့ ရွှေတွေ့လို့ရှိရင် အဲဒါတော့ တမျိုးစီစဉ်ပေးရမယ့် သဘောရှိတယ်။ လောလောဆယ်တော့ ကျောက်စိမ်း ပါပဲ”ဟု ပြောသည်။
တိုင်းဒေသကြီး လုပ်ကွက် စိစစ်ချထားပေးရေး အဖွဲ့သည် ဓာတ်သတ္တုခွင့်ပြုမိန့် လျှောက်ထားလာမှုများကို မြန်မာ့ သတ္တု တွင်း ဥပဒေ၊ နည်းဥပဒေများပါ သတ်မှတ်ချက်များနှင့်အညီ စိစစ်တင်ပြသွားမည် ဖြစ်ပြီး နည်းဥပဒေ သတ်မှတ် ချက်များနှင့် အညီ အခွန်အခများကိုလည်း စည်းကြပ် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။