ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ်တောင်မြို့နယ် ကောင်းခါးကျေးရွာရှိ ကချင်ခရစ်ယာန် အဖွဲ့ ချုပ်(KBC) ဝန်း အတွင်း သာသနာပြု လုပ်အားပေး ကျောင်းဆရာမ ၂ ဦး အဓမ္မပြုကျင့် အသတ်ခံရ မှုတွင် တပ်မတော်ကို စွပ်စွဲနေကြ သော်လည်း စုံစမ်းစစ်ဆေး ကြည့် သည့်အခါ ကချင် လွတ်မြောက် ရေး တပ်မတော် (KIA)၏ လက်ချက်ဟု တွေ့ရကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မနေ့ ဇွန်လ ၂၈ ရက်က နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာတွင် မြန်မာနိုင်ငံ သတင်း မီဒီယာကောင် စီ(PC) တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကချင်ပြည်နယ်က ကျောင်းဆရာမ ၂ ယောက် ကိစ္စ၊ ဒီကိစ္စအပေါ်မှာ စွပ်စွဲတယ်။ သေသေချာချာ စစ် ဆေးကြည့်တဲ့အခါ KIA ထဲက အမျိုးသား ၂ ယောက်ကပဲ သတ်သွားတာ ဖြစ်တယ်။ တပ်မတော်နဲ့ မဆိုင်ဘူး။ အဲဒီ ၂ ယောက်ကလည်း KIA ထဲကိုပါသွားတယ်။ ဒီဘက်မှာ မရှိဘူး။ သူတို့လည်း ဒါကို အတော်လေး စီစစ်တယ်ဆိုတဲ့ အကြောင်းပြောပါတယ်”ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ PC ဒုတိယ ဥက္ကဌ ဦးအုန်းကြိုင်က ပြောသည်။
ယင်းဖြစ်စဉ် အပါအဝင် တချို့ သတင်းများသည် တပ်မတော်အပေါ် စွပ်စွဲနေသော်လည်း မှားယွင်း နေသည့် ဆိုသည့် အကြောင်းကို တပ်မတော်ခေါင်းဆောင်က ရှင်းပြခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ခိုင်မာသည့် သက်သေအထောက်အထားများ တပ်မတော်တွင် ရှိနေသည်ဟု ပြောကြောင်း ဦးအုန်းကြိုင်က ပြောသည်။
အသက် ၂၀ အရွယ်ခန့် ရှိနေပြီ ဖြစ်သည့် ကချင် တိုင်းရင်းသူ မရန်လုရာနဲ့ တန်ဘောင်ခေါန်နန်စင့် တို့သည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် အဓမ္မကျင့် အသတ်ခံရခြင်းဖြစ်ပြီး ဖြစ်ပွားစဉ် တပ်မတော် တပ်ရင်း ခမရ(၅၀၃) တပ်စွဲ ထားသည့် အချိန်နှင့် တိုက်ဆိုင်နေ၍ ဒေသခံ များက တပ်မတော်အပေါ်တွင် စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။
သို့သော် KBC မှ တာဝန်ခံတဦး ဖြစ်သူ ဦးခါးလီက ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် တပ်မတော် တပ်ရင်းများ စခန်းချ၊ တပ်စွဲထားသည့် နေရာသို့ KIA က ဝင် ရောက်လာပြီး ရွာထဲရှိ မိန်းကလေးများကို မုဒိမ်း ကျင့် သတ်ဖြတ်သည်ဆိုသည်မှာ မဖြစ်နိုင်ဘဲ ထိုကဲ့သို့ ကောက်ချက်မချနိုင်ကြောင်း၊ မယုံ ကြည်နိုင် ကြောင်း၊ ယင်းအမှု တရားမျှတမှု ရရှိစေရန် ရှမ်းပြည်နယ်မှ ရှေ့နေအဖွဲ့များနှင့် ဥပဒေနည်းလမ်း အတိုင်း ဆက်လက်ဖော်ထုတ်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒီရွာထဲမှာ လက်နက်အပြည့်အစုံ ရှိနေတဲ့အချိန်မှာ KIA က ဝင်ပြီးတော့ မုဒိမ်းကျင့်ပြီး သတ်လိုက် တယ်ဆိုတာကတော့ ဒါမျိုးကျ သိပ်သဘာဝမကျဘူးလို့ မြင်ပါတယ်။ အခုနောက်ပိုင်း ရဲက ခေါ်စစ်တာ မျိုးလည်း မကြားတော့ဘူး။ မဖော်ထုတ်နိုင် တဲ့အခါကျတော့ သတင်းတွေထဲမှာလည်း ပါနေသလို ကျူးလွန်တဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာ လူတိုင်း သိပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းဖြစ်စဉ်ကို အမှုမှန်ပေါ်ပေါက်အောင် စုံစမ်း ဖော်ထုတ်ပေးရန် ဒေသခံများက ဆန္ဒထုတ်ဖော်ခြင်း၊ မြန်မာနိုင်ငံ အမျိုး သမီးအဖွဲ့များ ကွန်ရက်၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ အမျိုးသမီးများ အဖွဲ့ ချုပ်(မြန်မာနိုင်ငံ)တို့က ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး တောင်းဆို မှုများ၊ ကြေညာချက် ထုတ်ပြန်မှုများ ပြုလုပ်ခဲ့ဖူးသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်တခုကို ကြူကုတ်မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲစခန်းမှူး၊ မုံးပေါ် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်နှစ်ခြင်းအသင်းတော်(KBC)မှ သင်းအုပ်ဆရာ များဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သော်လည်း ယနေ့အချိန်ထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိဘဲ အဆိုပါအမှုကို ပန်ဆိုင်းမြို့နယ် ရဲစခန်းတွင် (၄/၂ဝ၁၅)ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃ဝ၂အရ အမှုဖွင့်ထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – ကချင်ကျောင်းဆရာမ နှစ်ဦး မတရားပြုကျင့် သတ်ဖြတ်သူများ မဖော်ထုတ်နိုင်သေး