အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက ရပ်ရွာလူထု အသိုင်းအဝိုင်းများမှာ အရေးပေါ် အကူအညီ လိုအပ်နေသေးကြောင်း ဇွန်လ ၂၈ ရက်နေ့က အပြည် ပြည်ဆိုင် ရာကြက်ခြေနီကော်မတီ (ICRC) က ထုတ်ပြန်လိုက်သည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ( ICRC ) ဥက္ကဌ Mr.Peter Maurer သည် ရခိုင်ပြည်နယ်ရှိ ICRC ၏ လူသား ချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများကို ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၃ ရက်တာ ကြည့်ရှု့လေ့လာပြီး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယနေ့ မွန်းလွဲပိုင်းက ICRC ဥက္ကဌ သည် အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မောင်တောဒေသတွင်း ကူညီထောက်ပံ့ရန် လိုအပ်နေသေးသည့် အခြေအနေများကို စစ်တွေ လေဆိပ်တွင် သတင်းမီဒီယာများ နှင့်တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။
“မေးခွန်းထုတ်ဖို့ မလိုတဲ့ အချက်တချက်က ကျနော်တို့ လုပ်ငန်းတွေကို ထပ်မံ တိုးချဲ့ဖို့ လိုတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါ တယ်။ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်မှုရှိတယ်၊ လူတွေလည်း ထိခိုက်မှု ရှိတယ် ။ ICRC အနေနဲ့ အဓိကဆောင်ရွက်ဖို့ လိုတာကတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခြေခံအချက်တွေကို အထောက်အကူပြုစေတဲ့ အရာ တွေကို ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ၎င်းက သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ICRC ဥက္ကဋ္ဌသည် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့သွားရောက်ကာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ လိုအပ်နေသည့် ရခိုင်၊ ဟိန္ဒူ၊ မွတ်စလင်စသည့် ရပ်ရွာလူထုအသိုင်းအဝိုင်းမှ ရပ်ဖိရပ်ဖများနှင့်လည်း တွေ့ဆုံခဲ့ ကြောင်းသိ ရသည်။
“လူတွေရဲ့ အဖြစ်အပျက် အပျက်ကို ကြားသိလိုက်ရတာ ကျနော်အရမ်း စိတ်မကောင်း ဖြစ်မိတယ် ၊ လူပေါင်းများစွာ နေရပ်စွန့်ခွာစေခဲ့တဲ့ အကြမ်းဖက်မှုအပြီး ဆယ်လကြာလာချိန်အထိ အရေးပေါ် အကူအညီ လိုအပ်နေတုန်းပါ”ဟု ICRC ဥက္ကဌ Mr. Peter Maurer က သူ၏တွေ့ရှိချက်များကို ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
၎င်းသည် ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက ရခိုင်အ မျိုးသားပါတီမှ ခေါင်း ဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ယနေ့ ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း တွင် စစ်တွေ ဟိုတယ်၌ စစ်တွေအရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
စစ်တွေအရပ်ဘက် လူမှုအဖွဲ့အစည်းမှ ဦးသန်းထွန်းက “ကျနော်တို့ဘက်က ဆွေးနွေးတာကတော့ ICRC အဖွဲ့အနေနဲ့ ပွင်းလင်းမြင်သာမှု ရှိဖို့လိုတယ်၊ အကူအညီပေးတဲ့အခါ သာတူညီမျှရှိမှုနဲ့ အခွင့် အရေးအတူတူ ရရှိဖို့ လိုအပ်ပါတယ်၊ ICRC အနေနဲ့ ဘက်လိုက်မှု၊ တဘက်သတ်အကူအညီ ထောက်ပံ့မှုမျိုးတွေကို မလုပ်ကြပါနဲ့ အဲဒါတွေကို တင်ပြဆွေးနွေးခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်မှု၏ ကြောက်ဖက်ဖွယ်ကောင်းသော အကျိုးဆက်များသည် ရပ်ရွာလူထု၏ လူနေမှုဘဝ နှင့် စီးပွားရေး လုပ်ငန်း များအပေါ် အဖက်ဖက်မှ ထိခိုက်မှုများ ရှိခဲ့ကြသည်ကို နားလည်ရန်လိုအပ်ပြီး ၎င်းသွားရောက်ခဲ့သည့် ငခူရကဲ့သို့ ကျေးရွာ တရွာတွင် လူဦးရေ၏ လေးပုံတပုံသာ ကျန်တော့သည့် အတွက် စီးပွားရေး လုပ်ကိုင်ကြသည့် ဈေးဆိုင်များက အလုပ်မဖြစ် ကြတော့ကြောင်းလည်း ICRC ဥက္ကဌ Peter Maurer က ခရီးစဉ်တွင် တွေ့ရှိချက်များကို ထုတ်ပြန်ရေးသားခဲ့သည်။
“ယေဘုယျ လုံခြုံရေး အခြေအနေကလည်း ခက်ခဲပါတယ် ၊ လူတွေဟာ လယ်ယာလုပ်ဖို့ လယ်ကွင်း တွေထဲ မသွားကြ တော့ပါဘူး၊ ဈေးတွေကိုလည်း မသွားကြတော့ဘူး ၊သူတို့ဟာကြံ့ကြံ့ခံနိုင်စွမ်း လုံးဝမရှိကြဘဲ ကူညီ ထောက်ပံ့မှုတွေကိုပဲ အားကိုးနေဆဲပါ” ဟု လည်းဆိုသည်။
ရခိုင်ပြည်နယ်ခရီးအတွင်း ICRC ဥက္ကဋ္ဌသည် လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အထား အကူ အညီများလိုအပ်နေ သည့် ရပ်ရွာလူထု အသိုင်းအဝိုင်းများနှင့် လည်းကောင်း ၊ အစိုးရ ကိုယ်စား လှယ်များ နှင့်လည်းကောင်း တွေ့ဆုံခဲ့ကာ ယနေ့ညနေ မွန်းလွဲပိုင်းတွင် ခရီးစဉ်ကို အဆုံးသတ် လိုက်ပြီး လေကြောင်းဖြင့် စစ်တွေမှ ပြန်လည်ထွက်ခွာခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင်မြို့နယ်များတွင်း သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်အတွင်းက လူပေါင်း ၁ သိန်း ၈ သောင်း ကျော်ကို ကြက်ခြေနီလှုပ်ရားမှုအဖွဲ့ Red Cross Movement ( RCM )က ကူညီထောက်ပံ့မှုများကို ပေးနိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်တီ ( ICRC ) စစ်တွေရုံးခွဲမှ သိရသည်။
အဆိုပါ ကြက်ခြေနီလှုပ်ရှားအဖွဲ့ Red Cross Movement ( RCM ) တွင် အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီ ( ICRC ) ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ( MRCS ) ၊ အပြည်ပြည် ဆိုင်ရာ ဖက်ဒရယ်ရှင်း ( IFRC ) စသည့် အဖွဲ့ ၃ ဖွဲ့ပါဝင်သည်။